သြဂုတ် ၁၁၊၂၀၂၅။ သုည/People’s Spring
ရန်ကုန်မြို့ ၊ လသာမြို့နယ်၊ ၈ ရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းပေါ် ရန်ကုန်သန်လွင်ဟိုတယ်(Yangon Thanlwin Hotel )ပထမထပ်ရှိ New Party KTV တွင် ယမန်နေ့ (သြဂုတ် ၁၀) ညနေပိုင်းကအမျိုးသားတစ်ဦးသေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။
“မနေ့က ညနေပိုင်း New Party KTV မှာ သေနတ်နဲ့ပစ်မှု ဖြစ်တာပါ။ ပစ်ခံရသူက နားထင်ကို သေနတ်ဖောက်ဝင်ဒဏ်ရာနဲ့ နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်လို့ သိရပါတယ်။ တရုတ်လူမျိုးလို့ ပြောပါတယ်။ Dead Body ကိုတော့ ဆေးရုံကို သယ်သွားပါတယ်” ဟု လသာမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။
စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်များတွင် KTV အခန်းအတွင်း၌ရွှေရောင်သေနတ်တစ်လက်၊ ကျည်ဆံငါးတောင့်ပါကျည်အိမ်တခု ၊ ကျည်ခွံတခုကိုပါ တွေ့ရှိရကြောင်း ဖော်ပြထားသည်။သေဆုံးသူမှာ အသက် ၅၀ အရွယ် ဦးအိုက်မြင့် (ခ) ဟော်ချွမ်းမြန် ဖြစ်ပြီး ဝဲဘက်နားထင် သေနတ်ဖောက်ဝင် ဒဏ်ရာဖြင့် KTV ၏အခန်း အမှတ် (N-02) အခန်းအတွင်းသေဆုံးခဲ့ခြင်းဖြစ်ကြောင်းလည်းဖော်ပြထားသည်။

Public Service Announcement
သေဆုံးသူသည် တရုတ်အစိုးရက ကျားဖြန့်လိမ်လည်မှုများအတွက်ဝရမ်းထုတ်ထားသော ဝ လက်နက်ကိုင်အဖွဲ့ မှ အိုက်ဟော့၏ ညီဖြစ်ကြောင်း သတင်းရင်းမြစ်တဦးကပြောသည်။၎င်းသေဆုံးသည်မှာ ကိုယ်တိုင်သတ်သေခြင်းလား ၊တခြားသူကပစ်သတ်ခြင်းလားဆိုသည်ကို People’s Spring ကသီးခြားအတည်မပြုနိုင်သေးပါ။
“အိုက်ဟော့က UWSA ယခင်ပေါက်ယူချန်းသားမက်။ Yangon Airway သံလွင်အုပ်စုက။ တရုတ်က ကြာဖြန် ဝရမ်းထုတ်ထားသူ။ အမည်က ဟောချွင်းထင်(ခ) အိုက်ဟော်။အခု သေတာက အိုက်ဟော့ရဲ့ညီ”ဟု၎င်းကပြောသည်။
ကျားဖြန့်လုပ်ငန်းများတွင်ပါဝင်ပတ်သက်မှုရှိသည်ဆိုကာ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSAမှမိုင်းလင်းခရိုင်မှူး အိုက်ဟော့နှင့် ဆောက်လုပ်ရေးဌာနကြီးမှူးပေါက်အိုက်ပန်းတို့ကို တရုတ်အစိုးရက၂၀၂၃ အောက်တိုဘာ ၁၂ ရက်တွင်ဖမ်းဝရမ်းထုတ်ခဲ့သည်။၎င်းတို့ နှစ်ဦးစလုံးကို ဆုကြေးဒဏ်ငွေ ယွမ်ငါးသိန်းစီဆုငွေထုတ်ထားခဲ့သည်။ ယခုသေဆုံးသူမှာ အိုက်ဟော့၏ ညီဟုအထက်ပါသတင်းရင်းမြစ်ကပြောခြင်းဖြစ်သည်။ အိုက်ဟော့မှာ ဗိုလ်ချုပ်ခင်ညွှန် ထောက်လှမ်းရေးခေတ်ကောင်းစဥ်က ဝတပ်ဖွဲ့ နှင့် စစ်အုပ်စုကြားရန်ကုန်ရှိ စီးပွားရေးလုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်ရာတွင်အဓိကပါဝင်ခဲ့သူဖြစ်သည်။
လက်ရှိတွင် New Party KTV ကိုပိတ်ထားသည်ဟုဟိုတယ်နှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ ဒေသခံတစ်ဦးက ဆိုသည်။
“KTV က မနေ့ထဲက ပိတ်ထားရတယ်။ အခုထိတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေလို့ ပြန်မဖွင့်ရသေးဘူးလို့ သိရတယ်” ဟု ၎င်းက ဆိုသည်။
ရန်ကုန်မြို့၌ ပြီးခဲ့သည့် ဩဂုတ် ၅ ရက်ညနေကလည်း မြန်မာပလာဇာ ဈေးဝယ်စင်တာ၏ ကားပါကင်၌ အမျိုးသမီးတစ်ဦးကို လူနှစ်ဦးက ဓားဖြင့်ထိုးသောကြောင့် သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။


















































