နောင်ရိုး(CDM) /People’s Spring
နိုင်ငံအနှံ့စစ်ရေးအကြီးအကျယ်ရှုံးနိမ့်၊တပ်ပျက်နေတဲ့စစ်ကောင်စီတပ်ဟာ ၂၀၂၃ ခုနှစ်နိုဝင်ဘာလမှ၂၀၂၄ ခုနှစ်ဒီဇင်ဘာလအထိ လက်နက်ချ၊ စစ်သုံ့ပန်း၊ သေဆုံး၊ ပျောက်ဆုံး နဲ့ မိမိကိုယ်ကိုသတ်သေ အပါအဝင် ဗိုလ်ချုပ် နှင့် ဗိုလ်မှူးချုပ်အဆင့် စစ်အရာရှိကြီးများ ထိခိုက်ဆုံးရှုံးမှု (၂၅) ဦးထိ ရှိလာခဲ့ပါတယ်။
၂၀၂၃ အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း “၁၀၂၇ စစ်ဆင်ရေး” မှစ၍ ဗိုလ်ချုပ်အဆင့် စစ်သုံ့ပန်း (၁) ဦး နဲ့ ဗိုလ်မှူးချုပ်အဆင့် စစ်သုံ့ပန်း (၇) ဦး၊ လက်နက်ချ (၆) ဦး၊ သေဆုံး (၇) ဦး၊ ပျောက်ဆုံး (၁) ဦး၊ မိမိကိုယ်ကိုသတ်သေ (၁) ဦး၊ စုစုပေါင်း (၂၃) ဦး ရှိခဲ့တာပါ ။ ဒါအပြင် သေဆုံး ပြီဆိုတာအတည်ပြုဆဲ ဗိုလ်မှူးချုပ် (၂) ဦး လည်းရှိပါတယ်။
ဒါဟာ သမိုင်းတလျှောက် စစ်မြေပြင်မှာ ဗိုလ်မှူးချုပ်အဆင့် တစ်ယောက်သာ ဆုံးရှုံးခဲ့ဖူးတဲ့ စစ်ကောင်စီတပ်အတွက် ၁၄ လတာနီးပါးအတွင်း တပ်ပျက်လုနီးပါးမျှ စစ်မြေပြင်တပ်မှူးကြီး အများအပြား ထိခိုက်ဆုံးရှူံးပြီး စစ်ရေးချိနဲ့အထိနာမှုကို အထင်အရှားပြသနေပါတယ်။
▪︎လက်နက်ချ စစ်အရာရှိကြီးများ
စစ်ကောင်စီတပ်ရဲ့ ပထမဆုံးသော တပ်မပေါင်းစုံ လက်နက်ချမှုဖြစ်တဲ့ အင်အားနှစ်ထောင်ကျော်နဲ့အတူ ဗိုလ်မှူးချုပ် (၆) ယောက်ဟာ ဒကစ(လောက်ကိုင်) မှာ ကိုးကန့်တပ်(MNDAA) ထံ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က လက်နက်ချခဲ့ပါတယ်။
ကိုးကန့်ဦးစီးအဖွဲ့ဥက္ကဌ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်၊ လောက်ကိုင် ဒကစမှူး ဗိုလ်မှူးချုပ်မိုးကျော်သူ၊ ကလောအခြေစိုက် တမခ-၅၅ မှူး ဗိုလ်မှူးချုပ်ဇော်မျိုးဝင်း၊ ကော့ကရိတ်အခြေစိုက် စကခ-၁၂ မှူး ဗိုလ်မှူးချုပ်အောင်ဇော်လင်း၊ မိုင်းဆတ်အခြေစိုက် စကခ-၁၄ မှူး ဗိုလ်မှူးချုပ်အေးမင်းဦး နှင့် သိန္နီအခြေစိုက် စကခ-၁၆ မှူး ဗိုလ်မှူးချုပ်သော်ဇင်ဦး တို့ (၆) ဦးဟာ MNDAA နဲ့ ညှိနှိုင်းမှုရယူပြီး လက်နက်ချခဲ့ခြင်း ဖြစ်ပါတယ်။
▪︎စစ်သုံ့ပန်း စစ်အရာရှိကြီးများ
တိုက်ပွဲအတွင်း စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးခံရတဲ့ စစ်အရာရှိကြီး (၈) ဦးထိရှိခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ (၄) ဦး နဲ့ ရခိုင်ပြည်နယ်မှာ (၄) ဦး ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တိုက်ပွဲတွေအတွင်းမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က တအာန်းတပ် (TNLA) မှ အရှင်ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီ တမခ-၁၀၁ မှူး ဗိုလ်မှူးချုပ်မင်းမင်းထွန်းဟာ ပထမဆုံးသော ရာထူးအဆင့်အကြီးဆုံး စစ်သုံ့ပန်းဖြစ်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့မှာ ရမခတိုင်းစစ်ဌာန ချုပ်မှ ထွက်ပြေးသွားတဲ့ တိုင်းမှူး(ဟောင်း) ဗိုလ်ချုပ်စိုးတင့်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုး နဲ့ ကျောက်မဲအခြေစိုက် စကခ-၁ မှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေး တို့ကို စစ်သုံ့ပန်းများအဖြစ် ကိုးကန့်တပ်(MNDAA) က လက်ရဖမ်းဆီးရမိခဲ့ပါတယ်။
အလားတူ နပခတိုင်းစစ်ဌာနချုပ်မှ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ကျောက်တော်အခြေစိုက် စကခ-၉ မှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း နဲ့ ဘူးသီးတောင်အခြေစိုက် စကခ-၁၅ မှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း တို့ကို အာရက္ခတပ်တော်(AA) က အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။
▪︎သေဆုံးကျဆုံး စစ်အရာရှိကြီးများ
နိုင်ငံအနှံ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီအရာရှိကြီးတွေ အများအပြား သေဆုံးခဲ့တာမှာ ရှမ်းမြောက်တိုက်ပွဲတွေမှာ ဗိုလ်မှူးချုပ်အဆင့် (၃) ဦး၊ ရခိုင်ပြည်နယ်တိုက်ပွဲတွေမှာ (၂) ဦး၊ ကချင်ပြည်နယ်တိုက်ပွဲမှာ (၁) ဦး၊ ကရင်ပြည်နယ်မှာ (၁) ဦး စုစုပေါင်း (၇) ဦးထိ ရှိခဲ့ပါတယ်။
ရှမ်းမြောက် “၁၀၂၇ စစ်ဆင်ရေး”အတွင်း ရမခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်တင်ထွန်းအောင်၊ တမခ-၉၉ မှူး ဗိုလ်မှူးချုပ်အောင်ကျော်လွင်၊ စခက-၇ မှူး ဗိုလ်မှူးချုပ်လင်းအောင်မိုး၊ ရခိုင်ပြည် အာရက္ခတပ်တော် နှင့် တိုက်ပွဲတွေအတွင်းမှာ တမခ-၁၁ မှူး ဗိုလ်မှူးချုပ်မင်းမင်းထွန်း၊ တမခ-၂၂ မှူး ဗိုလ်မှူးချုပ်အောင်နေမျိုး တို့ အသီးသီး သေဆုံးခဲ့တာဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးမှာ စစ်မြေပြင်အတွင်း သေဆုံးခဲ့တဲ့ ပထမဆုံးသော ရာထူးအမြင့်ဆုံး စစ်ကောင်စီတပ် အရာရှိကြီးဖြစ်သူ ဗိုလ်မှူးချုပ်အောင်ကျော်လွင်ဟာ မုံးကိုးမြို့နယ် MNDAA နဲ့ တိုက်ပွဲအတွင်း ဒရုန်းဗုံးထိမှန်ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။
ဒါအပြင်ကချင်ပြည်နယ် မိုးမောက်မြို့နယ် KIA ရဲ့ ထိုးစစ်အတွင်း တမခ-၈၈ မှူး ဗိုလ်မှူးချုပ်မင်းထွဋ်ဦး သေဆုံးခဲ့ပါတယ်။
အလားတူ ကရင်ပြည်နယ် သင်္ဃန်းညီနောင်အနီးမှာ KNLA ၊PDF ကော်ဘရာပူးပေါင်းစစ်ကြောင်းတွေရဲ့ ပစ်ခတ်မှုအတွင်း တမခ-၄၄ မှူး ဗိုလ်မှူးချုပ်အေးမင်းနောင် ဟာ ရဟတ်ယာဉ်ပျက်ကျ သေဆုံးခဲ့ပါတယ်။
အတည်မပြုနိုင်သေးတဲ့ သတင်းများအရ ရခိုင်ပြည်နယ် ဂွမြို့နယ်သို့ စစ်ကူလာတဲ့ တမခ-၁၁ မှူး ဗိုလ်မှူးချုပ်သန်းစိုးဝင်း နဲ့ ကရင်ပြည်နယ် ကမမောင်းမြို့နယ် KNLA ရဲ့ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စကခ-၈ မှူး ဗိုလ်မှူးချုပ်ဆန်းညွှန့်လှိုင် တို့လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
▪︎ပျောက်ဆုံး/သတ်သေ စစ်အရာရှိကြီးများ
ချင်းပြည်နယ် ပလက်ဝဒေသ AA ရဲ့ ထိုးစစ်အတွင်း စကခ-၁၉ မှူး ဗိုလ်မှူးချုပ်ဇင်မျိုးဆွေဟာ ဆုတ်ခွာထွက်ပြေးရင်း ပျောက်ဆုံးခဲ့ပါတယ်။အလားတူ ရမခ(လားရှိုး) တိုက်ပွဲများ ပြင်းထန်နေစဉ် စစ်ကူစေလွှတ်ခံရတဲ့ စကခ-၁၂ မှူး ဗိုလ်မှူးချုပ်အောင်ကျော်မိုးဟာ တန့်ယန်းအနီးမှာ မိမိကိုယ်ကိုသတ်သေခဲ့ပါတယ်။
နိုင်ငံအနှံ့မှာ စစ်ရေးအထိနာရှုံးနိမ့်နေပြီး မြေပြင်တပ်မှူးကြီး အများအပြား ထိခိုက်ဆုံးရှုံးနေပေမယ့်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာအခမ်းအနားပွဲတက်မပျက် ခဲ့ပါဘူး။ဒါပေမယ့် စစ်အာဏာရှင် ဟာ လောက်ကိုင်မှာ လက်နက်ချခဲ့တဲ့ ဗိုလ်မှူးချုပ်တွေကို သေဒဏ်၊ တသက်တကျွန်းဒဏ်များ ပြင်းပြင်းထန်ထန် ချမှတ်အရေးယူခဲ့သလို၊ တိုက်ပွဲများအတွင်း ခုခံတိုက်ပွဲဝင်နေသူတွေကိုတော့ ထိရောက်တဲ့ စစ်ကူ၊ ဆေးဝါးရိက္ခာ ပေးပို့ခြင်း မပြုခဲ့ပါဘူး။
အဲဒီလိုလက်အောက်ခံစစ်သားတွေကို ချနင်းနေတဲ့ လက်တဆုပ်စာ စစ်ခေါင်းဆောင်တွေရဲ့ ကိုယ်ကျိုးစီးပွားအာဏာအတွက် အသုံးချခံနေရတဲ့ တပ်မှူးကြီးများအနေနဲ့ မိမိတို့ ဘဝအသက် နဲ့ မိသားစုအနာဂတ်များအတွက် သေချာစဉ်းစားသုံးသပ်၊ အချိန်မီ သိမြင်ဆုံးဖြတ်နိုင်ကြဖို့ လိုအပ်လာနေပြီ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးအင်အားစုအသီးသီးက “စစ်အာဏာရှင်စနစ် အဆုံးသတ်ဖယ်ရှားနိုင်ဖို့ နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး” အတွက် ခိုင်မာသော ယုံကြည်ချက်များဖြင့် တော်လှန်တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။စုစည်းအားကောင်းခိုင်မာလာနေတဲ့ တော်လှန်ရေးတပ်ဖွဲ့များရဲ့ နယ်မြေသိမ်းထိုးစစ်များ ကျယ်ပြန့်ပြင်းထန်လာတာနဲ့အမျှ စစ်ကောင်စီတပ် တပ်မှူးကြီးများရဲ့ နိဂုံးအဆုံးသတ်ဟာ ပိုမိုနီးကပ်လာနေပြီဆိုတဲ့အကြောင်း သတင်းစကားပါးအပ်ပါတယ်။ ။
လက်နက်ချ၊ စစ်သုံ့ပန်း၊ သေဆုံးခဲ့သော ဗိုလ်ချုပ် ၊ဗိုလ်မှူးချုပ်များထဲမှ အချို့ကိုတွေ့ရစဥ်။ (ဓါတ်ပုံ-AA Info Desk ၊ MNDAA ၊File)