ခရီးသည်တင် လေယာဉ်တစ်စီးကို NATO စစ်မဟာမိတ် အဖွဲ့ရဲ့ တိုက်လေယာဉ်တွေက ကြားဖြတ် စောင့်ကြည့်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း ဟောင်ကောင် အရပ်ဖက် လေကြောင်း ကွပ်ကဲရေးဌာန (CAD)က ထုတ်ပြန်ခဲ့ပါတယ်။
ဟောင်ကောင်ရဲ့ ကသေး ပစိဖိတ် လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ ဇူလိုင် ၄ ရက်နေ့တုန်းက NATO အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ရိုမေးနီးယားရဲ့ လေပိုင်နက်ထဲမှာ တိုက်လေယာဉ်တွေရဲ့ ခြေရာခံ စောင့်ကြည့်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။
နောက်ထပ် NATO နိုင်ငံတစ်ခုဖြစ်တဲ့ ဟန်ဂေရီက တိုက်လေယာဉ် နှစ်စီးကို စေလွှတ်ပြီး ခရီးစဉ်အမှတ် CX257ရဲ့ အခြေအနေကို စောင့်ကြည့် စစ်ဆေးစေခဲ့တာလို့ သိရပါတယ်။
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ဆီ ဦးတည်ပျံသန်းနေခဲ့တဲ့ ခရီးသည်တင် လေယာဉ်ဟာ လေကြောင်းထိန်းသိမ်းရေး မျှော်စင်နဲ့ ခဏလောက် အဆက်အသွယ် ပြတ်သွားတဲ့နောက် NATOဖက်က အခုလို အလွန်အကျွံ တုံ့ပြန်ခဲ့တာ ဖြစ်တယ်လို့ CADက ပြောပါတယ်။

Public Service Announcement
နောက်တော့ ဆက်သွယ်ရေး စနစ်တွေ ပုံမှန် ပြန်အလုပ်လုပ်ခဲ့သလို လေယာဉ်ဟာလည်း လန်ဒန်ရဲ့ ဟိဿရိုး လေဆိပ်ထိ မူလအစီအစဉ်အတိုင်း ဆက်လက် ပျံသန်းနိုင်ခဲ့ကြောင်း သိရပါတယ်။
ဒီဖြစ်စဉ်မှာ ခရီးသည်တွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်ခံရတဲ့ အခြေအနေမျိုး လုံးဝ မရှိခဲ့ကြောင်း၊ လန်ဒန်ကို ရောက်ရှိပြီးတဲ့ နောက်မှာလည်း လေယာဉ် အမှုထမ်းတွေက ဖြစ်စဉ် အသေးစိတ်ကို တာဝန်ရှိသူတွေဆီမှာ အစစ်ဆေး ခံခဲ့ကြောင်း CADက ဆိုပါတယ်။
ဒါပေမဲ့ လေကြောင်းလိုင်းဖက်က စည်းမျဉ်းတွေနဲ့ ပတ်သက်လို့ တိတိကျကျ လိုက်နာခဲ့တဲ့တိုင် တိုက်လေယာဉ်တွေ ပျံတက်လာပြီး ချဉ်းကပ် စောင့်ကြည့်တဲ့ထိ ကြုံတွေ့ခဲ့ရတဲ့အပေါ် အထူးစိုးရိမ်မိကြောင်း CADက ထုတ်ပြန်ခဲ့ပါတယ်။
ဟန်ဂေရီ ကာကွယ်ရေး ဝန်ကြီး ရိုမူလက်ဇ် ရူစ်ဇင် ဇန်ဒီက ဇူလိုင် ၄ ရက် ဖြစ်စဉ်မှာ NATOရဲ့ မြန်နှုန်းမြင့် တုံ့ပြန်မှု စံနှုန်း သတ်မှတ်ချက်တွေအတိုင်း Airbus A350 အမျိုးအစား လေယာဉ်ကို စောင့်ကြည့်ဖို့ ဟန်ဂေရီ တိုက်လေယာဉ်တွေဟာ ဘူဒါပက်စ်ခ် မြို့တော်ကနေ ပျံတက်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
တိုက်လေယာဉ်မှူးတွေက ခရီးသည်တင် လေယာဉ်ပေါ်မှာ ဘာအမှားအယွင်း ဖြစ်နေသလဲ ဆိုတာကို အကဲခတ်ဖို့ ကြိုးစားခဲ့ကြောင်း၊ နောက်တော့ ရိုမေးနီးယား လေပိုင်နက်ထဲမှာပဲ ခရီးသည်တင် လေယာဉ်က လေကြောင်း ထိန်းသိမ်းရေး မျှော်စင်နဲ့ အဆက်အသွယ် ပြန်ရသွားလို့ တိုက်လေယာဉ်တွေ နောက်ကြောင်း ပြန်လှည့်လာခဲ့ကြောင်း သူက ဆိုပါတယ်။
NATOရဲ့ မြန်နှုန်းမြင့် တုံ့ပြန်မှု အစီအမံတွေအရ ဥရောပ လေပိုင်နက်ထဲ ခွင့်ပြုချက် မရှိဘဲဖြစ်စေ၊ ဘယ်သူဘယ်ဝါ မသိရဘဲဖြစ်စေ၊ ဘေးအန္တရာယ် တစ်ခုခု ကြုံနေတဲ့ အနေအထားမျိုးနဲ့ဖြစ်စေ ဝင်ရောက်လာတဲ့ လေယာဉ်တွေကို တိုက်လေယာဉ်တွေ စေလွှတ်ပြီး စောင့်ကြည့်စေလေ့ ရှိပါတယ်။
ရိုမေးနီးယားနဲ့ ဟန်ဂေရီတို့ဟာ နိုင်ငံ ၃၂ ခု စုစည်းထားပြီး ကမ္ဘာပေါ်မှာ အကြီးမားဆုံး စစ်ရေးမဟာမိတ် အဖွဲ့အဖြစ် ရပ်တည်နေတဲ့ NATOရဲ့ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ပါတယ်။
ကိုးကား: CNA

















































