Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုဇွတ်အတင်းလုပ်မည့်ရွေးကောက်ပွဲ မြန်မာ့အရေးပြေလည်မည့် အဖြေမဟုတ်ဟု NUG ထုတ်ပြန်

စစ်အုပ်စုက ဇွတ်အတင်းပြုလုပ်မည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ပြေလည်စေမည့်အဖြေမဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ဩဂုတ် ၂၄ရက်တွင် ကြေညာချက်ထုတ်ပြန်ပြီး နိုင်ငံတကာ အစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဒီမိုကရေစီ မဟာမိတ်များကို အသိပေးသည်။

စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်ဖို့ တနင်္သာရီတိုင်းမှာ ချီတက်ဆန္ဒပြနေစဉ်။ ဓာတ်ပုံ − Mozart

◾️စနစ်ပြောင်းတော်လှန်ရေးကို ဆက်လက်ဆောင်ရွက်မည်ဟု ကြေညာ

ဩဂုတ် ၂၄၊ ၂၀၂၅။ ထားမြတ်/People’s Spring

စစ်အုပ်စုက ဇွတ်အတင်းပြုလုပ်မည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ပြေလည်စေမည့်အဖြေမဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ဩဂုတ် ၂၄ရက်တွင် ကြေညာချက်ထုတ်ပြန်ပြီး နိုင်ငံတကာ အစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဒီမိုကရေစီ မဟာမိတ်များကို အသိပေးသည်။

တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ရပ်တည်ချက်နှင့် သဘောထားအား ယနေ့တွင် NUGက ထုတ်ပြန်ကြေညာ အသိပေးခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်တပ်က ကြိုးကိုင်ထားသော ဟန်ပြ နိုင်ငံရေးလှည့်စားမှု မဟုတ်ဘဲ ပြည်သူက တွန်းအားပေးသော၊ အားလုံးပါဝင်နိုင်မှုရှိသော၊ ဒီမိုကရေစီ နည်းကျသော လုပ်ငန်းစဉ်ကသာ မြန်မာနိုင်ငံ၏ အနာဂတ်ကို အမှန်တကယ် ဆုံးဖြတ်ပေးနိုင်မည်ဟု ယုံကြည်သောကြောင့် မဟာမိတ်တိုင်းရင်းသားအဖွဲ့များအပါအဝင်၊ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ မိမိတို့၏ ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အခန်း(၃) နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၁၁) တွင် ပြဌာန်းထားသည့် “တိုင်းပြုပြည်ပြု ညီလာခံက ရေးဆွဲအတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လူထုဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုပြဌာန်းခြင်းနှင့် ရွေးကောက်ပွဲကျင်းပခြင်း” မူဘောင်အတိုင်း ရပ်တည်ကာ စနစ်ပြောင်းတော်လှန်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်” ဟု NUGက ထုတ်ပြန်သည်။

အတုအယောင်ရွေးကောက်ပွဲ ဇွတ်အတင်းပြုလုပ်ရန် ကြိုးပမ်းနေသည့် စစ်ကောင်စီ၏ လုပ်ရပ်ကို ထောက်ခံအားပေးခြင်းသည် မြန်မာပြည်သူလူထုအပေါ် စစ်အုပ်စုက ကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများအား ထောက်ခံအားပေးခြင်းဖြစ်ကြောင်း၊ အဆိုပါ ပြစ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အထောက်အကူပြုခြင်းတို့နှင့် အလားသဏ္ဍာန်တူသည်ကို သတိချပ်ရန်လည်း သတိပေးသည်။

စစ်အုပ်စုသည် ခေတ်အဆက်ဆက် တိုင်းရင်းသားပြည်သူများနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအပေါ် နည်းလမ်းပေါင်းစုံဖြင့် ဖိစီးနှိပ်စက်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများ၊ စစ်ရာဇဝတ်မှု များကို ကျူးလွန်ခဲ့သဖြင့် ကမ္ဘာကအလိုရှိနေသော စစ်ရာဇဝတ်သားများဖြစ်သကဲ့သို့ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုအပေါ် ကြီးမားသည့် စစ်ရာဇဝတ်မှုမြောက်များစွာ ဆက်လက်ကျူးလွန်ခဲ့သည့် အစုအဖွဲ့လည်းဖြစ်ဟု မီးမောင်းထိုးဖော်ပြသည်။

ယခုနှစ် ဩဂုတ်မှ စတင်၍ အကြမ်းဖက်စစ်အုပ်စုသည် အမည်နာမနှင့် ဖွဲ့စည်းပုံပြောင်းလဲကာ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ဇွတ်အတင်း ပြုလုပ်နိုင်ရန်ရည်ရွယ်ပြီး ပြည်သူလူထုကို ပစ်မှတ်ထားသည့် ဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုး တိုက်ခိုက်မှုများ၊ ကြီးမားသော စစ်ရာဇဝတ်မှုများကို ဆတိုးလုပ်ဆောင်လာလျက်ရှိသည်ကိုလည်း တွေ့ရကြောင်းလည်း ထုတ်ပြန်သည်။

ထို့ကြောင့် နိုင်ငံတကာအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ခိုင်မြဲစွာ ရပ်တည်ပြီး စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ငြင်းပယ်ရန်နှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ပြန်လည်ရရှိရေး ကြိုးပမ်းမှုအတွက် ပံ့ပိုးမှုကို အားဖြည့်ပေးရန် တိုက်တွန်းထားသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် နိုင်ငံတော် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူ့အစိုးရခေါင်းဆောင်များကို မတရား ဖမ်းဆီးပြီး နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ခဲ့သည့် စစ်တပ်သည် ရွေးကောက်ပွဲကျင်းပပိုင်ခွင့် အခွင့်အာဏာ အလျဉ်းမရှိသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ပြည်သူလူထု၏ရန်သူအဖြစ် ၂၀၂၄ စက်တင်ဘာ ၅ရက်တွင် ကြေညာခြင်းခံထားရသည့် အဖွဲ့ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် ၂၀၂၁ ခုနှစ် မတ်လ ၃၀ရက်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ကြောင်းကြေညာခဲ့ပြီးဖြစ်သောကြောင့် အဆိုပါ အခြေခံဥပဒေအတိုင်း လုပ်ဆောင်လျက်ရှိသော အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်မှန်သမျှသည် တရားမဝင်သော၊ ဥပဒေမဲ့ လုပ်ရပ်များသာဖြစ်ကြောင်း NUGက ထုတ်ပြန်သည်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် နိုင်ငံရေးအရ တရားဝင်မှုရှိနေဆဲဖြစ်ပြီး အဆိုပါ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာသည့် ဥပဒေပြုရေးမဏ္ဍိုင်များ၊ အုပ်ချုပ်ရေးမဏ္ဍိုင်များ အခိုင်အမာ တည်ရှိနေပြီးဖြစ်ဟု ဖော်ပြသည်။

ပြည်သူလူထု၏သဘောဆန္ဒနှင့် ဆန့်ကျင်ပြီး ၎င်းတို့၏ အာဏာ တည်မြဲရေးနှင့် ကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများမှ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိရေးတို့အတွက် တရားမဝင် အတုအယောင်ရွေးကောက်ပွဲတခုကို ဇွတ်အတင်းဖန်တီးပြုလုပ်ခြင်းသည် ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်ခြင်းအပြင် ပြည်သူ့အချုပ်အချာ အာဏာကို မတရားရယူရန်ကြိုးစားခြင်း ဖြစ်ကြောင်း NUGက ထုတ်ပြန်သည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က စစ်အုပ်စုနှင့် ၎င်း၏ လက်အောက်ခံဖြစ်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမည်ခံ အဖွဲ့အစည်းတို့ကို အကြမ်းဖက် အုပ်စုများအဖြစ်ကြေညာထားပြီးဖြစ်ရာ အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးထိန်းချုပ်နယ်မြေများအတွင်း တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဇွတ်အတင်းပြုလုပ်ရန် ပြည်သူလူထုအား ဖိအားပေးဆောင်ရွက် လာမှုများရှိပါက ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ ဖမ်းဆီးအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတိပေးသည်။

ပြည်တွင်း၊ ပြည်ပ ကမ္ဘာအရပ်ရပ်တွင်ရှိကြသော မြန်မာပြည်သူလူထုသည် အကြမ်းဖက်စစ်တပ်၏ မတရားအာဏာလုယူရန်ကြိုးစားမှုကို လက်မခံကြောင်း ဖိနှိပ်မှုများစွာကြားထဲကပင် နည်းလမ်းမျိုးစုံဖြင့် ဆန္ဒ ဖော်ထုတ်ပြသခဲ့ကြပြီးဖြစ်သကဲ့သို့ ယခုကဲ့သို့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲတခုကို သေနတ် ထောက်၊ ဓားမိုး၍ ဇွတ်အတင်းပြုလုပ်ရန်ကြိုးစားလာမှုကိုလည်း တတ်စွမ်းသည့်နည်းဖြင့် ဆန့်ကျင်တော်လှန် ကြဦးမည်ဟု အပြည့်အဝယုံကြည်ကြောင်းလည်း NUGက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။