သြဂုတ်-၂၃၊၂၀၂၅။မေရီ/People’s Spring
အာဏာသိမ်းစစ်အုပ်စုရဲ့ တရားမဝင်တဲ့အတုအယောင် ရွေးကောက်ပွဲကို ပြည်သူလူထုတရပ်လုံးနဲ့အတူရပ်တည်ပြီး ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)ကဒီကနေ့သြဂုတ်၂၃ ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုက လာမယ့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က စပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ဘောင်အောက်ကနေရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့ ပြင်ဆင်နေပြီး စစ်အုပ်စုက အဓမ္မလုပ်ကြံ ပြင်ဆင်နေတဲ့ ယင်းအတုအယောင်ရွေးကောက်ပွဲကို (လုံးဝ) ဆန့်ကျင်ကြောင်း၊ အာဏာသိမ်းစစ်အုပ်စုက ပြင်ဆင်ဆောင်ရွက်နေတဲ့ ရွေးကောက်ပွဲဟာမြန်မာ့နိုင်ငံရေးအကြပ်အတည်းအတွက် အဖြေမဟုတ်ဘဲ မြန်မာ့နိုင်ငံရေးပြဿနာကို ပိုမိုရှုပ်ထွေးစေမယ့်၊ ပိုမိုခက်ခဲကြပ်တည်းစေမယ့် လုပ်ရပ်သာဖြစ်ပြီး “အတုအယောင် ရွေးကောက်ပွဲ၊ တရားမဝင် ရွေးကောက်ပွဲ၊ နိုင်ငံရေးထောင်ချောက်လုပ်ပွဲ”လို့ သတ်မှတ်၊ ခံယူကြောင်းအာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)-AFCC-(MDY)က ကြေညာချက်မှာ အသိပေးပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Democracy Charter)မှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံ (၁၂) ရပ်၊ NUG နဲ့တကွ တော်လှန်ရေးအင်အားစုများ စွဲကိုင်ထားတဲ့ “ဘုံနိုင်ငံရေး ရပ်တည်ချက်သဘောထား” တို့အပါအဝင် နိုင်ငံရေး တော်လှန်ရေးအင်အားစုများရဲ့ ဘုံသဘောတူညီချက်နဲ့ ဘုံရည်မှန်းချက်များကသာ လက်ရှိ မြန်မာ့နိုင်ငံရေးရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်ဖြစ်သလို အဖြေဖြစ်တယ်လို့လေးနက်စွာ ယုံကြည်တယ်လို့ ယင်းကော်မတီက ဆိုပါတယ်။

Public Service Announcement
ဒါ့အပြင်လက်ရှိလူမျိုးပေါင်းစုံဒေသပေါင်းစုံ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနေကြတဲ့ ပြည်သူ့နွေဦးတော်လှန်ရေးကြီးဟာ အခက်အခဲ၊ အကြပ်အတည်းများစွာ ထည့်ဝင်ပေးဆပ်ရတဲ့ အရင်းအနှီးများစွာရှိနေသလို တဖက်ကလည်း နှစ်ပေါင်း (၈၀) နီးပါး ကြာမြင့်ခဲ့ပြီဖြစ်တဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို အပြီးသတ်ဖြေရှင်းနိုင်မယ့် အဆုံးသတ်တိုက်ပွဲ၊ အခွင့်အလမ်းလို့အပြည့်အဝယုံကြည်တယ်လို့ ယင်းကော်မတီက ထပ်မံအသိပေးပါတယ်။
ဒါ့ကြောင့်အာဏာသိမ်းစစ်အုပ်စုရဲ့”တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲ” (ဝါ) “လုပ်ပွဲ” ကို ပြည်သူလူထုတရပ်လုံးနဲ့အတူရပ်တည်၍ အကြွင်းမဲ့ ဆန့်ကျင်၊ တိုက်ဖျက်သွားမှာဖြစ်ကြောင်းအာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)က ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အဆိုပါကော်မတီကို ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
အလားတူ ဒီကနေ့မှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီက စစ်ကောင်စီကြိုးပမ်းနေတဲ့ အတုအယောင်ရွေးကောက်ပွဲ ကန့်ကွက်တားဆီးကြဖို့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသေးတယ်။
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေကလည်း လက်မခံကြောင်း ပြောကြားထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်းစစ်ကောင်စီဟာတရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ဟန်ပြပြုလုပ်ကာ အာဏာတည်မြဲရေး၊ ပြည်သူအပေါ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကနေ ပြစ်ဒဏ် ကင်းလွတ်ခွင့်ရရေး ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သဘောထား ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကတော့ ၎င်းတို့စိုးမိုးတဲ့ မြို့ပေါ်ဒေသတချို့မှာ ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲပြီးလုပ်ဖို့ ကြိုးစားနေပါတယ်။


















































