Connect with us

Hi, what are you looking for?

အတွေးအမြင်

အရာတော်အကြမ်းဖက်မှုနှင့် ဖိနှိပ်ကျူးလွန်သောစနစ်အဆောက်အအုံများဖြိုချဖျက်သိမ်းရေး

ရာဇဝတ်ပြစ်မှုတိုင်းဟာ Hate crimeဖြစ်နေတာ မဟုတ်ပါဘူး။ အခြားရာဇဝတ်ပြစ်မှုတွေနဲ့ Hate crime သက်ရောက်မှုကွာတာ ရှိပါတယ်။

အရာတော်အကြမ်းဖက်မှုနှင့် ဖိနှိပ်ကျူးလွန်သောစနစ်အဆောက်အအုံများဖြိုချဖျက်သိမ်းရေး
အရာတော်အကြမ်းဖက်မှုနှင့် ဖိနှိပ်ကျူးလွန်သောစနစ်အဆောက်အအုံများဖြိုချဖျက်သိမ်းရေး

နွေဦးသပြေ/People’s Spring

(ညစ်ညမ်းဆဲဆိုမှုနဲ့ သာမာန်နာကျင်စေမှု သက်သက်လား၊ Hate crimeလား၊ မလိုမုန်းထားဘက်လိုက်ရာဇဝတ်ပြစ်မှု ဆိုတာ ဘာလဲ၊ သာမာန်ပြစ်မှုနဲ့ Hate crime ဘာကွာလဲ၊ Hate crimeကျူးလွန်ကြောင်း သက်သေအထောက်အထား ဘယ်လိုဖော်ထုတ်နိုင်သလဲ၊ အမှုလိုက်ပေးပြီး တရားမျှတမှုဆောင်ကြဥ်းလိုတဲ့ ရှေ့နေတွေအတွက် တရားခွင်မှာတင်ပြလို့ရတဲ့သက်သေအထောက်အထားတွေက ဘာတွေလဲ၊ ဖိုဝါဒနဲ့တကွ ဖိနှိပ်မှုစနစ်အဆောက်အအုံတွေအားလုံးကို တပါတည်းဖြိုချဖြေရှင်းဖို့ ဘာကြောင့်အရေးကြီးသလဲ။)

-ဂျန်ဒါအခြေပြုအကြမ်းဖက်မှုဆန့်ကျင်ရေး(၁၆)ရက်တာလှုပ်ရှားမှု မရှေးမနှောင်း ရက်ပိုင်းအတွင်းအညာမှာ LGBTQအမျိုးသမီးစုံတွဲကို အမျိုးသားတဦးက ပစ်မှတ်ထားအကြမ်းဖက်ဖိနှိပ်တိုက်ခိုက်မှုဖြစ်စဥ် ဖြစ်ပွားပြီး သူတို့ရဲ့လိင်စိတ်တိမ်းညွှတ်မှုနဲ့ဂျန်ဒါခံယူမှုတွေအပေါ် ကိုယ်အမူအရာ၊ နှုတ်အမူအရာနဲ့ ညစ်ညစ်ညမ်းညမ်းဆဲဆိုမှုတွေရော ကိုယ်ထိလက်ရောက်အကြမ်းဖက်မှုတွေပါ ကျူးလွန်မှုဖြစ်ပွားခဲ့တယ်။

ဒါဟာဒီလူ့အဖွဲ့အစည်းမှာဖြစ်ပွားနေတဲ့ အလားလူဖြစ်စဥ်တွေထဲက တမှုဖြစ်ပြီး ဒီအမှုမှာတော့နစ်နာသူတွေက သတင်းထောက်တဦးနဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တဦးဖြစ်ပြီး အများပြည်သူသိအောင် ထုတ်ဖော်ပြောဆိုနိုင်တာကြောင့် ဆိုရှယ်မီဒီယာမှာလူအများသိရှိ တရားမျှတမှုဝိုင်းဝန်းတောင်းဆိုနေကြပါတယ်။

Public Service Announcement

Public Service Announcement

အမှုဖြစ်ပွားပြီးချိန်က အမှုမဖွင့်ပေးခဲ့တဲ့ NUG ပြည်ထဲရေးဌာနလက်အောက်ခံ ပလဖဟာ လူအများဝိုင်းဝန်းရပ်တည်ဝေဖန်ပြီးနောက်မှာတော့ ညစ်ညမ်းဆဲဆိုမှုလို့လူသိများတဲ့ ပုဒ်မ၂၉၄၊သာမာန်နာကျင်စေမှုလို့ခေါ်ကြတဲ့ ပုဒ်မ ၃၂၃ တို့နဲ့ အမှုဖွင့်ပေးမယ်လို့ ဆိုလာကြောင်း သတင်းတွေ့ရပါတယ်။ တချိန်တည်းမှာပဲ ကျူးလွန်သူကိုအားပေးပြီး LGBTQအမျိုးသမီးတွေကို မလိုမုန်းထားတိုက်ခိုက်ပြောဆိုသူတွေလည်း ရှိနေသလို၊ အခင်းဖြစ်ပွားရာမှာ တရားမျှတမှုဆောင်ကြဥ်းဖို့အတွက် အဟန့်အတားတွေလည်း ရှိနေပြန်ပါတယ်။

အရာတော်ဖြစ်စဥ်အပါအဝင် ဖြစ်စဥ်တွေဟာ ညစ်ညမ်းဆဲဆိုမှုနဲ့ သာမာန်နာကျင်စေမှု သက်သက်လား၊ Hate crimeလား၊ မလိုမုန်းထားဘက်လိုက်ရာဇဝတ်ပြစ်မှု ဆိုတာ ဘာလဲ၊ သာမာန်ပြစ်မှုနဲ့ Hate crime ဘာကွာလဲ၊ Hate crimeကျူးလွန်ကြောင်း သက်သေအထောက်အထား ဘယ်လိုဖော်ထုတ်နိုင်သလဲ၊ အမှုလိုက်ပေးပြီး တရားမျှတမှုဆောင်ကြဥ်းလိုတဲ့ ရှေ့နေတွေအတွက် တရားခွင်မှာတင်ပြလို့ရတဲ့သက်သေအထောက်အထားတွေက ဘာတွေလဲ၊ ဖိုဝါဒနဲ့တကွ ဖိနှိပ်မှုစနစ်အဆောက်အအုံတွေအားလုံးကို တပါတည်းဖြိုချဖြေရှင်းဖို့ ဘာကြောင့်အရေးကြီးသလဲ ဆိုတာကို လေ့လာမိတဲ့အနည်းငယ်ပြန်လည်မျှဝေလိုပါတယ်။

ရာဇဝတ်ပြစ်မှုတိုင်းဟာ Hate crimeဖြစ်နေတာ မဟုတ်ပါဘူး။ အခြားရာဇဝတ်ပြစ်မှုတွေနဲ့ Hate crime သက်ရောက်မှုကွာတာ ရှိပါတယ်။ အခြားရာဇဝတ်ပြစ်မှုတွေက နစ်နာသူရယ် တိုက်ရိုက်ထိခိုက်တဲ့ပတ်ဝန်းကျင်ရယ်ကို ယေဘုယျအားဖြင့်သက်ရောက်လေ့ရှိပါတယ်။ Hate crimeတွေကတော့ သက်ဆိုင်ရာအသိုက်အဝန်းအုပ်စုတွေကို (ဥပမာ – ဘာသာရေး လူမျိုးရေး လူနည်းစုတွေကို၊ LGBTQတွေကို၊ မသန်စွမ်းတွေကို) ခွဲခြားနှိမ်ချဆက်ဆံလိုတဲ့ ခြိမ်းခြောက်လိုတဲ့ လှန့်လိုတဲ့ နိုင်လိုမင်းထက်ပြုလိုတဲ့ ရည်ရွယ်ချက်နဲ့ သတင်းစကားမက်ဆေ့ ပါဝင်လေ့ရှိပြီး ပစ်မှတ်ထားတိုက်ခိုက်ခံရတဲ့အသိုက်အဝန်းတွေ မလုံခြုံမှုတွေကိုဖြစ်ပေါ်စေတာအပါအဝင် ပိုကျယ်ပြန်တဲ့လူမှုဝန်းကျင်သက်ရောက်မှုတွေ ရှိပါတယ်။ ဒါကြောင့် ဥပဒေကြောင်းအရတရားစီရင်ကြတဲ့အခါမှာ လူ့အဖွဲ့အစည်းဆိုင်ရာဂယက်သက်ရောက်မှုတွေကြီးတဲ့ Hate crimeတွေကိုဆိုရင် သာမာန်နာကျင်စေမှုတို့ ညစ်ညမ်းဆဲဆိုမှုတို့လောက်မကဘဲ ပိုလေးလေးနက်နက် ကိုင်တွယ်ကြရပါတယ်။

ဆိုတော့ — Hate crime မလိုမုန်းထားဘက်လိုက်ခြင်းရာဇဝတ်ပြစ်မှု ဆိုတာ ဘာလဲ။

■ Hate crimeဆိုတာဟာ

  • • အမျိုးသမီးတွေကို ထရန်စ်ဂျန်ဒါတွေကို စသဖြင့် လိင် ဂျန်ဒါအခြေပြု မလိုမုန်းထားဘက်လိုက်ရာဇဝတ်ပြစ်မှု
  • • LGBTQ+တွေအပေါ် လိင်စိတ်တိမ်းညွှတ်မှုအခြေပြုမလိုမုန်းထားဘက်လိုက်ရာဇဝတ်ပြစ်မှု
  • • ရုပ်ပိုင်းဖြစ်စေ စိတ်ပိုင်းဖြစ်စေ ဥာဏ်ရည်ပိုင်းဖြစ်စေ စသဖြင့် မသန်စွမ်းသူအပေါ် သန်စွမ်းဝါဒအခြေပြုမလိုမုန်းထားဘက်လိုက်ရာဇဝတ်ပြစ်မှု၊
  • • လူမျိုးရေးအခြေပြုမလိုမုန်းထားဘက်လိုက်ရာဇဝတ်ပြစ်မှု
  • • ဘာသာရေး ကိုးကွယ်ယုံကြည်မှုအခြေပြုမလိုမုန်းထားဘက်လိုက်ရာဇဝတ်ပြစ်မှု၊

အစရှိတဲ့ ရာဇဝတ်ပြစ်မှုတွေ ဖြစ်ပါတယ်။

နစ်နာသူဟာ လူတဦးတယောက်လည်း ဖြစ်နိုင်တယ်၊ ဂျန်ဒါ လိင်စိတ်တိမ်းညွှတ်မှု လူမျိုး ဘာသာ မသန်စွမ်းမှု အသက်အရွယ် အစရှိသဖြင့် လူအုပ်စုလည်း ဖြစ်နိုင်တယ်။ အုပ်စုအဖွဲ့တခုခုဝင်လူပုဂ္ဂိုလ်လည်းဖြစ်နိုင်သလို အုပ်စုတခုခုအဖွဲ့ဝင်လို့ထင်မြင်ယူဆခံရသူလည်းဖြစ်နိုင်တယ် အုပ်စုတခုခုဝင်မဟုတ်သူလည်းဖြစ်နိုင်တယ်။ ဒါ့အပြင် အုပ်စုဝင်မဟုတ်ပေမယ့် ဆက်နွယ်မှုရှိသူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုးလည်း ရှိတတ်ပါတယ်၊ ဥပမာ – ဒါတွေအားလုံးနဲ့သက်ဆိုင်ရပ်တည်တဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကို ရန်လိုတာမျိုး။ ဘယ်သူမဆို hate crimeရဲ့ နစ်နာသူ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ အများအားဖြင့်တော့ လူနည်းစုဖြစ်တဲ့လူ့အသိုက်အဝန်းတွေဟာ ပိုပြီးပစ်မှတ်ထားတိုက်ခိုက်ခံရလေ့ ရှိပါတယ်။

နစ်နာသူဟာ အိုင်ဒန်တတီအုပ်စုတခုတည်းဝင်သာမဟုတ်ဘဲ တခုထက်မက intersectionality ဆုံထပ်ပြီး တိုက်ခိုက်ခံရတာလည်း ရှိပါတယ်။

■Hate crimeမှာ အဓိက အင်္ဂါရပ်(၂)ရပ် ရှိပါတယ်။

• လိုတိုရှင်းဆိုရင် Crime + bias motivation = hate crime ဆိုပြီး သတ်မှတ်ထားကြပါတယ်။

ရာဇဝတ်ပြစ်မှုလည်းဖြစ်တယ် + ရာဇဝတ်ပြစ်မှုသက်သက်မကဘဲ အဲဒီကျူးလွန်မှုမှာ ဘက်လိုက်မှုနဲ့ မလိုမုန်းထားမှု အရင်းခံပါဝင်တယ် ဆိုရင် အဲဒါဟာ hate crime မြောက်ပါတယ်။

■ Hate Crimeဆိုရာမှာ Crimeဆိုတာက

ရာဇဝတ်ပြစ်မှုမြောက်တဲ့ တိုက်ခိုက်ကျူးလွန်မှုတွေအားလုံးကို ရည်ညွှန်းပါတယ်။ ကာကွယ်စောင့်ရှောက်ဖို့လိုအပ်နေတဲ့ ခွဲခြားဖိနှိပ်ခံထားနေခဲ့ရတဲ့အိုင်ဒန်တတီအုပ်စုဝင်တွေကို ရုပ်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်တိုက်ခိုက်အကြမ်းဖက်မှု သို့မဟုတ် အခြားသူ အဲဒီလိုကျူးလွန်အောင်လုပ်မှု၊ ခြိမ်းခြောက်မှု၊ ကိုယ်ထိလက်ရောက်မဟုတ်သည့်တိုင် နုတ်နဲ့ဖြစ်စေ စာနဲ့ဖြစ်စေ အင်တာနက်မှာဖြစ်စေ နှောင့်ယှက်မှု၊ တိုက်ခိုက်မှု၊ ဆဲဆိုတိုင်းထွာမှု၊ အနိုင်ကျင့်မှု… အစရှိတာတွေကိုလည်း hate crime ရဲ့ သက်သေအထောက်အထားတွေအဖြစ် တရားရုံးမှာတင်ပြကြ တရားစီရင်ကြတဲ့ အမှုတွေ ရှိထားတာကို နိုင်ငံတကာ case studiesတွေမှာ တွေ့ရပါတယ်။

■ Hate Crimeဆိုရာမှာ Hateဆိုတာက

Prejudiceနဲ့ Biasကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

ဝေါဟာရက hate crimeဆိုတဲ့ ဝေါဟာရဖြစ်ပေမယ့် တကယ်တမ်းမှာ ကျူးလွန်သူက နစ်နာသူကို မုန်းတီးနေမှရယ်လို့ မဟုတ်ဘူး၊ ပြစ်မှုမြောက်ဖို့အတွက် လူချင်း မုန်းနေစရာ မလိုဘူး၊ နစ်နာသူကို ဘာပုဂ္ဂိုလ်ရေးခံစားချက်မှ မရှိတာလည်း ဖြစ်နိုင်တယ် လို့ တွေ့ရပါတယ်။ နစ်နာသူရဲ့ လိင်၊ လိင်စိတ်တိမ်းညွှတ်မှု၊ မသန်စွမ်းမှု၊ လူမျိုး၊ ဘာသာ၊ အသက်အရွယ်၊ ရုပ်ရည်ပုံပန်း … အစရှိသဖြင့်တွေအပေါ်မှာ တိုက်ခိုက်ကျူးလွန်သူရဲ့ မလိုဘက်လိုက်မှု၊ မလိုမုန်းထားမှု၊ ရန်လိုမှု၊ ရန်ပြုမှု၊ အကျိုးအကြောင်းအမှန်အပေါ်အခြေမခံဘဲ အဂတိတရားနဲ့ တင်ကြိုထင်မြင်ယူဆချက်အရဆုံးဖြတ်မှုတွေကနေ အရင်းခံတိုက်ခိုက်ကျူးလွန်မှုတွေ ဖြစ်ပါတယ်။

■ ပြစ်မှုကျူးလွန်သူမှာ “Bias (Prejudice) motivation” ရှိခြင်း။

ရိုးရိုးပြစ်မှုကျူးလွန်တာလား မလိုမုန်းထားဘက်လိုက်ပြစ်မှုကျူးလွန်တာလား ဆိုတဲ့အခါမှာ ကျူးလွန်သူဟာ သူတိုက်ခိုက်ကျူးလွန်မယ့် ပြစ်မှုရဲ့ ပစ်မှတ်ကို ရွေးချယ်တဲ့နေရာမှာ — လိင်၊ လိင်စိတ်တိမ်းညွှတ်မှု၊ မသန်စွမ်းမှု (ရုပ်ပိုင်းဖြစ်စေ စိတ်ပိုင်းဖြစ်စေ ဥာဏ်ရည်ဖြစ်စေ … အသွင်အမျိုးမျိုးဖြစ်နိုင်သော မသန်စွမ်းမှုတခုခု)၊ လူမျိုး၊ ဘာသာ (ကိုးကွယ်ယုံကြည်မှုဘာသာရေးဖြစ်စေ ဘာသာစကားဖြစ်စေ)၊ အသက်အရွယ်၊ ကိုယ်ကာယရုပ်ရည်ပုံပန်း… အစရှိသဖြင့်အပေါ် အခြေပြုပြီးတော့ အုပ်စုတခုခုကိုဖြစ်စေ၊ လူတဦးတယောက်ကိုဖြစ်စေ၊ ဒါတွေနဲ့ ဆက်နွယ်တဲ့ လူတွေကိုဖြစ်စေ၊ ရွေးချယ် ပစ်မှတ်ထား တိုက်ခိုက်တယ်ဆိုရင် အဲဒါဟာ ရိုးရိုးရာဇဝတ်ပြစ်မှုမကဘဲ မလိုမုန်းထားဘက်လိုက်ရာဇဝတ်ပြစ်မှုဖြစ်ပါတယ်။

■ကျူးလွန်သူဟာ

  • • လူတဦးတယောက် သို့မဟုတ် ကာကွယ်စောင့်ရှောက်စောင့်ရှောက်ရမယ့်အိုင်ဒန်တတီအုပ်စုတခုခု သို့မဟုတ် တခုထက်မက နဲ့ပတ်သက်လို့ Prejudiceနဲ့ Bias ရှိနေတာ၊
  • • သူ့ရဲ့ မလိုမုန်းထားဘက်လိုက်မှုကို သူ့ရဲ့ပစ်မှတ်ရွေးချယ်တဲ့နေရာမှာ ထင်ဟပ်တာ၊
  • • တိုက်ခိုက်ကျူးလွန်မှုမတိုင်ခင်နဲ့ တိုက်ခိုက်မှုကျူးလွန်နေစဥ်တလျှောက်မှာလည်း မလိုမုန်းထားဘက်လိုက်မှုကို သရုပ်ပြတာ

စသဖြင့်တွေဟာ ပြစ်မှုကျူးလွန်သူရဲ့ bias motivationသက်သေတွေ ဖြစ်ပါတယ်။

(ဒီနေရာမှာ motivationဟာ biasကြောင့်ရော + အကျိုးစီးပွားအရကြောင့်ရော ရောပြွန်းစေ့ဆော်မှုတွေ ပါဝင်နိုင်တာကို case studiesအချို့မှာ တွေ့ရပါတယ်)။

Hate crimeကို သက်သေအထောက်အထား ဘယ်လို ဖော်ထုတ်သတ်မှတ်ကြသလဲ ဆိုတာ ရှိလာပါတယ်။

Biasအရင်းခံပြီး ပြစ်မှုကျူးလွန်ကြောင်း သက်သေအထောက်အထားအဖြစ် တင်ပြလို့ရတာတွေအထဲမှာ —

➞ ဒီဖြစ်ရပ်ဟာ bias (prejudice)စိတ်အရင်းခံတယ် ဆိုပြီး နစ်နာသူကိုယ်တိုင်ကဖြစ်စေ သို့မဟုတ် မျက်မြင်သက်သေကဖြစ်စေ ယူဆသလား

(ယူကေအပါအဝင် နိုင်ငံအချို့မှာဆိုရင် နစ်နာသူကဖြစ်စေ အခြားဘယ်သူတဦးမဆိုကဖြစ်စေ ယူဆရင် hate crimeအဖြစ် ဖော်ထုတ်စွဲဆိုစီရင်ကြပါတယ်)

➞ သံသယတရားခံ သို့မဟုတ် ကျူးလွန်သူဟာ နစ်နာသူရဲ့အသိုက်အဝန်းအကြောင်း (ဥပမာ – LGBTQနဲ့ပတ်သက်လို့၊ အမျိုးသမီးတွေ ထရန်စ်ဂျန်ဒါတွေနဲ့ပတ်သက်လို့၊ လူမျိုးရေး ဘာသာရေး လူနည်းစုတွေနဲ့ပတ်သက်လို့၊ မသန်စွမ်းနဲ့ ပတ်သက်လို့) commentမှတ်ချက်တွေလုပ်ခဲ့သလား၊ စာနဲ့ပေနဲ့ရေးခဲ့ဖူးတာတွေရှိသလား၊ ကိုယ်အမူအရာနုတ်အမူအရာ လက်ဟန်ခြေဟန် လုပ်ပြခဲ့သလား

➞ ဖြစ်ရပ်ဖြစ်ပွားရာမှာ ပန်းချီတွေ ရုပ်ပုံတွေ၊ အမှတ်အသားတွေ၊ သင်္ကေတတွေ၊ သို့မဟုတ် ဂရပ်ဖတီတွေ ကျန်ခဲ့သလား

➞ ကျူးလွန်သူနဲ့ နစ်နာသူဟာ လူမျိုးအရဖြစ်စေ၊ ဘာသာရေးအရဖြစ်စေ၊ ဂျန်ဒါအရ၊ လိင်စိတ်တိမ်းညွှတ်မှုအရ ဖြစ်စေ မတူတာရှိလား

(ဥပမာ – အရာတော်ဖြစ်စဥ်မှာ ကျူးလွန်သူက လိင်ကွဲဆက်ဆံသူ ယောက်ကျား၊ နစ်နာသူက LGBTQ အမျိုးသမီး။ ဥပမာ – ရိုဟင်ဂျာဖြစ်စဥ်မှာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်ပြစ်မှုတွေ ဂျီနိုဆိုက်မှုတွေကို ကျူးလွန်သူက ဗုဒ္ဓဘာသာဝင်၊ နစ်နာသူက အစ္စလာမ်ဘာသာဝင်)

➞ နစ်နာသူရဲ့အုပ်စုနဲ့ သံသယတရားခံရဲ့အုပ်စု အကြားမှာ မလိုမုန်းထားမှုသမိုင်းကြောင်း ရှိလား

➞ အခင်းဖြစ်ပွားရာဧရိယာမှာ အခြားအုပ်စုအဖွဲ့ဝင်တွေနဲ့နှိုင်းယှဥ်ရင် နစ်နာသူဟာ အရေအတွက်ထူးထူးခြားခြားပိုများအင်အားသာတဲ့အုပ်စုဝင်လား ပိုနည်းတဲ့အုပ်စုဝင်လား။ အခြားအုပ်စုတွေက နစ်နာသူအုပ်စုထက် အရေအတွက်ပိုများလား

(ဥပမာ – အရပ်သားပြည်သူ အမျိုးသမီး Queerဖြစ်တဲ့ နစ်နာသူထက် လက်နက်ရှိ heteroအမျိုးသားကျူးလွန်သူနဲ့အပေါင်းအပါတွေအုပ်စုက အရေအတွက်အားဖြင့် သိသိသာသာအင်အားပိုများလား)

➞ ဒီဒေသမှာ အလားတူဖြစ်ရပ်မျိုး ဖြစ်ဖူးသလား၊ နစ်နာသူတွေက ဘယ်သူတွေလဲ

➞ နစ်နာသူဟာ အုပ်စုတခုရဲ့အဖွဲ့ဝင်ဖြစ်မှုကြောင့်ဖြစ်စေ ဆက်နွယ်မှုကြောင့်ဖြစ်စေ နုတ်နဲ့ စကားလုံးနဲ့ စော်ကားတိုက်ခိုက်ခံရတာမျိုး ဆဲရေးခံတာမျိုး နှောင့်ယှက်စာတွေ ဖုန်းကောလ်တွေ တွေ့ကြုံရဖူးလား

➞ နစ်နာသူဟာ အုပ်စုတခုခုနဲ့ဆက်ဆိုင်လေ့ရှိတဲ့ နေရာမှာ သို့မဟုတ် နေရာအနီးအနားမှာ ရှိနေခဲ့သလား (ဥပမာ – ကွန်မြူနတီစင်တာ၊ ဗလီ၊ ဘုရားကျောင်း၊ ဘုရား၊ ဘုန်းကြီးကျောင်း၊ စရှိသဖြင့်…)

➞ လူကိုမဟုတ်ဘဲ အဆောက်အအုံ နေရာ စသဖြင့် တခုခုကို ပစ်မှတ်ထားတာမျိုးဆိုရင် အဲဒါဟာ သမိုင်းဝင်အထိမ်းအမှတ် အဆောက်အအုံတွေ၊ မော်ကွန်းတိုင်တွေ၊ ရုပ်တုတွေ၊ သုဿန်တွေ အစရှိတဲ့ ဘာသာရေး သို့မဟုတ် ယဥ်ကျေးမှုဓလေ့အရ ထင်ရှားမှုရှိတဲ့အရာလား၊

➞ အထိမ်းအမှတ်ကာလတခုခု နေ့တခုခုမှာ အချိန်ကိုက် ဖြစ်ပွားတာလား

အစရှိတဲ့ indicatorsတွေကို သက်သေအထောက်အထားအဖြစ် တရားရုံးတင်ပြနိုင်တယ်လို့ ဆိုပါတယ်။ ဒါတွေဟာ bias indicatorsတွေထဲက ကောက်နုတ်ချက်အချို့သာဖြစ်ပါတယ်။ (စာညွှန်း – osce/odihrက ယူကရိန်းအတွက်ထုတ်ဝေထားတဲ့ hate crimeအကြောင်းနားလည်ရေး လက်စွဲစာအုပ်)။

■ဘေးကရပ်ကြည့်သူတွေရဲ့ တာဝန်ကရော

လိင်စိတ်တိမ်းညွှတ်မှုအခြေပြုမလိုမုန်းထားဘက်လိုက်အကြမ်းဖက်မှုနဲ့ ဂျန်ဒါအခြေပြုမလိုမုန်းထားဘက်လိုက်အကြမ်းဖက်မှုတွေ ဖြစ်ပွားတဲ့ အရာတော်ဖြစ်စဥ်မှာ မတရားမှုကိုဝင်မတား ဝင်မဆွဲသူတွေရှိတဲ့အပြင် တိုက်ခိုက်သူဘက်ကတောင်ရပ်တည်သူတွေ ရှိတဲ့အကြောင်း၊ အဲဒီ့လိုbystandersတွေထဲမှာ ပသုံးလုံးနဲ့ PDF အဖွဲ့ဝင်တွေလည်း ပါဝင်ကြောင်း၊ အထူးသဖြင့် ကျူးလွန်သူဘက်ကရပ်တည်ပြီး နစ်နာသူတွေကိုမောင်းထုတ်ခဲ့သူဟာ ပကဖတာဝန်ခံဖြစ်နေကြောင်း၊ ပလဖကို တိုင်ချက်လှမ်းဖွင့်တဲ့အခါမှာလည်း မရခဲ့ (နောက်ပိုင်း လူအများဝိုင်းဝန်းရပ်တည်ကြချိန်မှာ အမှုဖွင့်ပေးမယ်လို့ဆိုလာ) ကြောင်းတွေကို သိရတဲ့အခါ လူအများက အံ့သြခံပြင်းဝေဖန်နေကြပါတယ်။ ဖိုဝါဒနဲ့စစ်ဝါဒ လည်ပင်းဖတ်ပေါင်းကြတာ ပရိသတ်ကြီးရေ့ပေါ့လေ။

(အင်တာနက်ဆိုင်ဖွင့်ဖို့ နေရာပေးထားတဲ့အိမ်က အန်တီ အမျိုးသမီးတဦးရောက်လာပြီး ဝင်ဆွဲတားပေးလို့ နစ်နာသူတွေသက်သာရာရတာလို့ နစ်နာသူတွေရဲ့ပို့စ်မှာ တွေ့ရတယ်။ ဒီ အန်တီ့ကို ဘယ်သူလဲ မသိရသေးပေမယ့် တကယ်အသိအမှတ်ပြု ကျေးဇူးတင်မိပါတယ်)။

အရာတော်က LGBTQအပေါ် မလိုမုန်းထားဘက်လိုက်အကြမ်းဖက်မှုဖြစ်စဥ်မှာ ဝေဖန်ပြစ်တင်ခံရသူတွေထဲကတချို့က ဒီအမှုကို သာမာန်လူတဦးချင်းကြားရန်ဖြစ်တဲ့ “လူမှုရေးပြဿနာ”အဖြစ်လည်းကောင်း၊ တော်လှန်ရေးအဖွဲ့တွေ တပ်တွေနဲ့ ဘာမှမဆိုင်တဲ့အရာအဖြစ်လည်းကောင်း ဆင်ခြေပေးတာတချို့ကိုလည်း တွေ့ရပါတယ်။ အဲဒါဟာ ဘာကိုသရုပ်ပြသနေသလဲဆိုရင် ဒီအကြမ်းဖက်မှုဟာ လူပုဂ္ဂိုလ်တဦးတည်းရဲ့မလိုမုန်းထားဘက်လိုက်မှု ဆိုတာထက် ပိုကျယ်ပြန်တဲ့လူမှုဆိုင်ရာဘက်လိုက်မှုကို ထင်ဟပ်သရုပ်ပြပါတယ်။

အမျိုးသမီးတွေအပေါ်ဖိနှိပ်မှုကို normalizeလုပ်တဲ့ ဖိုဝါဒကနေ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုကျူးလွန်တဲ့ဆီရောက်ကြသလို၊ LGBTQ+တွေကို ပထုတ်ဖိနှိပ်တဲ့ လိင်ကွဲဆက်ဆံရေးစံပဓာနဝါဒကလည်း လိင်တူတိမ်းညွှတ်သူတွေကို ခွဲခြားဖိနှိပ်မှုနဲ့အကြမ်းဖက်မှုတွေ ဖြစ်ပေါ်စေပါတယ်။ သာမာန်လူတဦးချင်းကြားရန်ဖြစ်တဲ့ “လူမှုရေးပြဿနာ”အဖြစ် ရှုမြင်လို့ ဝင်မပါခဲ့ဘူး ဆိုတာဟာ အကြမ်းဖက်မှုနဲ့ခွဲခြားဆက်ဆံမှုကို ပုံမှန်ဖြစ်ရိုးဖြစ်စဥ်အဖြစ် normalizeလုပ်ပစ်တဲ့ အန္တရာယ်များတဲ့လူမှုသဘောထားကို သက်ဆိုးရှည်အောင်လုပ်မှု ပါပဲ။ ဒါဟာ ပြစ်မှုကျူးလွန်သူတွေ ပြစ်ဒဏ်ခတ်မခံရ အင်ပျူနတီရပြီး ဆက်ကျူးလွန်ခွင့်ပေးတာပါပဲ။ ဒါဟာ လူအပေါ်မှာ သူ့အိုင်ဒန်တတီကြောင့်မို့လို့ကို စနစ်တကျ စနစ်အရ ဘက်လိုက်မှုတွေ ခွဲခြားဆက်ဆံမှုတွေ ဖိနှိပ်မှုအဆောက်အအုံတွေကနေ အမြစ်တွယ်ပေါက်ဖွားကြီးပြင်းလာတဲ့ ရာဇဝတ်ပြစ်မှုတွေရဲ့ဂယက်ကြီးကို လျှော့တွက်ရာ မျက်ကွယ်ပြုရာ ရောက်ပါတယ်။

ဘေးကရပ်ကြည့်သူတွေမှာလည်းနံပါတ်(၁) ကိုယ်တိုင်ကျူးလွန်သူမဟုတ်ရင်တောင် ကိုယ်ကျင့်တရားတာဝန် ကျင့်ဝတ်တာဝန် ခံရဖို့ရှိပါတယ်။ နံပါတ်(၂) အားပေးမှုတွေပါလုပ်သူဆိုရင် ကြံရာပါမှုမြောက်ပါတယ်။ နံပါတ်(၃) တာဝန်ပျက်ကွက်မှု – ဥပမာ အရာတော်ဖြစ်စဥ်မှာလို အခင်းဖြစ်ပွားရာမှာရှိနေတဲ့ ဘေးကလူတွေဟာ တာဝန်ရှိတဲ့အဖွဲ့အစည်းကလူတွေ ရာထူးတစုံတရာရှိသူတွေ ဖြစ်တယ်ဆိုရင် ကြားဝင်ဖြန်ဖြေအရေးယူတာလုပ်ဖို့ ပျက်ကွက်မှု လျစ်လျူရှုမှုတွေအတွက် ဥပဒေကြောင်းအရပါ နောက်ဆက်တွဲအရေးယူမှုတွေ တာဝန်ခံစရာရှိပါတယ်။

အရာတော်အမှုနဲ့တကွ ဘယ်မတရားမှုမှာမဆို မတရားမှုကို ကိုယ်ထိလက်ရောက်ကျူးလွန်သူကိုရော မတားသူတွေကိုရော မဆိုင်သလိုနေသူတွေကိုရော တိုက်ခိုက်သူဘက်ကရပ်တည်သူတွေကိုရော လူအများကရှုံ့ချဝေဖန်ကြတာဟာ သဘာဝကျတဲ့တုံ့ပြန်ချက် ဖြစ်ပါတယ်။

ဆိုတော့ အရာတော်ဖြစ်စဥ်ကနေ ဆက်စပ်ပြီး ဒီနိုင်ငံသက်တမ်းတလျှောက် ရိုဟင်ဂျာတွေအပါအဝင် လူနည်းစုလူမျိုးစုအသိုက်အဝန်းတွေအပေါ် မြန်မာစစ်တပ်ရဲ့ကျူးလွန်သူတွေ အစိုးရအဆက်ဆက်ရဲ့ကျူးလွန်မှုတွေ နိုင်ငံတော်အက်တာတွေလို့ဆိုတာတွေရဲ့ကျူးလွန်မှုတွေကို မြန်မာ့လူ့အဖွဲ့အစည်းက ပွဲကြည့်ပရိသတ်လုပ်ခဲ့တာတွေ မဆိုင်သလိုနေခဲ့တာတွေ ကျူးလွန်သူဘက်ကနေရပ်တည်တာတွေ ပြစ်မှုတွေကိုမကျူးလွန်ပါဘူးဆိုပြီးဝိုင်းဝန်းငြင်းပယ်ဖုံးဖိဖို့ကြိုးပမ်းခဲ့တာတွေ ကျူးလွန်သူကိုထောက်ခံအားပေးခဲ့တာတွေ အလိုတူအလိုပါတောင်ဖြစ်ခဲ့ကြတာတွေကို ပြန်ဆင်ခြင်ကြည့်ကြလို့ ရပါတယ်။

မတရားမှုတခုမှာ တိုက်ခိုက်သူကို ထောက်လည်းမထောက်ခံ ဆန့်လည်းမဆန့်ကျင်တဲ့ ဘေးကရပ်ကြည့်သူတွေဟာ ဥပဒေကြောင်းအရအပြစ်တင်ခံထိုက်တာဝန်ခံထိုက်တယ်လို့ မရှိခဲ့ပေမယ့် သူတို့ရဲ့ဘာမှမလုပ်မှု (အရေးယူရန်ပျက်ကွက်မှု)ဟာ မတရားမှုကိုလျစ်လျူရှုမှုအဖြစ် ရှုမြင်နိုင်ပါတယ်။ ဒီလို လွှတ်ထားတာဟာ ပြစ်မှူကျူးလွန်သူကို ပိုအတင့်ရဲစေနိုင်ပြီး လူအဖွဲ့အစည်းမှာလည်း မတရားမှုကို ပုံမှန်ဖြစ်ရိုးဖြစ်စဥ်မှုပြုရာ မြောက်သွားတတ်ပါတယ်။

အဲဒါထက် ပိုဆိုးတာကတော့ မတရားမှုကို မတားတဲ့အပြင် ထောက်ပါထောက်ခံမှုမျိုးပေါ့လေ။

■စနစ်၊ အဆောက်အအုံ၊ အင်စတီကျူးရှင်း

မြန်မာနိုင်ငံမှာ အရေးယူခြင်းမခံရဘဲ ပြစ်ဒဏ်ကင်းလွတ်နေတဲ့ သို့မဟုတ် ပြစ်မှုနဲ့ပြစ်ဒဏ်မတရားမမျှတတဲ့ ဖြစ်ရပ်ဖြစ်စဥ် အများအပြား ရှိနေခဲ့ပြီး အင်ပျူနတီဓလေ့အရိုးစွဲနေခဲ့ပါတယ်။ အဓိကအများဆုံးကျူးလွန်သူဟာ ဖက်ဆစ်စစ်တပ်ဖြစ်သလို ဖက်ဆစ်စစ်တပ်ကိုဆန့်ကျင်နေကြတဲ့ တော်လှန်ရေးအင်အားစုအချို့ကကျူးလွန်မှုတွေလည်း ရှိနေတာ အများအသိပါပဲ။ ဒါတွေကို ထိထိရောက်ရောက်ကိုင်တွယ်ဖို့ ဥပဒေတွေရော တရားရေးအင်စတီကျူးရှင်းတွေရော အခြေအနေအရပ်ရပ်ရော ချို့ယွင်းနေခဲ့တာ အစဥ်အဆက်ဖြစ်ပါတယ်။

အရာတော်ကေ့စ်မှာ တွေ့မြင်ကြရတဲ့ အကြမ်းဖက်မှုနဲ့ လူမှုသဘောထားတွေဟာ၊ အထူးသဖြင့် ဘေးဖယ်ပထုတ်ခံထားရတဲ့အုပ်စုတွေကို ပစ်မှတ်ထားတဲ့ပြစ်မှုတွေဟာ သာမာန်နာကျင်စေမှုနဲ့ညစ်ညမ်းဆဲဆိုမှုသာမကဘဲ၊ လူပုဂ္ဂိုလ်တဦးဦးရဲ့individual မလိုမုန်းထားမှုကြောင့်ဖြစ်တဲ့အကြမ်းဖက်ဖြစ်စဥ်သာမကဘဲ၊ အဲဒီလိုကျူးလွန်မှုတွေကိုဖြစ်ပေါ်စေသက်ဆိုးရှည်စေတဲ့ ပိုကျယ်ပြန့်တဲ့ စနစ်၊ အဆောက်အအုံ (structure)၊ အင်စတီကျူးရှင်း ဆိုင်ရာဖိနှိပ်မှုတွေထဲက အစိတ်အပိုင်းအဖြစ် နက်နက်ရှိုင်းရှိုင်းသက်ဆိုင်နေတယ်ဆိုတာကို သတိရကြဖို့ လိုအပ်ပါတယ်။

ဒါတွေအတွက် အခြေအနေအရပ်ရပ်အရ ရေတို ရေရှည်သွားကြရစရာလည်း ရှိပါတယ်။ Hate Crimeအမှုတွေကို ဖော်ထုတ်ပြီး တရားမျှတမှုဆောင်ကြဥ်းတာဟာ လက်ငင်းအနီးကပ်ဖော်ဆောင်လို့ရတာတွေဖြစ်ပြီး စနစ်အဆောက်အအုံတွေကိုဖြိုချတာကတော့ ရေရှည်လုပ်နေကြရမယ့်အရာ ဖြစ်နေပါတယ်။

အရာတော်ဖြစ်စဥ်လို အကြမ်းဖက်မှုတွေကိုကိုင်တွယ်တဲ့အခါမှာ ကျူးလွန်သူလူပုဂ္ဂိုလ်တဦးတယောက်ကို အရေးယူဖို့လိုအပ်သလို၊ လူတဦးကိုကိုင်တွယ်အရေးယူရုံနဲ့ မလုံလောက်ဘဲ ဒီကျူးလွန်မှုအပါအဝင် ကျူးလွန်မှုတွေသက်ဆိုးရှည်စေတဲ့ လူမှုစနစ်တွေနဲ့အဆောက်အအုံတွေကိုပါ ဖြိုချဖျက်သိမ်းပစ်ဖို့ လိုအပ်နေပါတယ်။ တရားမျှတမှု သာတူညီမျှမှု လွတ်လပ်မှု ဖော်ဆောင်ကြတဲ့အခါမှာ intersectionalityကို တပါတည်းထည့်သွင်းဆင်ခြင် တာဝန်ခံ ဖော်ဆောင်ကြဖို့ အရေးကြီးလှပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာပျူစောထီးကျေးရွာရှိ စစ်ကောင်စီစခန်းကို အချိန်၅ နာရီကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ​ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ - အရာတော်လမ်းပိုင်းတွင် စစ်ရေးတင်းမာနေ၍ လမ်းပိုင်းယာယီပိတ်ထားကြောင်း သတင်းရရှိသည်။

နိုင်ငံတကာ

တောင်ကိုရီးယားဟာ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်တို့က သံရုံးတွေနဲ့ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်နဲ့ တရုတ်နိုင်ငံ ရှန်ယန်းမြို့က ကောင်စစ်ဝန်ရုံးတွေမှာ အကြမ်းဖက်မှု ကာကွယ်ရေး အစီအမံတွေကို မြှင့်တင်ထားလိုက်ပါတယ်။

သတင်း

အများပြည်သူလုံခြုံရေးအတွက် စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုများအား နီးစပ်ရာ တော်လှန်ရေး အင်အားစုများထံ သတင်းပေးပို့ပြီး ပူးပေါင်းပါဝင်ကြရန် စသည့် အချက် ငါးချက်အား အရာတော်(ပကဖ)အဖွဲ့က အသိပေးသည်။