Connect with us

Hi, what are you looking for?

အတွေးအမြင်

ရုရှား-မြန်မာစစ်အုပ်စုဆက်ဆံရေးဘာတွေပြောင်းလဲလာသလဲ။

နိုင်ငံတကာအရေးလေ့လာသုံးသပ်သူများအနေဖြင့် နေပြည်တော် နှင့် မော်စကိုကြား တစ်စထက်တစ်စ နက်ရှိုင်းလာသော ဆက်ဆံရေးအပေါ် အလေးထားစဉ်းစားရန်မလိုသည့် အနေအထားတစ်ခုအဖြစ်သာ နှစ်ပေါင်းများစွာ ရှုမြင်ခဲ့ကြသည်။

ကံ့ကော်​ရေးသားသည်။

နိုင်ငံတကာအရေးလေ့လာသုံးသပ်သူများအနေဖြင့် နေပြည်တော် နှင့် မော်စကိုကြား တစ်စထက်တစ်စ နက်ရှိုင်းလာသော ဆက်ဆံရေးအပေါ် အလေးထားစဉ်းစားရန်မလိုသည့် အနေအထားတစ်ခုအဖြစ်သာ နှစ်ပေါင်းများစွာ ရှုမြင်ခဲ့ကြသည်။

အနီးစပ်ဆုံး ၂၀၂၅ ခုနှစ်၊ဒီဇင်ဘာလက Stimson Centre ၏သုံးသပ်ချက်အပါအဝင်လွှမ်းမိုးလျက်ရှိသော အယူအဆများအရ နှစ်နိုင်ငံဆက်ဆံရေးမှာ “ဟန်ပြသက်သက်” သာဖြစ်ပြီး၊ နားလည်မှုစာချွန်လွှာများ၊ ဓာတ်ပုံရိုက်ခံရုံ သံတမန်ရေးပြယုဂ်များသာ များပြားကာ မြေပြင်တွင် လက်တွေ့ အနှစ်သာရမရှိဟု ဆိုကြသည်။

သို့ရာတွင် ထိုကဲ့သို့ ကောက်ချက်ချမှုများမှာ လက်ရှိပြောင်းလဲလာသော အခြေအနေများကိုမထင်ဟပ်ချေ။

Public Service Announcement

Public Service Announcement

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နှင့် ၃ ရက်တွင် လာရောက်ခဲ့သောရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရွှိုင်ဂူ (Sergey Shoigu) ၏ မြန်
မာနိုင်ငံခရီးစဉ်အတွင်း ROSCOSMOS (ရုရှားအာကာသအေဂျင်စီ)၊ ROSATOM (ရုရှားနျူကလီးယားအေဂျင်စီ) တို့ပါဝင်လာသည့် ပူးပေါင်းဆောင်ရွက်မှုများ ကျယ်ပြန့်လာပြီးနောက်တွင် နှစ်နိုင်ငံဆက်ဆံရေးကို “စက္ကူကျား (Paper Tiger)” ဟု သတ်မှတ်နေခြင်းအပေါ် ပြန်လည်သုံးသပ်ရန် အချိန်တန်လာပြီဖြစ်သည်။

နိုင်ငံတကာ၏ ဖယ်ကြဉ်မှု၊ ပိတ်ဆို့အရေးယူမှုများနှင့် ပြည်တွင်းမှ လက်နက်ကိုင် တော်လှန်မှုများကို ရင်ဆိုင်နေရချိန်တွင် စစ်ကောင်စီသည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် နှစ်နိုင်ငံဆက်ဆံရေး ကို အနှစ်သာရပိုင်းဆိုင်ရာ အလှည့်အပြောင်း ဖြစ်ပေါ်လာအောင် ဖော်ဆောင်နေသည်ဆိုသော သုံးသပ်ချက်များလည်း ရှိနေပြီဖြစ်သည်။

ဝါရင့်လေ့လာသုံးသပ်သူအင်ဒရူးဆဲ့သ်က၂၀၂၅ခုနှစ်၊ မတ်လထုတ်The Interpreter မဂ္ဂဇင်းတွင် ထောက်ပြခဲ့သကဲ့သို့ပင် ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မှုမှာ သာမန်လက်နက်ရောင်းဝယ်ရေး အဆင့်တွင်မဟုတ်တော့ဘဲထောက်လှမ်းရေး သတင်းအချက်အလက်မျှဝေခြင်း၊အထူးသဖြင့်ပုံရိပ်ဖမ်းယူထောက်လှမ်းရေးနည်းပညာ(IMINT) ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ များပြားလာသည်ဟုသုံးသပ်ထားသည်။ လက်ရှိအခြေအနေများအရမူဆဲ့သ်၏ သုံးသပ်ချက်မှာ မှန်ကန်ကြောင်းထင်ရှားနေသည်။

ရုရှား-မြန်မာ ဆက်ဆံရေးမှာ ဟန်ပြသက်သက် မဟုတ်တော့ဘဲ အာဏာသိမ်းစစ်အုပ်စု၏အုပ်ချုပ်ရေး ယန္တရားလည်ပတ်နိုင်ရန် လိုအပ်သော စောင့်ကြည့်ထောက်လှမ်းမှု နှင့် စွမ်းအင်လုံခြုံရေး (energy security) တို့ကိုတည်ဆောက်ပေးနေခြင်းကိုပြောင်းလဲဦးတည်နေကြောင်းတွေ့ရနိုင်
သည်။

အဆိုပါအပြောင်းအလဲမှာ ရွှိုင်ဂူ၏ ခရီးစဉ်ကို ကြည့်လျှင် သိသာထင်ရှားသည်။စစ်တပ်ထိန်းချုပ်ထား​သောမီဒီယာများကခရီးစဉ်၏ ရည်
ရွယ်ချက်ကို “ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်ရေး” အဖြစ် ဖော်ပြခဲ့ကြသော်လည်း ရှိုင်ဂူကိုယ်တိုင်ကမူ ရုရှား TASS သတင်းဌာနသို့ “ခေတ်သစ်ခြိမ်းခြောက်မှုများ” နှင့် လုံခြုံရေးဆိုင်ရာ အဓိကကျမှုများ (စစ်ရေး၊ ဆိုက်ဘာနှင့် သတင်းအချက်အလက်လုံခြုံရေး) အပေါ်‌ဆွေးနွေးမှုများအ
ကြောင်း​ပြောခဲ့သည်ကို တွေ့ရသည်။

ဆိုရလျှင်လည်း လုံခြုံရေးကောင်စီ အတွင်းရေးမှူးများအနေဖြင့် ကိုယ်တိုင်လာရောက်ဆွေးနွေးရမည့် ကိစ္စရပ်များဆိုသည်မှာ စိုက်ပျိုးရေးဆိုင်ရာ မိုးလေဝသအခြေအနေများအတွက် မဟုတ်ချေ။ အာဏာသိမ်းအုပ်စု၏ လုံခြုံရေးနှင့် အာဏာတည်မြဲရေး (Regime Security) ကို ဆွေးနွေးရန်သာ လာရောက်ခြင်းဖြစ်သည်။

ဤပူးပေါင်းဆောင်ရွက်မှုခရီးစဉ်အတွင်း အသိသာဆုံးနှင့်အကျိုးသက်ရောက်မှုအရှိဆုံးအချက်မှာ ROSCOSMOS နှင့် ပတ်သက်‌နေခြင်းဖြစ်
သည်။ စစ်တပ်ဝါဒဖြန့် Global New Light of Myanmar တွင် ဂြိုဟ်တုစခန်း တည်ဆောက်ရေး စီမံကိန်းများ နှင့် တနင်္သာရီတိုင်းဒေသကြီးအနီးတွင် တည်ဆောက်လာနိုင်ဖွယ်ရှိသော ဂြိုဟ်တုလွှတ်တင်ရေးစခန်း စီမံကိန်းအကြောင်း ဂုဏ်ပြုဖော်ပြခဲ့သည်ကို တွေ့နိုင်သည်။ ပထဝီဝင်အနေ
အထားအရ ထိုစခန်းတည်နေရာမှာ အလွန်အရေးပါသော အချက်ဖြစ်သည်။

တနင်္သာရီတိုင်းရှိ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမှာစီးပွားရေးအရဖြစ်နိုင်ခြေမရှိသည့် စိတ်ကူးယဉ်အိပ်မက်တစ်ခုအဖြစ်သာ ရှိနေခဲ့သည်။
ထိုဧရာမစီမံကိန်းကြီးကို မျှော်လင့်တကြီး စတင်တည်ဆောက်ခဲ့သော်လည်း ရှေ့မဆက်နိုင်ဘဲ ရပ်တန့်နေခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ သို့ရာတွင် ရုရှားအနေဖြင့် မြန်မာနှင့် လုံခြုံရေးဆိုင်ရာ မဟာမိတ်ဆက်ဆံရေးချဲ့ထွင်ရန်အတွက်ကိုမူ ထားဝယ်စီမံကိန်းသည် မအောင်မြင်သည့် ကုန်သွယ်ရေးဗဟိုချက်တစ်ခုအဖြစ်မှ အခြားရည်ရွယ်ချက်အတွက် အယောင်ပြအကာအကွယ် (Convenient Cover)တစ်ခုအဖြစ် ပြောင်း
လဲအသုံးချရန် အဆင်ပြေလှသည်။

အဆိုပါစီမံကိန်းအတွက် အခြေခံအဆောက်အအုံတည်ဆောက်ရေးကိုဗန်းပြပြီးရုရှားအနေဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခြင်း၏ နောက်ကွယ်တွင် အခြားရည်ရွယ်ချက်လည်းရှိသည်။အရပ်ဘက်ဆိုင်ရာ အာကာသရေးရာ ပူးပေါင်းဆောင်ရွက်ရေးသို့မဟုတ်ဆိပ်ကမ်းဖွံ့ဖြိုးရေးခေါင်းစဉ်အောက်မှနေ၍ ရုရှားကို တနင်္သာရီဒေသသို့ ဝင်ရောက်စေခြင်းသည်မော်စကိုအတွက် အိန္ဒိယသမုဒ္ဒရာသို့ မဟာဗျူဟာကျကျ နီးကပ်စွာ ချဉ်းကပ်ရန် အခွင့်အရေးတစ်ခု ရရှိလိုက်ခြင်းပင်ဖြစ်သည်။

အာဏာသိမ်းစစ်အုပ်စုအတွက်မူယင်းကဲ့သို့ လက်တွဲလုပ်ဆောင်ခြင်းဖြင့် ရုရှားထက်ပင် ပို၍တန်ဖိုးရှိသော အကျိုးအမြတ်ကို လက်ငင်းရရှိစေသည်။ ဂြိုဟ်တုနည်းပညာကို အသုံးပြု၍ ရရှိလာမည့် မြေပြင်မြင်ကွင်းများကို စောင့်ကြည့်ထောက်လှမ်းနိုင်စွမ်း (Satellite-enabled visibility) ရရှိခြင်းပင်ဖြစ်သည်။ ရုရှားနှင့် စစ်​ကောင်စီအရာရှိများက “ငြိမ်းချမ်းရေးရည်ရွယ်ချက်”ဟုထပ်တလဲလဲပြောဆိုနေသောဒေတာစင်တာများနှင့်ဝန်ထမ်းလေ့ကျင့်ရေးများဆိုသည်မှာ အမှန်တကယ်အားဖြင့် အရပ်ဘက်ရောစစ်ဘက်ပါနှစ်မျိုးသုံး(Dual-use)ရန် ရည်ရွယ်ခြင်းဖြစ်သည်။

ပြည်တွင်းစစ်ဖြစ်ပွားနေသည့် နိုင်ငံမျိုးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသို့မဟုတ် သယ်ယူပို့ဆောင်ရေး လုံခြုံမှုအတွက်ဟုဆိုကာ ခေါင်း
စဉ်တပ်ထားသော ဂြိုဟ်တုပုံရိပ်များကို စစ်မြေပြင်အခြေအနေသိရှိရန်၊ တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့် နယ်မြေများကို စောင့်ကြည့်ရန်နှင့် ပစ်မှတ်ရှာဖွေညှိနှိုင်းရန်အတွက်ပါ စစ်အုပ်စုကအလွယ်တကူ အသုံးပြုနိုင်ပေသည်။

စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည်လည်း ဤသဘောတရားအတိုင်းပင် ဖြစ်သည်။ ROSATOM ၏ ပါဝင်ပတ်သက်မှုကို အမျိုးသားစွမ်းအင်လုံခြုံရေးအတွက်ဟု ပုံဖော်ထားသော်လည်း ယနေ့မြန်မာနိုင်ငံ၏ စွမ်းအင်လုံခြုံရေးသည် စစ်ကောင်စီ အာဏာတည်မြဲရေးနှင့် ခွဲခြား၍မရချေ။တော်လှန်ရေးအဖွဲ့များသည်စစ်ကောင်စီ၏ အုပ်ချုပ်နိုင်စွမ်းနှင့်ထိန်းချုပ်နိုင်စွမ်းကို ယိမ်းယိုင်စေရန် လျှပ်စစ်ဓာတ်အားအခြေခံအဆောက်
အအုံများကို မကြာခဏ ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်။ ရုရှားအကူအညီဖြင့် တည်ဆောက်မည့် နျူကလီးယားစွမ်းအင်စီမံကိန်းများဖြစ်သည့် အသေးစားဓာတ်အားစက်ရုံများမှာ ပင်မဓာတ်အားလိုင်း မတည်ငြိမ်ချိန် သို့မဟုတ် ပျက်စီးသွားချိန်တွင်ပင် စစ်အစိုးရ၏ ကွပ်ကဲရေးဌာနများ၊ ထောက်လှမ်းရေးစနစ်များနှင့်အုပ်ချုပ်ရေးယန္တရားများကို ဆက်လက်လည်ပတ်စေနိုင်သည်။

အတိုချုပ်ဆိုရသော် အစောပိုင်းနှစ်များက ရှိခဲ့သည့် ရုရှား-မြန်မာဆက်ဆံရေးအပေါ် ဟန်ပြသက်သက်ဟု သဘောထားသော အမြင်များမှာ လက်ခံနိုင်စရာဖြစ်သော်လည်း ယခုအခါမြေပြင်အခြေအနေများ ပြောင်းလဲလာပြီဖြစ်သည်။ ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်များသည် ၂၀၂၆ ခုနှစ်တွင် ဝန်ထမ်းလေ့ကျင့်ရေး၊ နည်းပညာအထောက်အပံ့များနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများအဖြစ်သို့ ပြောင်းလဲလာ​နေပြီဖြစ်သည်။

ယခုအ​ခြေအ​နေအ​ပေါ် ပေကျင်း၏ တုံ့ပြန်မှုမှာ အသေအချာ တွက်ချက်ထားသည့် ထိန်းသိမ်းစောင့်ကြည့်မှုမျိုး ဖြစ်ပြီး၊ လက်တွေ့ကျသော အာဏာရှင်အချင်းချင်း လုပ်ငန်းခွဲဝေမှု (Pragmatic authoritarian division of labor) အပေါ် အခြေခံထားခြင်းဖြစ်သည်။မော်စကိုအနေဖြင့် စစ်ကောင်စီအား လက်နက်ခဲယမ်း၊ စစ်သင်တန်းများ၊ ဂြိုဟ်တုစောင့်ကြည့်ရေးနှင့် စွမ်းအင်ဆိုင်ရာ အထောက်အကူများကဲ့သို့သော “ အမာထည်” လုံခြုံရေးဆိုင်ရာ စွမ်းဆောင်ရည်များကို ပံ့ပိုးပေးနေသော်လည်း၊ တရုတ်နိုင်ငံကမူ ကုန်သွယ်ရေး၊ လောင်စာဆီ ထောက်ပံ့မှု၊ နယ်စပ်ဝင်ပေါက်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား နိုင်ငံရေးအရ ကြားဝင်စေ့စပ်ပေးသူအဖြစ် အဓိကကျသော အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ ကဏ္ဍများကို ဆက်လက်ချုပ်ကိုင်ထားသည်။

ပေကျင်း၏ အမြင်တွင် ရုရှား၏ ပါဝင်ပတ်သက်မှုသည်မဟာဗျူဟာမြောက်အားသာချက်တစ်ခု ဖြစ်သည်၊ အကြောင်းမှာ ၎င်းသည် နေပြည်တော်အား အမှန်တကယ် မဟာဗျူဟာမြောက် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် (Strategic autonomy) မပေးအပ်ဘဲ၊အာဏာသိမ်းစစ်အုပ်စု ရုတ်တရက်ပြိုလဲသွားနိုင်သည့် အန္တရာယ်ကို လျှော့ချပေးနိုင်သောကြောင့် ဖြစ်သည်။ သို့သော်လည်း ဤသို့ ခွင့်ပြုထားမှုမှာ အကန့်အသတ်မရှိ (Open check) မဟုတ်ပေ။

တရုတ်၏ တားမြစ်ချက်များ (Red lines) မှာ ငြိမ်သက်သော်လည်းခိုင်မာလျက်ရှိသည်။အထူးသဖြင့် အိန္ဒိယသမုဒ္ဒရာအနီးတွင် ရုရှား၏ အမြဲတမ်း
စစ်အခြေစိုက်စခန်းတည်ရှိလာမှု၊ ရုရှားက နယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့များနှင့် သီးခြားစီဆက်သွယ်ဆောင်ရွက်မှုသို့မဟုတ် တရုတ်၏ နယ်
စပ်တစ်လျှောက်စောင့်ကြည့်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ လွှမ်းမိုးမှုများကို လျော့ပါးစေမည့် မည်သည့် လုံခြုံရေး အစီအစဉ်ကိုမဆို တရုတ်က
အခြေခံအားဖြင့်ကန့်ကွက်လိမ့်မည် ဖြစ်သည်။
လောလောဆယ်တွင် ရုရှား၏ အခန်းကဏ္ဍသည် နက်ရှိုင်းသော်လည်း ကျဉ်းမြောင်းနေဆဲဖြစ်ရာ၊ထိုမျှခြေကိုပေကျင်းအနေဖြင့် ဝင်ရောက်နှောင့်ယှက်ခြင်းထက် စောင့်ကြည့်လေ့လာရုံဖြင့် ကျေနပ်နေပုံရသည်။

ရုရှားအနေဖြင့် မြန်မာနိုင်ငံကို လက်နက်ရောင်းချရုံ သက်သက်မဟုတ်တော့ဘဲ အာဏာရှင်စနစ် တည်မြဲအောင် ကျားကန်ပေးထားသည့် စနစ်များအတွင်းသို့ ၎င်းကိုယ်တိုင် ဝင်ရောက်နေရာယူနေပြီ ဖြစ်သည်။

ထို့ကြောင့် သုံးသပ်လေ့လာသူများအနေဖြင့် ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မှုကို စီးပွားရေးအကျိုးအမြတ်ရှုထောင့်တစ်ခုတည်းမှ ကန့်သတ်ရှုမြင်မနေဘဲ လက်တွေ့ အခြေအနေအသစ်များကိုပါ ထည့်သွင်း၍ သုံးသပ်သင့်နေပြီ ဖြစ်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း၊ အရပ်ဘက်ဆိုင်ရာ အာကာသစီမံကိန်းဆိုသော စီမံကိန်းများမှာ စီးပွားရေးအကျိုးအမြတ်ကို အဓိကရည်ရွယ်ခြင်း မဟုတ်ချေ။အမှန်တကယ်တွင် ယင်းစီမံကိန်းများကိုမဟာဗျူဟာကျကျအသုံးချခြင်းသာ ဖြစ်သည်။ အပေါ်ယံတွင် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအသွင် ပုံဖော်ထားသော်လည်း ထိုမျက်နှာဖုံး၏ နောက်ကွယ်တွင် နှစ်ဦးနှစ်ဖက် လိုအပ်ချက်များအပေါ် အခြေခံထားသည့် လုံခြုံရေးဆိုင်ရာ
မဟာမိတ်ဆက်ဆံရေးတစ်ခု ရှိနေပြီး ယခုလက်ရှိလေ့လာမှုများထက် ပို၍ထဲထဲဝင်ဝင် စောင့်ကြည့်လေ့လာသင့်သည့်အချက်ပင်ဖြစ်သည်။ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

ကမ္ဘာ့ရေနံရဲ့ ငါးပုံတပုံခန့်ကို သယ်ယူပို့ဆောင်နေရတဲ့ ဟောမုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့လိုက်ပါပြီ။ ဒီလိုပိတ်ဆို့လိုက်မှုဟာ မြန်မာနိုင်ငံအတွက် အဖက်ဖက်က ပြင်းထန်တဲ့ ထိုးနှက်ချက် ဖြစ်လာနိုင်ပါတယ်။

နိုင်ငံတကာ

ပစ်မှတ် ရှာဖွေ ထောက်လှမ်းမှုတွေအတွက် အီရန်ကို ရုရှားက အကူအညီ ပေးနေကြောင်း သတင်းတွေအပေါ် မစိုးရိမ်ဘူးလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

သတင်း

အိမ်နီးချင်းလာအိုနဲ့ မြန်မာတို့ကလွဲလို့ လောင်စာဆီ ပြည်ပတင်ပို့ခွင့် အားလုံးကို ထိုင်းအစိုးရက ပိတ်ပင်လိုက်ပါတယ်။

နိုင်ငံတကာ

မြေထဲပင်လယ်မှာ ရေနံတင် သင်္ဘောတစ်စီး နစ်မြုပ်ခဲ့မှုဟာ ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့်လို့ ရုရှားက စွပ်စွဲ ပြောကြားလိုက်ပါတယ်။