Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာသိမ်းစစ်ကောင်စီကို ရင်ဆိုင်ရာမှရလာတဲ့ အကျိုးအမြတ်တွေ

ကမ္ဘာပေါ်မှာ မအောင်မြင်ဆုံးစစ်တပ်အာဏာသိမ်းမှု ‌ခြောက်လပြည့်တဲ့နေ့မှာဘဲ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က သူတို့ကို ဘယ်သူကမှအသိအမှတ်မပြုတာကြောင့် နိုင်ငံတစ်ကာက အသိအမှတ်ပြုလာလေမလားဆိုပြီး တစ်ကွက်ထုတ်ပြပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနေ အိမ်စောင်အစိုးရဆိုပြီး အမည်ပြောင်းပြီး သူ့ကိုယ်သူ ဝန်ကြီးချုပ်ရာထူးပေးလိုက်တာပါ။အရာရာကိုဖျက်ဆီးတာပဲလုပ်တက်တဲ့ အာဏာသိမ်းစစ်အုပ်စုအောက်က ခြောက်လတာဟာ မြန်မာပြည်သူတွေအတွက် ငရဲတွင်း ကျသလို ဒုက္ခပေါင်းစုံများပြားလွန်းလှပါတယ်။ဒီလို ဒုက္ခပေါင်းစုံရင်ဆိုင်နေရပေမယ့် အမှန်တရားအတွက်၊မျှတမှုအတွက်၊ဒီမိုကရေစီနဲ့လူအခွင့်အရေးအတွက် ၊ဖက်ဒရယ်ဒီမိုကရေစီအတွက်ပြည်သူတွေ သတ္တိပြောင်မြောက်စွာနဲ့ ရုန်းကန်၊တော်လှန်ခဲ့တာတွေကြောင့် အောင်မြင်တာတွေ၊ နိုင်ငံတော်သစ်အတွက် အကျိုးအမြတ်တွေထွက်ပေါ်လာနေပြီလည်းဖြစ်နေပါတယ်။

ရက်စက်၊ယုတ်မာမှုမှာ သရဖူဆောင်းတဲ့စစ်ကောင်စီကို ကျွန်မခံဘဲ ရင်ဆိုင်တော်လှန်ရာကနေ ရရှိခဲ့တဲ့ အောင်မြင်မှု၊အကျိုးကျေးဇူးတွေ ပြည်သူတွေသတိထားကြည့်လိုက်ရင် များစွာရှိနေပါတယ်။

၁။ စစ်တပ်ရဲ့ပကတိရုပ်သွင်မြင်လာခြင်း – ၁၉၆၂ အာဏာသိမ်းချိန်ကစလို့ နိုင်ငံတော်အာဏာကို မတရားသဖြင့် ရယူသိမ်းပိုက်ခဲ့တဲ့ စစ်တပ်က တစ်နိုင်ငံလုံးကိုဖျက်ဆီးတာလဲ သူတို့ ပြည်သူတွေက သူတို့ကို ကယ်တင်ရှင်လို့ ဆက်ဆံစေချင်တာလည်းသူတို့ပါ။ ၁၉၆၂ ၊၁၉၈၈နဲ့ ၂၀၂၁ အာဏာသိမ်းစစ်တပ် အဆက် ဆက်က ပြည်သူတွေကို ဝါဒမှိုင်းတိုက်ပြီး သွေးခွဲအုပ်ချုပ်တာ ၊တိုင်းပြည်ကို ဖျက်ဆီးနေပြီး သူတို့ကပဲ အနစ်နာခံအစွန့်လွတ်ခံ နေရသယောင် ဝါဒဖြန့်ချီတာတွေက၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ မျက်နှာဖုံးလုံးလုံးကျွတ်ပြီး သူတို့ရဲပကတိရုပ်ကို ပြည်သူတွေကရော၊တစ်ကမ္ဘာလုံးကပါ အထင်အရှားမြင်ရပါတော့တယ်။

ဒါကတော့ အာဏာသာငမ်းငမ်းတက်မက်မောနေတဲ့ စစ်ဗိုလ်ချုပ်တွေကသူတို့အကျိုးစီးပွားအတွက် မောင်ပိုင်စီး ထားပြီး အောက်ခြေစစ်သားတွေကလည်း အပေါ်က အမိန့်ပေးတာနဲ့ကျေးဇူးရှင်ပြည်သူတွေကို မညှာမတာ ပစ်သတ်တဲ့ အကြမ်းဖက်စစ်တပ်၊တိုင်ပြည် ကိုဘက်ပေါင်းစုံက ဖျက်ဆီးနေတဲ့ အကြမ်းဖက် စစ်တပ်သာ ဖြစ်တယ်ဆိုတာ ဘွားဘွားကြီးပေါ်လာပါတယ်။ စစ်တပ်က အနာဂါတ်မှာ ပြည်သူကို ဘယ်တော့မှ ဂျင်းထည့်လို့ မရတော့ပါဘူး။

၂။ ပြည်သူများကြားမကြုံဖူးအောင်ညီညွတ်လာခြင်း – အာဏာသိမ်းစစ်တပ်ရဲ့အောက်မှာ မြန်မာပြည်သူတွေဟာ မျက်မှောက်မျိုးဆက်တွေအကြားဘယ်တုန်းကမှ မရဘူးတဲ့စည်းလုံးညီညွတ်မှုကို ရခဲ့ပါတယ်။ ဘာသာ၊လူမျိုး ၊တည်နေရာ ဘယ်လိုပဲမတူစေကာမူ ပြည်သူတွေအားလုံးဟာ စစ်အာဏာရှင်စနစ်ကို လုံးဝလက်မခံဘူး။ ဖက်ဒရယ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိုသာ တန်ဖိုးထားလိုလားတယ်ဆိုတာ ငြိမ်းချမ်းစွာနဲ့တစ်နိုင်ငံလုံးဆင်နွဲခဲ့တဲ့ဆန္ဒပြပွဲတွေ ၊ ဆန္ဒပြပြည်သူတွေကို စစ်ကောင်စီတပ်က အကြမ်းဖက်သတ်ဖြတ်တာကြောင့် ရရာလက်နက်စွဲကိုင်တော်လှန်နေချိန် ၊ကိုဗစ်တတိယလှိုင်းကြား အချင်းချင်းရိုင်းပင်းကူညီတာတွေကိုကြည့်ချင်းအားဖြင့် ပြည်သူတွေရဲ့စည်းလုံးမှုညီညွှတ်မှုကို နွေဦးတော်လှန်ရေးမှာမြင်တွေ့နိုင်ပါတယ်။ ဒီစည်းလုံးညီညွတ်မှုက ဖက်ဆစ်ဂျပန်တွေကို မြန်မာ့မြေပေါ်က မောင်းထုတ်ခဲ့တဲ့ ၁၉၄၅ မတ်လကထက်တောင် အင်အားပိုကြီးမားနေပြီဖြစ်ပါတယ်။

၃။ ဘာသာရေး၊လူမျိုးရေး ဂျင်းတွေထည့်မရတော့ – ခေတ်အဆက်ဆက်မှာ စစ်တပ်က တိုင်းရင်းသားအချင်းချင်းသွေးခွဲအုပ်ချုပ်တာ၊ ဘာသာရေး၊ လူမျိုးရေးပြသာနာတွေဖန်တီးပြီး အုပ်ချုပ်တာတွေ ကိုနောင်အနာဂတ်မှာ လုပ်လို့မရတော့ပါဘူး။ သီတာထွေးကိစ္စနဲ့ ဘာသာရေး၊လမျိုးရေးပြသာနာဖန်တီးပြီး ရိုဟင်ဂျာတွေကို ရက်ရက် စက်စက်သတ်ဖြတ်ပြီး နိုင်ငံကို ဒုက္ခတွင်းထဲပို့ခဲ့တာ၊ မိတ္ထီလာ၊ ဥက္ကံ၊ လားရှိုး ဘာသာရေးပဋိပက္ခတွေဖန်တီးပြီး နိုင်ငံကို မီးရှိုခဲ့တာ၊တိုင်းရင်းသားအချင်းချင်းသွေးခွဲ၊ ဗမာလူမျိုးကြီးစိတ်သွတ်သွင်းပြီး အုပ်ချုပ်ခဲ့တာ တွေက စစ်တပ်ရယ်၊ စစ်တပ်ကမွေးထားတဲ့ အမျိုးသားရေးအမည်ခံအင်အားစုတွေနဲ့ ပြည်ခိုင်ဖြိုးပါတီ တို့ပဲဖြစ်ပါတယ်။ ဒီနွေဦးတော်လှန်ရေးက မြန်မာပြည်သူတွေ အားလုံးကြား ဘာသာ၊လူမျိုး၊ ကျား၊မ ဖြစ်တည်မှု၊ အရပ်ဒေသ ကွဲပြားမှုတွေကြောင့် စိတ်ဝမ်းကွဲမှု မဖြစ်စေတော့ပဲဘယ်တုန်းကနဲ့မှမတူအောင် စည်းလုံးသွားစေပြီဖြစ်ပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံထူထောင်ဖို့အတွက် အခြေခံကောင်းရသွားပြီလို့ဆိုရပါတယ်။

၄။ မျိုးဆက်သစ်များ နိုင်ငံရေးအသိစိတ်ဓါတ်နိုးကြားသွားသေခြင်း – အိမ်တွေမှာ ဆိုင်တွေမှာဗီဒီယိုဂိမ်းအေးအေးဆေးဆေးကစားနေတဲ့ ၊မိဘရဲ့အရိပ်အာဝါသအောက်မှာအပူအပင်မရှိဘဲကျောင်းတက် နေတဲ့ Generation Z (ယခုအချိန်တွင်အသက် ၆ နှစ်မှ ၂၄ နှစ်အတွင်းရှိသူများ)လို့ခေါ်တဲ့ မျိုးဆက်သစ်တွေဟာ နိုင်ငံရေးစိတ်မဝင်စားတဲ့ အခြေအနေကနေ စစ်ကောင်စီရဲ့ နိုင်ငံတော်အာဏာကို မတရားသဖြင့်ရယူတာကိုခံလိုက်ရတဲ့အခါ ဒီမိုကရေစီ နဲ့လွတ်လပ်ခွင့်အတွက် ရှေ့တန်းကနေအဓိက တိုက်ပွဲဝင်တဲ့သူတွေဖြစ်လာပါတယ်။

ဒါက အကြမ်းဖက်စစ်ခေါင်းဆောင်တွေထည့်သွင်းတွက်ချက်မထားတဲ့အခြေအနေပါ။ Generation Z မျိုးဆက်နဲ့အတူ၊ Generation Y မျိုးဆက် (အသက် ၂၅ မှ ၄၀ နှစ်ကြား) တွေ၊ Generation X (အသက် ၄၁ မှ ၅၆ ကြား)မျိုးဆက် ၊ Baby Boomer( အသက် ၅၇ မှ ၇၅ နှစ်ကြား) မျိုးဆက်စတဲ့မျိုးဆက်အသီးသီးကစုပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီအတွက် မိမိတို့ရဲ့သံဓိဌာန်ကို အခိုင်အမာပြသပြီးစစ်အာဏာရှင်ကိုတော်လှန်နေပါတယ်။နွေးဦးတော်လှန်ရေးကြောင့် အရင်နိုင်ငံရေးကို စိတ်မဝင်စားကြတဲ့မျိုးဆက်သစ်လူငယ်တွေက နိုင်ငံရေးကို စိတ်ဝင်စားပြီး လက်တွေ့ပါဝင် လှုပ်ရှားလာတဲ့အင်အားတွေကြောင့် မြန်မာနိုင်ငံတော်သစ်ရဲ့အနာဂါတ်အတွက် အခြေခံကောင်းတွေရလာပြီဖြစ် ပါတယ်။

၅။ ပြင်လို့မရတဲ့ ၂၀၀၈ ခြေဥပျက် – စစ်တပ်က အာဏာသိမ်းတာကြောင့်ပထမဆုံးရတဲ့အကျိုးကျေးဇူးက အရေး ကြီးတဲ့ပုဒ်မတွေပြင်ဖို့ဘယ်လိုမှ မဖြစ်နိုင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းပြီးဖြစ်သွားတာပါပဲ။ စစ်ကောင်စီက ခြေဥကို မဖျက်ဘူးဆိုပေမယ့် အာဏာသိမ်းကတည်းက ခြေဥကို ချိုးဖောက်ပြီးဖြစ်သလို၊ပြည်သူတွေ ထောက်ခံမှု တခဲနက်ရရှိထားတဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH )နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည်း ခြေဥကိုဖျက်သိမ်းလိုက်ကြောင်းကြေငြာပြီးဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့(သြဂုတ် ၁ရက်)မှာပဲ စစ်ကောင်စီက သူသဘောနဲ့သူ အိမ်စောင်အစိုးရဖွဲ့ပြီး အာဏာသိမ်းခေါင်းဆောင်က ဝန်ကြီးချုပ်ရထူးယူလိုက်တာတွေကြောင့် ခြေဥကပျက်သွားပြီဆိုတာပိုသေချာစေခဲ့ပါတယ်။

၆။ စစ်ကောင်စီအုပ်ချုပ်မရခြင်း – အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်ဘဲသတ္တိရှိရှိနဲ့ စွန့်လွတ်အနစ်နာခံခဲ့တဲ့ ပြည်သူ့ဝန်ထမ်းတွေ ၊စစ်ကောင်စီကို အခွန်မဆောင်ဘဲ ရသမျှနည်းလမ်းမျိုးစုံနဲ့ဆန့်ကျင်နေတဲ့ပြည်သူတွေ ၊ ဒီနေ့အချိန်ထိလမ်းတွေပေါ်မှာငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသူတွေ၊ စစ်ကောင်စီယန္တရားတွေကို သတ္တိရှိရှိ ဖျက်ဆီးနေတဲ့ တော်လှန်ရေးတပ်သားတွေကြောင့် အာဏာသိမ်းထားတာ ခြောက်လရှိပေမယ့် စစ်ကောင်စီက အခုချိန်ထိနိုင်ငံကို အုပ်ချုပ်မရပါဘူး။ဒါက ၁၉၈၈ ကနဲ့ လုံးဝမတူတဲ့အခြေအနေပါ။ စစ်ကောင်စီ က ကျန်းမာရေးကဏ္ဍ၊ပညာရေး ကဏ္ဍစတဲ့ ကဏ္ဍတွေမှာ သတ္တိပြောင်မြောက်တဲ့ CDM ဝန်ထမ်းကောင်းတွေကြောင့်မလည်ပတ်နိုင်သေးပါဘူး။ ပြည်သူတွေလက်တွဲညီတာကြောင့် စစ်ကောင်စီလက်အောက်မှာ ဘဏ်စနစ်တွေလည်ရပ်တန့်သွားသလို၊ မီတာခတွေလည်းကောက်လို့မရ ၊ထီလည်းရောင်းလို့မရ ၊ အခွန်တွေ လည်းကောက်လို့မရပါဘူး။ ဒီလောက်ရက်စက်ယုတ်မာတဲ့ စစ်ကောင်စီကို ယန္တရားတွေလည်ပတ်လို့မရအောင် သတ္တိပြောင်မြောက်လှတဲ့ CDM ဝန်ထမ်းတွေ ၊ပြည်သူတွေရဲ့ တော်လှန်ရေးသတ္တိနဲ့ သံဓိဌာန်က ကမ္ဘာမှာ မြန်မာကို စံတင်ရတော့မှာဖြစ်ပါတယ်။

၇။ နိုင်ငံတကာကရော၊ပြည်သူတွေကပါစစ်ကောင်စီကို အသိအမှတ်မပြုခြင်း – စစ်ကောင်စီကို ပြည်သူတွေက စည်းလုံးညီညွှတ်စွာဆန့်ကျင်တော်လှန်တာ ၊စစ်ကောင်စီရဲ့ယုတ်မာရက်စက်မှုတွေကြောင့် အကြမ်းဖက် အဖွဲ့ သာဖြစ်တယ်ဆိုတာပေါ်လွင်ထင်ရှားနေတဲ့အတွက် အာဏာငမ်းငမ်းတက်နေတဲ့ မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေကို နိုင်ငံတကာကရော ၊ပြည်သူတွေကပါ အခုချိန်ထိ လုံးဝအသိအမှတ်မပြုပါဘူး။ အာဏာလိုချင်လို့ သိမ်းပြီးကာမှ ရက်ပေါင်း ၁၈၀ ကျော်တဲ့အထိ နိုင်ငံတကာကို မျက်နှာချိုသွေးလိုက် ၊ပြည်သူတွေကိုချော့တစ်ခါခြောက်တစ်လှည့်လုပ်နေပေမယ့် အသိ့အမှတ်ပြုသူ မရှိတာက အကြမ်းဖက်ခေါင်းဆောင်အတွက်အလွန် မခံချိမခံသာအခြေအနေဖြစ်ပါတယ်။ ရှေ့မှာ အာဏာသိမ်းစစ်ကောင်စီအတွက် ဒီထက်ပိုဆိုးတဲ့အခြေအနေနဲ့ နေဝင်ချိန် ရောက်လာတော့မှာမို့ အခုအခြေအနေကိုပဲ အာသာဖြေရတော့မှာဖြစ်ပါတယ်။

၈။ ဖက်ဒရယ်တပ်မတော်ပေါ်လာတော့မည်ဖြစ်ခြင်း – အကြမ်းဖက်စစ်ကောင်စီကို ငြိမ်းချမ်းစွာဆန္ဒပြတာကို ရက်ရက်စက်စက်သတ်ဖြတ် အကြမ်းဖက်တာတွေကြောင့် လက်နက်ဆွဲကိုင်တော်လှန်ဖို့ ၊ နိုင်ငံတော်သစ်နဲ့ ပြည်သူတွေအနာဂတ်အတွက် အလိုအပ်ဆုံးဖြစ်တဲ့ ဖက်ဒရယ်တပ်မတော် တည်ဆောက်နိုင်ဖို့ လူငယ်တွေက အခုအခါမှာ ဒေသအသီးသီးမှာစစ်ပညာကို အပင်ပန်းအဆင်းရဲခံပြီးသင်ယူနေကြပါတယ်။ လူငယ်တစ်ချို့က စစ်ပညာသင်ပြီးတဲ့​နောက်အကြမ်း ဖက်စစ်​ကောင်စီကို သတ္တိရှိရှိတော်လှန်တိုက်ခိုက်​နေကြပြီဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ ကိုယ်ကျိုးရှာမှု ၊စောင့်ရှောက်ရမယ့်ပြည်သူတွေကို မညှာမတာရက်ရက်စက်စက်သတ်ဖြတ်မှုတွေ ကြောင့် အကြမ်းဖက်တပ်မှာ ဆက်လက်တာဝန်မထမ်းတော့ဘဲ ပြည်သူ့ရင်ခွင်ခုံလှုံတဲ့တပ်မတော်သားတွေ အများကြီး ရှိလာပြီဖြစ်ပါတယ်။

ဒါ့အပြင် မိမိတို့ရဲ့ကိုယ်ပိုင်အခွင့်အရေးအတွက် အကြမ်း ဖက်စစ်တပ်ကို ဆယ်စုနှစ်ပေါင်းများစွာလက်နက်စွဲကိုင်တိုက်ပွဲဝင်နေသလို၊ တော်လှန်ရေးတပ်သားတွေဖြစ်တဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို အကူအညီတွေပေး၊စစ်ပညာသင်ပေးနေတဲ့ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များစွာလည်းရှိနေပြီဖြစ်ပါတယ်။ ဒီအင်အားစုတွေနဲ့ အကြမ်းဖက်စစ်တပ်ကိုမောင်းထုတ် ပြစ်ဒဏ်ခတ်ပြီး ၊နိုင်ငံတော်သစ်အတွက် ပြည်သူတွေအားလုံးကိုကာကွယ်မယ့် ဖက်ဒရယ်တပ်မတော်ကို တည်ဆောက်ရမှာဖြစ်ပါတယ် ။ အခုအခြေအနေကဖက်ဒရယ်တပ်မတော်ဖွဲ့စည်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ဖို့အတွက် ဘယ်တုန်းကမှ မကြုံဖူးအောင်အလွန်နီးစပ်နေပြီးဖြစ်သလို ၊လမ်းကြောင်းမှန်ပေါ်ရောက်နေတာလည်းဖြစ်ပါတယ်။

ဒါ့ကြောင့်အခုအခြေအနေက လောကငရဲကျနေတာဆိုပေမယ့်ပြည်သူတွေအတွက် ၊ဓမ္မဘက်တော်သား အားလုံး အတွက်အခွင့်အရေးတွေအများ ရှိနေပါတယ် ။အထက်ပါအင်အားစုတွေရဲ့စုပေါင်းအားနဲ့၁၉၆၂ ကနေ အခုချိန်ထိ့ နှစ်ပေါင်း ၇၀ နီးပါးနိုင်ငံကို ဖျက်ဆီးခဲ့တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ဒီနွေဦးတော် လှန်ရေးမှာ အမြစ်ကနေ အပြီးတိုင်ဆွဲနှုတ်ဖို့အတွက်အကောင်းဆုံးအခွင့်အရေးရရှိနေတာပဲဖြစ်ပါတယ်။ ဒီအခွင့်အရေးကို ဒီတစ်ကြိမ်မှာ လက်လွတ်ခံလို့မရပါဘူး။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

ဘာကီနာဖာဆိုဟာ အာဏာသိမ်းမှုတွေနဲ့ မစိမ်းလှတဲ့ နိုင်ငံလို့ ဆိုရမှာပါ။ ၁၉၆၀ ပြည့်နှစ်မှာ လွတ်လပ်ရေး ရခဲ့တဲ့နောက်ပိုင်း ဘာကီနာဖာဆိုမှာ အာဏာသိမ်းမှု ၈ ကြိမ်ထက်မနည်း ကြုံခဲ့ဖူးပြီး ဖြစ်ပါတယ်။

သတင်း

"မိုးနှောင်းခင်းရွာကိုသွားတဲ့ တောင်ကြားလမ်းကို ပိတ််ထားတယ်လို့ သိရတယ်။ ရွာထဲမှာပျူသင်တန်းပေးနေလို့ လမ်းပိတ်ထားတာတဲ့။"ဟု တောင်သာနယ်ဒေသခံတစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် မြိုင်မြို့နယ်အနောက်ပိုင်း၊ ကျောက်ခွက်ကျေးရွာသို့ စက်တင်ဘာ ၂၅ ရက်က စစ်ကြောင်းထိုးဝင်ရောက်လာခဲ့စဥ် ကျောက်ခွက်ရွာအရှေ့ထိပ်တွင် မြိုင်(ပကဖ)နှင့် မဟာမိတ်တပ်ဖွဲ့များက မိုင်းသုံးလုံးဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၂၉ရက်တွင် ထီးချိုင့်မှ ထွက်ခွာလာရာ ပေါက်ကုန်းရွာအဝင်နားတွင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု Tigyaing Revolution က သတင်းဖော်ပြသည်။