ဒီဇင်ဘာ-၂၅၊ ၂၀၂၅။ ဆန်အောင်၊ဇော်ရမ်း/People’s Spring
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က စစ်ကောင်စီရဲ့ နမ့်ပေါင်လေတပ်စခန်းကို အသေခံဒရုန်းနဲ့ အတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီက ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာနယ်မြေကို အသေခံဒရုန်းနဲ့ တိုက်ခိုက်လာကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒီဇင်ဘာ ၂၅ရက် ခရစ္စမတ် မနက်ခင်းမှာ KIAပူးပေါင်းတပ်ဟာ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို စစ်မျက်နှာများစွာနဲ့ တန်ပြန်ထိုးစစ်ဆင်ခဲ့သလို နမ့်ပေါင်လေတပ်စခန်းကိုလည်း လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ နမ့်ပေါင်လေတပ်စခန်း တိုက်ခိုက်မှုမှာ စစ်ကောင်စီရဲ့ MI17 ရဟတ်ယာဉ်နဲ့ တိုက်လေယာဉ် ၁စီး ထိခိုက်မှု ရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မြစ်ကြီးနားမြို့၊ မော်ဖောင်းရပ်ကွက်၊ နမ့်ပေါင်ရွာမှာရှိတဲ့ လေတပ်ဝင်းဟာ မနက် ၉နာရီခန့်မှာ တိုက်ခိုက်ခံရတာလို့ မော်ဖောင်းရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

Public Service Announcement
၎င်းက ” ရှော့တိုက်ဒုန်းလား ဒရုံးဗုံးလားမသိဘူး။ အကျယ်ကြီး ၂ခါ ကြားရတယ်။အတွင်းသတင်းစကား အရပေါ့နော်။တိုက်လေယာဉ်နဲ့ ဟတ်စကီးတစ်စီးကို ထိတယ်ပြောတယ်” လို့ ပြောပါတယ်။
မြစ်ကြီးနားမြို့မှာနေထိုင်လို့တစ်ဦးက ” ကျနော်တို့နဲ့လေတပ်ဝင်းထဲက တော်တော်လေးလှမ်းတယ်။ ဆောင်းတွင်းဆိုတော့ လေကြောင်းကလည်း မသင့်ဘူး။ ဒါပေမဲ့ ပေါက်ကွဲတဲ့အသံကိုကြားလိုက်တယ်ဗျ” လို့ ပြောပါတယ်။
တိုက်ခိုက်မှုသတင်းကို ကြားရပေမယ့် KIAအနေနဲ့ မသိရသေးဘူးလို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
အဲ့ဒီလေယာဉ်ကွင်းဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း လေကြောင်း တိုက်ခိုက်ရာမှာ စစ်ကောင်စီက အဓိကအသုံးပြုနေတာဖြစ်ပါတယ်။
“လေယာဉ် ၂စီး ဆုံးရှုံးထားတော့ လိုင်ဇာဘက် အသေခံ ဒရုန်း ၃စီးနဲ့ တိုက်ခိုက်လာတယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ လိုင်ဇာမြို့အပြင် နေရာကို ဒီဇင်ဘာ ၂၅ရက် နေ့လည် ၁၂နာရီ ၄၃မှာ တကြိမ်၊ ၁၂နာရီ ၅၀ မိနစ်မှာ တကြိမ်၊ ၁နာရီ ၁၄မှာ တကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အိမ် ၁လုံး ပျက်စီးကာ လူအထိအခိုက်မရှိဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။
“ဗန်းမော်စစ်ရေးကတော့ ရက်ရက်စက်စက်ကို ပြင်းထန်နေဆဲ” လို့လည်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း ဗန်းမော်တိုက်ပွဲ အရင်နေ့တွေထက် တိုက်ပွဲအရှင်မြင့်တယ်လို့ ကြားရကြောင်း ဒီကနေ့ နေ့လည်မှာ အတည်ပြုပါတယ်။
“ဒါပေမဲ့ သတင်းထူးတွေကတော့ ဘာမှ မကြားဘူး ဆိုလိုချင်တာကတော့ အနိုင်အရှုံး ဘာမှ မရှိသေးပါဘူး။ မြစ်ကြီးနား လေဆိပ်သတင်းကတော့ လိုင်းပေါ်မှာပဲ တက်တယ်။ ကျနော်တို့ တရားဝင် သတင်းမှာတော့ ဘာမှ မကြားရဘူး” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
လိုင်ဇာကို စစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်လာမှု အခြေအနေကိုလည်း ဗိုလ်မှူးကြီးနော်ဘူကို ဆက်လက်မေးမြန်းထားဆဲပါ။
စစ်ကောင်စီဟာ အရင်ကလည်း လိုင်ဇာဌာနချုပ်ကို အခုလို အသေခံ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာရှိပါတယ်။

















































