ဩဂုတ်-၁၊၂၀၂၅။ရောင်နီ/People’s Spring
ရန်ကုန်မြို့ရှိ မြို့နယ်နှစ်ခုတွင် ဇူလိုင် ၃၁ရက်ညပိုင်းက ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး ဒဏ်ရာရရှိသူ လေးဦးရှိကြောင်း Yangon Rescue Organizationက အသိပေးထားသည်။
ဇူလိုင် ၃၁ ရက် ည ၁၀နာရီခွဲခန့်တွင် ဗိုလ်တထောင်မြို့နယ် ၄၇လမ်း နှင့် ၄၈လမ်းကြား မဟာဗန္ဓုလလမ်းမပေါ်၌ အိမ်စီးကားနှစ်စီးနှင့် အငှားယာဉ်တစ်စီး ယာဉ်တိုက်မှုဖြစ်ခဲ့ကြောင်း YRO က သတင်းဓာတ်ပုံများနှင့် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်သို့ ရှင်သန်ရေး ကူညီမှုအသင်း နှင့် ဖြူစင်နှလုံးသား နာရေးနှင့်လူမှုကူညီရေးအသင်းတို့ သွားရောက်ကူညီပေးခဲ့ပြီး ဒဏ်ရာရရှိသူ အမျိုးသားနှစ်ဦး နှင့်အမျိုးသမီးတစ်ဦးရှိသည်ဟု ဆိုသည်။

Public Service Announcement
ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးအနက်အမျိုးသားနှစ်ဦးသည် မစိုးရိမ်ရဒဏ်ရာများရရှိခဲ့ပြီး အမျိုးသမီးသည် စိုးရိမ်ရကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။
“မိန်းကလေးက ဦးခေါင်းလန်၊ မျက်နာပေါက်ပြဲ။ကျားလူငယ်လေးမျက်ခုံးကွဲ၊ကျားနောက်တစ်ယောက်က ခါးနာ ခေါင်းပွန်းပဲ့”ဟု ရှင်သန်ရေး အသင်းတာဝန်ရှိသူက ၎င်း၏ ဖေ့စ်ဘွတ်ခ်၌ရေးသားထားသည်။
ဒဏ်ရာရရှိသူများကို လူမှူကူညီရေးအသင်းများက မြေပြင်ပြုစုမှုပြုလုပ်ပေးခဲ့ပြီး ရှင်သန်ရေးကူညီမှုအသင်း၏ လူနာတင်ယာဉ်ဖြင့် လမ်းမတော်မြို့နယ်ရှိအထွေထွေရောဂါကုဆေးရုံ သို့ အသက်ရှင်လျက်ပို့ဆောင်ပေးခဲ့သည်ဟုဆိုသည်။
ယင်းယာဉ်တိုက်မှုတွင် Crownအမျိုးအစား ယာဉ်သည် ကားအရှေ့ပိုင်းအားလုံး ပျက်စီးနေသည်ကို တွေ့မြင်ရပြီး ယင်းကားသည် လမ်းပေါ်၌ အငှားယာဉ်ကိုတိုက်မိကာ ဆက်လက်၍ လမ်းဘေး၌ ရပ်ထားသည့် အခြားကားသုံးစီးကိုပါ တိုက်ခဲ့ကြောင်း ရန်ကုန်မြို့၌ ဖြစ်ပွားသည့် ယာဉ်တိုက်မှုများကို ဖော်ပြပေးနေသည့် တိုက်ကြေကား Group၌ ဓာတ်ပုံများနှင့်အတူ ဖော်ပြထားသည်။
ယင်းဖြစ်စဉ်နှင့် တစ်ချိန်တည်း၌ ပန်းပဲတန်းမြို့နယ် ကုန်သည်လမ်းနှင့် ဆူးလေဘုရားလမ်းထောင့်တွင် ယာဉ်နှစ်စီးတိုက်မှုဖြစ်ခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသည်ဟု YRO ကထုတ်ပြန်ထားသည်။
ယင်းဖြစ်စဉ်သို့ လင်းလက်လူမှုကူညီကယ်ဆယ် ရေးအသင်းနှင့် ကျောက်တံတား အရံမီးသတ်တပ်ဖွဲ့တို့ လာရောက်ကူညီပေးခဲ့ပြီး ဒဏ်ရာရရှိသည့် အမျိုးသမီးကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဖော်ပြထားသည်။



















































