သြဂုတ်-၅ ၊ ၂၀၂၅။တာရာ/People’s Spring
စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ ပါဝင်ဆောင်ရွက်နေသူများအား အပြင်းထန်ဆုံးအရေးယူမည်ဟု မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် Burma Revolution Rangers တပ်ဖွဲ့တာဝန်ခံ ကိုဒီမိုက သတိပေးပြောသည်။
ရွေးကောက်ပွဲလုပ်ငန်းစဥ်တိုင်းတွင် ကင်းအောင်နေရေးအပါအဝင် စစ်ကောင်စီထောက်တိုင်များ အားလုံးကို စာရင်းပြုစုထားကြောင်းလည်း အသိပေးသည်။
“အလိုတူအလိုပါ ပါဝင်ပတ်သက်သူတွေကို ပြင်း ပြင်းထန်ထန်အရေးယူမှုတွေလုပ်ပါတော့မယ်”ဟု ကိုဒီမိုက သတိပေးပြောသည်။

Public Service Announcement
စစ်ကောင်စီကလည်း ပခုက္ကူမြို့အနီးတဝိုက်ကို ဖြတ်လေးဖြတ် စစ်ဆင်ရေး တိုးမြှင့်လုပ်ဆောင်နေပြီး ဆန်၊ဆေး၊ဆီ၊ အချိုရည်နှင့် စားသောက်ကုန်များကို ယခင်ထက် ကန့်သတ်နေကြောင်း သိရသည်။
“ဆန်ဆို တပြည့်၊နှစ်ပြည်၊ အချိုရည်ဆို တစ်ဖာ၊နှစ်ဖာ။ ဆေးဆို တကတ်၊နှစ်ကတ်။အသီးအရွက် အနည်းငယ် စသဖြင့်။ကွန်ပျူတာ၊ဖုန်း ဆက်စပ်ပစ္စည်းတွေဆို သယ်ဖို့ကို အိပ်မက်တောင် မမက်ပါနဲ့။ သူတို့ကန့်သတ်တာထက် ပိုသယ်တာမိရင်ဖမ်းရင်ဖမ်းတယ်။ ဒဏ်ကြေးဆိုပြီး သုံးလေးသိန်းကနေ သူတိူ့တောင်းချင်သလောက်တောင်းတယ်။မြိုအထွက်ဂိတ်တွေကနေ စစ်လိုက်ဆေးလိုက်ဟိန်းလိုက် ဟောက်လိုက်တာလည်း ပြည်သူတွေမှာ နေစရာမရှိအောင်ပဲ”ဟု ပခုက္ကူမြို့ ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)သို့ ရုရှားစစ်သားများနှင့်ဒရုန်းကျွမ်းကျင်သူအချို့ရောက်ရှိနေကြောင်း ဒေသခံ တပ်ဖွဲ့ဝင်အချို့က ဆိုသည်။ စစ်ရေးအရအသာစီးယူပြီး အတုအယောင် ရွေးကောက်ပွဲ အောင်မြင်ရေး စစ်ကောင်စီက ကြိုးပမ်းနေခြင်းဟု ဆိုသည်။
“ပခုက္ကူ မထိဖို့အတွက် အစောဆုံး ဒီလထဲ ဒါမှမဟုတ် နောက်လတွေမှာ ပခုက္ကူတဝိုက်ကို စစ်ဆင်ရေးလုပ်မယ်လည်း ကြားထားတယ်”ဟု နယ်မြေခံရဲ ဘော်တစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ အရေးပေါ်အခြေအနေကြေညာထားသည့် ၆၃မြို့နယ်တွင် မကွေးတိုင်း၌ ပေါက်၊မြိုင်၊ဆော၊ထီးလင်းနှင့် ရေစကြိုမြို့နယ်တို့ ပါဝင်သည်။ထို့အပြင် ရွေးကောက်ပွဲနှောက်ယှက်သည်ဟု စွပ်စွဲခံရသူတိုင်းကို အနည်းဆုံးထောင်ဒဏ်သုံးနှစ်မှ ထောင်ဒဏ်တစ်သက်ချမည့် ဥပဒေကိုလည်း စစ်ကောင်စီက ပြဌာန်းထားသည်။
ရွေးကောက်ပွဲကို ယခုနှစ် ၂၀၂၅ ဒီဇင်ဘာနှင့် လာမည့်နှစ် ၂၀၂၆ ဇန်နဝါရီတို့တွင် နှစ်ပိုင်းခွဲပြုလုပ်မည်ဟု စစ်ခေါင်းဆောင်က ပြောဆိုထားသည်။
သို့သော် စစ်ကောင်စီပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲ မဖြစ်မြောက်ရေးအတွက် တားဆီး သွားမည်ဟု တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကလည်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များနှင့် သွားလာလှုပ်ရှား မှုများကို သတင်းအချက်အလက်များရရှိနေပြီး ရွေးကောက်ပွဲ မလုပ်နိုင်စေရေးတားဆီးသွားမည်ဖြစ်ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်၊ ဒေါနတပ်ရင်းတို့က ဇူလိုင် ၂၀ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်သည်။
စစ်ကောင်စီသည် ၎င်းတို့ အာဏာကို ဆက်လက်ထိန်းသိမ်းရေးအတွက် ရွေးကောက်ပွဲပြင်ဆင်ရာတွင် အီလက်ထရောနစ် မဲပေးစက်ကိုင်သင်တန်းကို ရေးခရိုင်တွင်ပေးမည်ဟု သိရှိရ၍ ယခု ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးများ၊ Non-CDM ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များနှင့် အတူတကွ သွားလာခြင်း၊ သင်တန်းတက်ခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ခြင်းများ မပြုလုပ်ရန် သတိပေးထားသည်။
အာဏာသိမ်းစစ်ကောင်စီပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲသည် စစ်အာဏာသက်ဆိုးရှည်စေရေးကိုသာထည့်တွက်စဉ်းစား၍ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုကိုအခြေမခံသည့် စစ်အာဏာရှင်ရွေးကောက်ပွဲစနစ်ဖြစ်၍ ပြင်းထန်စွာဆန့်ကျင်ကြောင်း လယ်ဒို(ကျောက်ကြီး) ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ(KRC)ကလည်း ဩဂုတ် ၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ပူးပေါင်း ပါဝင်သူများနှင့် စည်းရုံးလှုံ့ဆော်သူများကို အရေးယူပြီး ထိရောက်သည့် အပြစ်ပေးမည်ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ – ပလဖတို့က ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
မကွေးတိုင်း၊ စေတုတ္ထရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် ကမ္ဘာနှင့် နိုင်ငံတကာအား ဒီမိုကရေစီအသွင်ဟန်ပြ၍ အတုအယောင်ရွေးကောက်ပွဲပြုလုပ်ရန် ဆောင်ရွက်လျှက်ရှိပြီး အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် အကြမ်းဖက်စစ်ကောင်စီ ရွေးကောက်ပွဲ ပါဝင်ခြင်း၊ကူညီခြင်း မပြုလုပ်ကြရန် နှင့် လိုက်နာခြင်းမရှိပါက အရေးယူအပြစ်ပေးသွားမည်ဖြစ်ကြောင်း ဩဂုတ်၁ရက်တွင် ထုတ်ပြန်ထားသည်။


















































