Connect with us

Hi, what are you looking for?

သတင်း

ကသာမြို့မှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ စစ်တပ်ထောက်ခံသူတွေ လှုံ့ဆော်နေ

စစ်ကိုင်းတိုင်း၊ ကသာမြို့ကို ပြန်ထိန်းချုပ်နိုင်ပြီလို့ စစ်တပ်ဝါဒဖြန့်ချိရေးတွေက လိမ်လည် ဝါဒဖြန့်နေပြီး မြို့တဖက်ကမ်းကျေးရွာတွေကို ဗုံးကြဲဖျက်ဆီးဖို့အထိ စစ်ရာဇဝတ်မှုကျူးလွန်မယ့်ပုံစံ လှုံ့ဆော်နေပါတယ်။

(မတ်လ ၂၀ ရက်က စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်နေတဲ့ လေးထပ်ဘုန်းကြီးကျောင်းမှ အဆောက်အအုံတစ်ခု။ ဓာတ်ပုံ- Indaw Revolution-IR

မတ်-၂၉၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ ကသာမြို့ကို ပြန်ထိန်းချုပ်နိုင်ပြီလို့ စစ်တပ်ဝါဒဖြန့်ချိရေးတွေက လိမ်လည် ဝါဒဖြန့်နေပြီး မြို့တဖက်ကမ်းကျေးရွာတွေကို ဗုံးကြဲဖျက်ဆီးဖို့အထိ စစ်ရာဇဝတ်မှုကျူးလွန်မယ့်ပုံစံ လှုံ့ဆော်နေပါတယ်။

ကသာမြို့အတွင်းက စစ်တပ်နဲ့နီးစပ်တဲ့သူတွေ၊ စစ်တပ်ဝါဒဖြန့်ချိရေးလူမှုကွန်ရက်စာမျက်နှာတွေကနေ အထက်ပါအတိုင်း ဝါဒဖြန့်နေတာ ဖြစ်ပါတယ်။

ကသာမြို့လှေဆိပ်ဖြစ်တဲ့ ဧရာဝတီမြစ်အရှေ့ပိုင်းမှာ နေသူတွေအားလုံး PDFတွေဖြစ်တယ်လို့ ဆိုပြီး အဲ့ဒီဘက်တကြောလုံးကို အပြောင်သလင်းခါနေအောင်တိုက်ခိုက်ရမယ်လို့ ရေးသားပြောဆိုနေတာတွေ့ရပါတယ်။ဒါကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Public Service Announcement

Public Service Announcement

” မြစ်အရှေ့ပိုင်းကလည်း သာမာန်ပြည်သူတွေပါပဲ။ စစ်တပ်ကို မထောက်ခံတာနဲ့ပဲ ပတ်ရမ်းနေတာမျိုးဖြစ်နေတယ်။ လေကြောင်းကနေလည်းအမှန်တကယ်ကြဲတာ။ တစ်နေ့လုံးကိုပစ်မှတ်ထားလာတဲ့ထိတော့ မယုတ်မာပါနဲ့”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကသာမြို့နယ်မှာ မတ်လ ၂၀ရက်ကစပြီး စစ်ကောင်စီတပ်တွေကို PDF ပူး‌ပေါင်းတပ်တွေက တိုက်ခိုက်လို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီနေ့မှာပဲ ကသာမြို့အမှတ်(၃)ရပ်ကွက်ထဲက စစ်ဘေးရှောင် တွေခိုလှုံနေတဲ့လေးထပ်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲခဲ့ပါတယ်။

သံဃာတော်အချို့နဲ့အရပ်သား ၈၀ဦးခန့်အထိ သေဆုံးနိုင်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ရုပ်လောင်းအချို့ကို စစ်တပ်က သုသာန်မှာ မီးရှို့ပြီးအလောင်းဖျောက်ဖျက်ခဲ့တယ်လို့ ဒေသခံတချို့ကပြောပါတယ်။

အဲဒီနောက်ပိုင်းမှာလည်း ကသာမြို့ဘေးပတ်ဝန်းကျင်ကရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေကို စစ်တပ်က ဗုံးကြဲခဲ့ပါတယ်။မတ်လ၂၅ရက် ညနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျောက်ထုံးကြီးရွာတိုက်နယ်ဆေးရုံကို စစ်ကောင်စီကဗုံးကြဲ ဖျက်ဆီးခဲ့ပါတယ်။

မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဆိုပြီး ဝါဒဖြန့်နေတဲ့သတင်းတွေကို မယုံကြည်ကြဖို့နဲ့ လုံခြုံရေးအန္တရာယ်ကိုသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးနေပါတယ်။

တိုက်ပွဲခတ္တငြိမ်သက်‌နေစဉ် စစ်တပ်ထောက်ခံသူအချို့နဲ့ ကသာသူ၊ကသာသားတွေ အများဆုံးရှိတဲ့ Food In Katha ဂရုမှာ စစ်ကောင်စီ ဝါဒဖြန့်ချီရေးအဖွဲ့တွေက ကသာမြို့ကြီးစည်နေသယောင်နဲ့ မြို့ထဲပြန်လာနေထိုင်ဖို့ ခေါ်နေတာကိုတွေ့နေရပြီး ဒါဟာ လှည့်ကွက်တစ်ခုဖြစ်ကြောင်း Indaw Revolution -IRက သတိပေးထားပါတယ်။

” စကမဘက်က ပြည်သူတွေကို ခေါ်ပြီး လူသားဒိုင်းလုပ်တာပါ။ အခုတော့ ပြန်ဝင်သွားတဲ့ပြည်သူတွေနေတဲ့ ဘုန်းကြီးကျောင်းကို ပြည်သူတွေရှိနေမှန်းသိသိရက်နဲ့ စစ်တပ်ဘက်ကဗုံးကြဲလို့ ဘုန်းကြီးတွေနဲ့ ပြည်သူ ၅၀နဲ့အထက်လည်း သေဆုံးတာတွေ ရှိခဲ့ပါတယ်။ ပြီးတော့လည်း အခုကျန်နေခဲ့တဲ့ပြည်သူတွေကိုလည်း စစ်တပ်ဘက်က ထွက်ခွင့်မပေးဘဲ ပိတ်ထားလိုက်ပါပြီ။ ထွက်ရင် ပစ်သ-တ်မယ်လို့ခြိမ်းခြောက်ထားတယ်လို့ ကြားနေရပါတယ်။ ပြီးတော့လည်း အခု တစ်မြို့လုံးကို ဗုံးပတ်ကြဲနေတာ ၁၀ ရက်လောက်ရှိပါပြီ။ အိမ်တွေ၊ ဆေးရုံတွေ၊ တခြား သာသနိကအဆောက်ဦးတွေလည်း မီးလောင်ပါတယ်” လို့ ဒေသတွင်းတော်လှန်ရေးသတင်းတွေဖော်ပြနေတဲ့ Indaw Revolution -IRက ဒီနေ့မတ်လ၂၉ရက်နေ့မှာ ရေးသားထားပါတယ်။

“အင်းတော်မြို့ကိုတော်လှန်ရေးတပ်တွေ အပြီးသတ် မသိမ်းပိုက်နိုင် သေးချိန်က ဖြစ်ရပ်နဲ့ ဥပမာပေးပြီး သတိပေးထားပါတယ်။

” အင်းတော်မြို့သိမ်းတုန်းကလည်း အတူတူပါပဲ။ မြို့မဘုန်းကြီးကျောင်းထဲ ဝင်ရောက်ခုံလှုံတဲ့ ပြည်သူ ‌၁၀၀၀ကျော်လောက်ကို စစ်တပ်က ၈လလောက်နီးပါး ပိတ်ထားပြီး လူသားဒိုင်းလုပ်ခဲ့ပါတယ်။ အဲ့တုန်းကဆို ပိတ်မိနေတဲ့သူတွေ ၄၀ကျော်လောက်ဟာ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။ ပြီးတော့လည်း ပြည်သူ၊လူထုကို ရိက္ခာတွေအငတ်ထားပြီး တချို့အမျိုးသမီးတွေကို အစားအသောက်နဲ့မျှားပြီး လိင်အမြတ်ထုတ်တာတွေလုပ်ခဲ့ပါတယ်။ နောက်ဆုံးမြို့ကို တလရတပ်တွေရခါနီးမှာတော့ အဲ့ဒီဘုန်းကြီးကျောင်းကို ပြည်သူတွေရှိတာ သိသိရက်နဲ့ တမင်ဗုံးကြဲချခဲ့လို့ Non-CDMဆရာမတွေ ၄ယောက်လောက်သေဆုံးခဲ့ပြီး ကျန်တဲ့ပြည်သူတွေကတော့ လက်မတင်လေးတင် လွတ်မြောက်ခဲ့ပါတယ်”လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့အင်းတော်မြို့နဲ့ လက်ရှိစစ်ရေးတင်းမာနေတဲ့ ထီးချိုင့်မြို့တို့ဟာ ကသာမြို့နဲ့ဆက်စပ်နေပါတယ်။

ကသာမြို့ပေါ်ကို စစ်တပ်ကထိန်းချုပ်နိုင်ဖို့ကြိုးစားနေဆဲဖြစ် တိုက်ပွဲတွေအချိန်မရွေးဖြစ်ပွားနိုင်တဲ့အတွက် ဒေသခံတွေအနေနဲ့သတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးပါတယ်။

လက်ရှိမှာ စစ်တပ်က မြို့ခံတွေကို ထွက်ခွင့်မပေးတဲ့အတွက် စိုးရိမ်နေရတယ်လို့ မန္တလေးမြို့ကိုရောက်နေတဲ့ ကသာမြို့ခံတစ်ဦးကပြောပါတယ်။ ဒေသခံတွေဟာပိတ်မိနေသူတွေရဲ့ ဓာတ်ပုံတွေကို တင်ပြီး လူမှုကွန်ရက်ကတဆင့် အဆက်အသွယ်ရအောင် ကြိုးစားနေကြဆဲဖြစ်ပါတယ်။

ကသာမြို့ပေါ်က မြောက်ကျောင်းအပါအဝင် ဘုန်းကြီးကျောင်းအချို့ကသံဃာတော်တွေဟာ စစ်ကောင်စီတပ်ထံ ခွင့်တောင်းပြီး မန္တလေးမြို့ကို ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအထက်ပိုင်းကသာမြို့မှာစစ်ကောင်စီတပ်နဲ့ ကချင်လွတ် လပ်ရေးတပ်မတော်(KIA) ၊ PDF တပ်တွေကြားတိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က မြို့အဝင်အထွက်ပိတ်ဆို့ထားတဲ့ အတွက် ဒေသခံထောင်နဲ့ချီပမြို့အတွင်းမှာ ပိတ်မိနေဆဲလို့ စစ်ရှောင်လာသူ အမျိုးသမီးတစ်ဦးဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့ကို စစ်တပ်က ပိတ်ဆို့ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေလို့ ဒေသခံပြည်သူတွေ ပိတ်မိနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကသာမြို့မှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားလုံးဝရပ်ဆိုင်းသွားပြီဖြစ်သလို အမှတ် ၃၀၉ ​ခြေမြန်တပ်ရင်း(ခမရ ၃၀၉)ထဲ ထွက်ပြေးတဲ့ စစ်​ကောင်စီဝန်ထမ်းတွေကို စစ်တပ်က ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့မှာ ဝင်ရောက်တိုက်ခိုက်နေပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။