Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်း စစ်တပ်လေ့ကျင့်ရေးကျောင်းကို ရှော့တိုက်ဒုန်းများဖြင့်ပစ်ခတ်ခဲ့ဟု BWM ပြော

စစ်ကောင်စီတပ်အား BWMအဖွဲ့က ပစ်ခတ်တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ − BWM

ဩဂုတ်-၂၀၊၂၀၂၅။သတိုး/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာရှိ စစ်ကောင်စီ၏ အမှတ်(၁၃)တပ်မတော်တန်းမြင့်‌လေ့ကျင့်ရေးကျောင်း(တတက-၁၃)ကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors For Myanmar အဖွဲ့ တာဝန်ရှိသူက ပြောသည်။

“သပိတ်ကျင်းနဲ့မိုးကုတ်ကို ထိုးစစ်ဆင်ဖို့တပ်အထိုင်ထားတဲ့စခန်းလည်းဖြစ်တာမို့ သူတို့ကိုချေမှုန်းပေးခြင်းဖြင့် နယ်မြေခံတော်လှန်ရေးအင်အားစုတွေကို တဖက်တလမ်းက အားဖြည့်ပေးတဲ့မစ်ရှင်တခုပါပဲ” ဟု ၎င်းက ပြောသည်။

သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာအနီးရှိ တတက-၁၃ လေ့ကျင့်ရေးကျောင်းကို ဩဂုတ် ၂၀ ရက်နေ့လည် ၁၂နာရီတွင် BWM အဖွဲ့၏ဦးဆောင်မှုဖြင့် Shadow (အညာ)၊ No More Dictatorship (NMD-PDF) ၊ Infinity(အညာ) အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မန္တလေးတိုင်း လက်နက်ကြီးတပ်ဖွဲ့နှင့် နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့များက အားဖြည့်ကူညီခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

တတက-၁၃ကို ၁၀၇ မမရှော့တိုက်ဒုန်း ၁၀လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရှော့တိုက်ဒုန်း ၉ လုံးအောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

တတက-၁၃သည် မန္တလေးတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့များကို တပ်စိတ် ၊ တပ်စု ၊တပ်ဖွဲ့များအား ဦးဆောင်တိုက်ပွဲဝင်ရန် သင်ကြား‌ပေးနေသည့် နေရာဖြစ်ပြီး သပိတ်ကျဉ်းနှင့်မိုးကုတ်မြို့ကို တိုက်ခိုက်နေသော စစ်ကောင်စီတပ်ဖွဲ့၏ အထိုင်စခန်းလည်းဖြစ်သည်ဟု BWM က ဆိုသည်။

အဆိုပါစစ်ဆင်ရေးသည် BWMနှင့် မဟာမိတ်များ၏ ၄၃ ကြိမ်မြောက် စစ်ဆင်ရေးဖြစ်ပြီး BWM အနေဖြင့် စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်သလို ပြည်သူများအနေဖြင့်လည်း တက်နိုင်သည့်ဘက်မှ ဆန့်ကျင်ရန် တိုက်တွန်းထားသည်။

မန္တလေးမြို့နှင့် မိုင်(၈၀)ခန့်အကွာက ရွှေလုပ်ကွက်တွေကြောင့် နာမည်ကြီးသည့် သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ၉ ရက်ကြာတိုက်ခိုက်ပြီးနောက် ပြီးခဲ့သည့်၂၀၂၄ သြဂုတ် ၂၅ရက်တွင် အပြီးသတ်သိမ်းပိုက်ရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားသည်။

သပိတ်ကျင်းမြို့ကိုသာ တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ရခဲ့တာဖြစ်ပြီး မြို့နယ်တစ်ခုလုံးက စစ်ကောင်စီတပ်သားများ ကင်းစင်ခဲ့ခြင်း မဟုတ်ပေ။ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲက ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများသည် (၇)မိုင်ရွာက လျှပ်စစ်အင်ဂျင်နီယာတပ်စခန်းနှင့် သပိတ်ကျင်းမြို့နှင့် (၂၆)ခန့်ကွာဝေးသည့် တွင်းငယ်ကျေးရွာက အမှတ် (၁၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)တို့၌ သွားရောက်စုဝေးသလို ၊စစ်တပ်က စစ်ကူပို့သည့် စစ်သား​များဖြင့် ပေါင်းပြီး ခံစစ်ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီတပ်သည် (၇)မိုင်ကတဆင့် ထိုးစစ်ဆင်လာရာ ပြီးခဲ့သည့် ဇူလိုင် ၂၃ရက်က သပိတ်ကျင်းမြို့ကို ပြန်လည်ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တောင်ငူကို လာရောက်မယ့်အကြောင်း သတင်းရတာကြောင့် နေရာနှစ်နေရာကို ၁၀၇ မမရှော့တိုက်ဒုန်း လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က မိုးကုတ်လမ်းပိုင်းပေါ်မှာရှိတဲ့ လမ်းလယ်ကျစ်ကျေးရွာမှာ တိုက်ပွဲတွေပြင်းထန်ပြီးနောက် စစ်တပ်က ပြန်လည်ထိန်းချုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက ဒီကနေ့မှာ လေကြောင်းကနေအပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေရာ ကလေးငယ် ၂ဦးအပါအဝင် ပြည်သူ ၇ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ တာဝန်ရှိသူက ပြောသည်။