Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့ဗုံးကြဲခံရမှုအမျိုးသုံးဦးဒဏ်ရာရ၊ မင်းတပ်မြို့လည်း လေကြောင်းတိုက်ခိုက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့ကိုစစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

ဩဂုတ် ၃ရက်က မင်းတပ်မြို့ လေကြောင်းတိုက်ခိုက်ခံရမှုအပြီး တွေ့ရသော ပျက်စီးမှုများ။ ဓာတ်ပုံ - မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ဩဂုတ်-၄၊ ၂၀၂၅။ ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့ကိုစစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

TNLAသိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ရွာများကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲလေကြောင်းမှဗုံးကြဲမှုများဆက်တိုက်ပြုလုပ်လျက်ရှိရာ ယနေ့ (ဩဂုတ် ၄ရက်) နံနက် ၁၀နာရီခွဲခန့်တွင် ကျောက်မဲမြို့၊ ရပ်ကွက် (၆)ရှိ စျေးသစ်ဝန်းကျင်သို့ ပေါင် ၅၀၀ ဗုံးကြဲချခဲ့ခြင်းဖြစ်ဟု ထုတ်ပြန်သည်။

ထိုသို့ တိုက်ခိုက်ခဲ့၍အမျိုးသမီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဒေါ်ချောကိုယ်ပိုင်အထက်တန်းကျောင်း၊ ဆေးခန်း (၁)ခန်း၊ နေအိမ် (၃)အိမ်နှင့် ကား (၁)စီးဗုံးစထိမှန်ပျက်စီးသွားခဲ့ဟုဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ပုဂ္ဂလိက ဆေးခန်းတစ်ခုနားကိုကျတယ်။ ထိခိုက်မှုရှိတယ်ကြားပေမယ့်သွားကြည့်လို့လည်းမရသေးဘူး။အပြင်လည်းမထွက်ရဲကြဘူးလေ”ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။

ကျောက်မဲမြို့ခံအခြားတစ်ဦးကလည်း “TNLA‌တွေ မြို့ပေါ်မှာမရှိဘဲနဲ့ မြို့ထဲကိုပစ်နေတာ”ဟု ပြောသည်။

စစ်ကောင်စီတပ်သည် ဇူလိုင်နှင့် ယခု ဩဂုတ်လဆန်းအတွင်း ကျောက်မဲမြို့ကိုလေကြောင်းတိုက်ခိုက်မှု၈ကြိမ်ပြုလုပ်ခဲ့ရာအမျိုးသား ၃ဦး သေဆုံးခဲ့ပြီး ၁၇ဦး ဒဏ်ရာရရှိကာ နေအိမ်များ၊ စာသင်ကျောင်းနှင့်ဘုန်းကြီး ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့သည်ဟု TNLAက အသိပေးသည်။

စစ်ကောင်စီသည် TNLA ရှိရာ နောင်ချို၊ ကွတ်ခိုင်၊ သီပေါ၊မိုင်းလုံ၊ မိုင်းငေါ့၊ မိုးကုတ်မြို့များကိုလည်း လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ထိုအပြင်စစ်ကောင်စီတပ်သည် ချင်းညီနောင်တပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ချင်းပြည်နယ် မင်းတပ်မြို့ကိုလည်းသြဂုတ်၃ရက်​နေ့ကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့​သည်ဟုကြားကာလမင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဩဂုတ် ၃ရက်က မင်းတပ်မြို့ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပြည်သူထိခိုက်ဒဏ်ရာရ မရှိဘဲ အစိုးရအဆောက်အဦး ၂လုံးနှင့် ပြည်သူလူထု နေအိမ် ၈လုံးပျက်စီးခဲ့ဟု မင်းတပ် ပအဖက အသိပေးထားသည်။

ချင်းဒေသကာကွယ်ရေးတပ်(CDF) မင်းတပ်ပါဝင်သည့် ချင်းညီနောင်မဟာမိတ်များသည် မင်းတပ်မြို့ကို ၂၀၂၄ ဒီဇင်ဘာက သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီက မြို့ကိုစွန့်လွှတ်လိုက်ရပြီးနောက်ပိုင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏ လာရောက်ပြုလုပ်လျက်ရှိသည်။

လေကြောင်းတိုက်ခိုက်ခံရသည့် ကျောက်မဲမြို့နှင့် မင်းတပ်မြို့တို့သည် စစ်ကောင်စီက ဇူလိုင်၃၁ရက်တွင် အရေးပေါ်အခြေအနေကြေညာရာတွင် ပါဝင်သောမြို့များဖြစ်သည်။ စစ်ကောင်စီသည် ၎င်းထိန်းချုပ်မရသော မြို့နယ် ၆၃မြို့နယ်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ်မှ ကန်ပက်လက်မြို့နယ်၊ ထန်တလန်မြို့နယ်၊ ပလက်ဝမြို့နယ်၊ တွန်းဇံမြို့နယ်၊ မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်နှင့် ဖလမ်းမြို့နယ်တို့ပါဝင်သည်။

ရှမ်းပြည်နယ်မှ နမ္မတူမြို့နယ်၊မဘိမ်းမြို့နယ်၊ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ သိန္နီမြို့နယ်၊ ကွမ်းလုံမြို့နယ်၊ နမ့်ဆန်မြို့နယ်၊မန်တုံမြို့နယ်၊ဟိုပန်မြို့နယ်၊ လောက်ကိုင်မြို့နယ်၊ ကုန်းကြမ်းမြို့နယ်၊ မိုးမိတ်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နှင့် မိုင်းလားမြို့နယ်တို့ ပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။