Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ထင်ရှားတဲ့ ရုရှား စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ပဟေဠိဆန်ဆန် သေဆုံးမှုများ

၄ ယောက်က ရုရှား အစိုးရပိုင် စွမ်းအင် လုပ်ငန်းစုကြီး Gazprom၊ ဒါမှမဟုတ် Gazpromရဲ့ လုပ်ငန်းခွဲတွေနဲ့ ဆက်စပ်နေတာ တွေ့ရပါတယ်။ နောက် ၂ ယောက်ကတော့ Lukoilနဲ့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ Lukoilကတော့ ရုရှားမှာ ရေနံနဲ့ စွမ်းအင်ဆိုင်ရာ အကြီးမားဆုံး ပုဂ္ဂလိက ကုမ္ပဏီကြီး ဖြစ်ပါတယ်။

နှစ်ဆန်းပိုင်းကစလို့ လူသိများတဲ့ ရုရှား စီးပွားရေးသမား အနည်းဆုံး ၈ ဦးလောက်ဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာမျိုး၊ ဒါမှမဟုတ် ရှင်းပြရခက်တဲ့ ပဟေဠိဆန်ဆန် အခြေအနေမျိုးတွေနဲ့ သေဆုံးခဲ့ကြပါတယ်။ နောက်ပြီး အဲဒီ ၈ ဦးထဲမှာ ၆ ယောက်က ရုရှားနိုင်ငံရဲ့ အကြီးမားဆုံး စွမ်းအင် ကုမ္ပဏီကြီး နှစ်ခုနဲ့ ဆက်စပ်နေတယ် ဆိုတာကလည်း တိုက်ဆိုင်လွန်းတဲ့ အခြေအနေတစ်ခု ဖြစ်နေပြန်တယ်။

၄ ယောက်က ရုရှား အစိုးရပိုင် စွမ်းအင် လုပ်ငန်းစုကြီး Gazprom၊ ဒါမှမဟုတ် Gazpromရဲ့ လုပ်ငန်းခွဲတွေနဲ့ ဆက်စပ်နေတာ တွေ့ရပါတယ်။ နောက် ၂ ယောက်ကတော့ Lukoilနဲ့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ Lukoilကတော့ ရုရှားမှာ ရေနံနဲ့ စွမ်းအင်ဆိုင်ရာ အကြီးမားဆုံး ပုဂ္ဂလိက ကုမ္ပဏီကြီး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

နှစ်ဆန်းပိုင်းလောက်တုန်းက Lukoilဟာ ယူကရိန်းကို ရုရှားတပ်တွေ ကျူးကျော်တာနဲ့ ပတ်သက်လို့ သမားရိုးကျ မဟုတ်တဲ့ လူသိရှင်ကြား သဘောထား ကြေညာချက်မျိုး ထုတ်ပြန်ခဲ့ပါတယ်။ Lukoilက စစ်ပွဲကြောင့် ထိခိုက် ခံစားရရှာသူတွေကို စာနာကြောင်း ပြသပြီး ဒီပဋိပက္ခကြီး ချုပ်ငြိမ်း ပြီးဆုံးသွားစေဖို့ တောင်းဆိုခဲ့ပါတယ်။

အခုလဆန်းမှာတော့ Lukoilရဲ့ ဥက္ကဋ္ဌဖြစ်သူ ရာဗေးလ် မာဂါနော့ဗ်ဟာ မော်စကိုမြို့၊ ဆေးရုံတစ်ရုံရဲ့ ပြတင်းပေါက်ကနေ ပြုတ်ကျပြီး သေဆုံးသွားကြောင်း ရုရှား အစိုးရ မီဒီယာ တစ်ခုဖြစ်တဲ့ Tassက ဖော်ပြခဲ့ပါတယ်။ နောက်တော့ Lukoilကလည်း မာဂါနော့ဗ် ကွယ်လွန်ကြောင်း သတင်းကို ကုမ္ပဏီ ဝက်ဘ်ဆိုက်မှာ အတည်ပြု ကြေညာခဲ့ပါတယ်။ ထူးဆန်းတဲ့ အချက်က မာဂါနော့ဗ်ဟာ အပြင်းအထန် ဖျားနာမှု တစ်ခုကြောင့် ကွယ်လွန်တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ထားခြင်းပါပဲ။ အမြင့်က ပြုတ်ကျတဲ့ ကိစ္စကို လုံးဝ ထည့်သွင်း ညွှန်းဆိုထားတာမျိုး မရှိပါဘူး။ မာဂါနော့ဗ်ဟာ ကုမ္ပဏီ အတွက်တင် မကဘဲ ရုရှားရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍကြီး တစ်ခုလုံးရဲ့ ကောင်းကျိုးအတွက် အစွမ်းကုန် အားထုတ် ကြိုးပမ်းပေးခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ Lukoilက ဂုဏ်ပြု ဖော်ပြထားခဲ့ပါတယ်။

Lukoilရဲ့ နောက်ထပ် မန်နေဂျာ တစ်ယောက်ဖြစ်တဲ့ အလက်ဇန္ဒား ဆူဘိုတင် ဆိုရင်လည်း မေလတုန်းက မော်စကိုမြို့နားမှာ ရုတ်တရက် သေဆုံးသွားခဲ့ဖူးပါတယ်။ သူဟာ နတ်ဆရာ တစ်ယောက်နဲ့ သွားရောက် တွေ့ဆုံပြီးတဲ့နောက် ကွယ်လွန်သွားခဲ့တယ်လို့ Tassရဲ့ သတင်းမှာ မရှင်းမရှင်း ဖော်ပြထားခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ နှလုံးဖောက်လို့ သတိကင်းမဲ့သွားတဲ့ အမျိုးသား တစ်ယောက်ကို ရှာတွေ့ပြီး စစ်ဆေးကြည့်ရာကနေ ဆူဘိုတင်မှန်း သိခဲ့တာလို့ ပြောပါတယ်။ သူသေဆုံးသွားချိန်မှာတော့ ရဲတွေက ရာဇဝတ်ကြောင်းဆိုင်ရာ အမှုဖွင့် စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ Tassရဲ့ အာဘော်အရ သိရပါတယ်။

အခုနှစ်မှာ ရုရှား စီးပွားရေးသမားတွေ ပဟေဠိဆန်ဆန် သေဆုံးနေမှုရဲ့ ပထမဆုံး ဖြစ်ရပ်ဟာ Gazprom အမှုဆောင်ချုပ် တစ်ဦးနဲ့ အစပြုခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၀ မှာ လီနင်ဂရတ် မြို့နားက လီနင်စကီး ကျေးရွာရဲ့ သူ့ကိုယ်ပိုင် လယ်တောအိမ်ထဲမှာ လီယိုနစ်ဒ် ရှူလ်မန်ရဲ့ အလောင်းကို ရှာတွေ့ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှား အစိုးရ မီဒီယာ တစ်ခုဖြစ်တဲ့ RIAရဲ့ အဆိုအရ အခင်းဖြစ်တဲ့ နေရာမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေကြောင်း ရေးသားထားတဲ့ စာတစ်စောင်ကိုပါ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ရှူလ်မန်ဟာ Gazpromရဲ့ သယ်ယူပို့ဆောင်ရေးဌာန အကြီးအကဲလည်း ဖြစ်ပါတယ်။

နောက်တစ်လလောက် အကြာမှာတော့ Gazpromရဲ့ နောက်ထပ် အမှုဆောင် တစ်ယောက် သေဆုံးနေတာကိုလည်း အဲဒီ ရွာမှာပဲ ထပ်တွေ့ခဲ့ကြပြန်ပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်မှာ အလက်ဇန္ဒား တိုင်ယူလာကော့ဗ်ရဲ့ ရုပ်အလောင်းကို သူ့နေအိမ် ကားဂိုဒေါင်ထဲမှာ တွေ့ရှိခဲ့တာလို့ ရုရှားရဲ့ ပုဂ္ဂလိက သတင်းစာ Novaya Gazetaက ဖော်ပြပါတယ်။ သူ့ရဲ့ သေဆုံးမှုကိုလည်း သေကြောင်း ကြံစည်မှုလို့ မီဒီယာတွေမှာ ရေးသားထားကြပါတယ်။ CNN သတင်းဌာနက ဒီကိစ္စအတွက် Gazpromဆီ ဆက်သွယ် မေးမြန်းပေမယ့် ကုမ္ပဏီဖက်က ဖြေကြားတာမျိုး မရှိခဲ့ပါဘူး။

CNNက ရုရှားရဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီကိုလည်း ဒီသေမှုသေခင်း နှစ်ခုနဲ့ ပတ်သက်လို့ ချိတ်ဆက် မေးမြန်းပေမယ့် တုံ့ပြန်မှု တစ်စုံတရာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

နောက်တော့ ဧပြီလထဲမှာ Gazpromနဲ့ ဆက်နွှယ်မှုရှိတဲ့ ရုရှား စီးပွားရေးသမား နှစ်ယောက်ဟာ လူသတ်မှုလိုလို၊ သေကြောင်းကြံစည်မှုလိုလို အခြေအနေတွေနဲ့ ထပ်ပြီး သေဆုံးခဲ့ပြန်ပါတယ်။ ပထမ တစ်ယောက်က Gazprom လက်အောက်ခံ ဘဏ်တစ်ခုဖြစ်တဲ့ Gazprombankရဲ့ ဒုတိယ ဥက္ကဋ္ဌဟောင်း ဗလာဒီဆလက်ဗ် အေဗာယက်ဗ် ဖြစ်ပါတယ်။ ဧပြီ ၁၈ ရက်က မော်စကို မြို့တော်မှာရှိတဲ့ သူ့တိုက်ခန်းထဲမှာ အေဗာယက်ဗ်ကို ဇနီး၊ သမီးတို့နဲ့အတူ သေဆုံးလျက်သား ရှာတွေ့ခဲ့တယ်လို့ Tass သတင်းဌာနက ဖော်ပြထားပါတယ်။

အမှုစစ် အရာရှိ တချို့ကို ကိုးကားပြီး ဒီဖြစ်ရပ်ဟာ အေဗာယက်ဗ်က မိသားစုဝင်တွေကို သတ်ဖြတ်ပြီး ကိုယ့်ကိုယ်ကိုယ်ပါ အဆုံးစီရင်ခဲ့တဲ့ မှုခင်းမျိုးလို့ Tassရဲ့ သတင်းမှာ ရေးသားထားတာ တွေ့ရပါတယ်။ ယာဉ်မောင်းနဲ့ ကလေးထိန်းတို့က အကြောင်းကြားလို့ တိုက်ခန်းကို သွားရောက်စစ်ဆေးမှ အလောင်းတွေကို ဆွေမျိုးသားချင်းတွေက ရှာတွေ့ခဲ့တာလို့ မော်စကိုမှာရှိတဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီ အဖွဲ့ဝင် ယူလီယာ အိုင်ဗန်နိုဗာက Tassကို ပြောပါတယ်။ ယာဉ်မောင်းရော၊ ကလေးထိန်းပါ အေဗာယက်ဗ်တို့ မိသားစုဆီ ဖုန်းဆက်တာ မရလို့ စိုးရိမ်ပြီး ဆွေမျိုးသားချင်းတွေဆီ လှမ်းအကြောင်းကြားခဲ့တာပါ။ ရဲတွေ သွားရောက် စစ်ဆေးတော့ တိုက်ခန်းကို အတွင်းကနေ တံခါးသော့ခတ်ထားခဲ့ကြောင်း သိရပါတယ်။

မကြာသေးခင်ကမှ ရုရှားကနေ ယူကရိန်းကို ပြောင်းရွှေ့လာတဲ့ Gazprombank ဒုတိယ ဥက္ကဋ္ဌဟောင်း အိဂေါ် ဗိုလိုဗျုဗ်ကတော့ အေဗာယက်ဗ်ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်လို့ သူတော့ မယုံကြည်ကြောင်း CNNကို မှတ်ချက် ပေးခဲ့ပါတယ်။ “သူ့အလုပ်က ပုဂ္ဂလိက ဘဏ်လုပ်ငန်းလေ။ VIPအဆင့် ဖောက်သည်တွေနဲ့ အလုပ်လုပ်နေရတာပါ။ သူဟာ ပမာဏ သိပ်များပြားတဲ့ ငွေကြေးတွေကိုတောင် စီမံ ကိုင်တွယ်ပေးနေသူ ဖြစ်ပါတယ်။ ဒီလို လူမျိုးက စိတ်ဖိစီးပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမှာတဲ့လား။ ကျွန်တော်တော့ မထင်ဘူး။ သူတစ်ခုခု သိထားတာ ရှိလိမ့်မယ်။ အဲဒီအတွက် သူ့အပေါ် အန္တရာယ် ကျရောက်တာမျိုးလည်း ဖြစ်ချင် ဖြစ်နိုင်တာပဲ”လို့ ဗိုလိုဗျုဗ်က ပြောပါတယ်။

နောက်တစ်နေ့ ဧပြီ ၁၉ ရက်မှာ ဓာတ်ငွေ့ တူးဖော် ထုတ်လုပ်ရေး ကုမ္ပဏီကြီး Novatekရဲ့ အမှုဆောင် အရာရှိဟောင်း ဆာဂျီ ပရိုတိုဆန်ညာက စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့နားက မြေထဲပင်လယ် အပန်းဖြေ ကမ်းခြေတစ်ခုဖြစ်တဲ့ လော်ရတ်ဒီမားက သူ့ကိုယ်ပိုင် အိမ်ထဲမှာ သေဆုံးလျက်သား တွေ့ခဲ့ရပြန်တယ်။ Novatekဟာ Gazpromက ရှယ်ယာ ပိုင်ဆိုင်တဲ့ လုပ်ငန်းခွဲ တစ်ခုလည်း ဖြစ်ပါတယ်။

နောက်ပြီး အကြမ်းဖက် ရန်ပြုခံထားရတဲ့ အထောက်အထားတွေနဲ့ သေဆုံးနေတဲ့ ဇနီးနဲ့ သမီးရဲ့ အလောင်းတွေကိုလည်း ပရိုတိုဆန်ညာတို့ မိသားစုပိုင် ဇိမ်ခံ အိမ်ကြီးထဲမှာ ရှာတွေ့ခဲ့ပါတယ်။ ပရိုတိုဆန်ညာရဲ့ အလောင်းက အိမ်ရဲ့ အပြင်ဖက် ပန်းဥယျာဉ်ထဲမှာ ရှိနေခဲ့တာလို့ အမှုနဲ့ ပတ်သက်လို့ နီးနီးစပ်စပ် သိရှိထားသူတွေက CNNကို ပြောပါတယ်။

စပိန်ရဲ့ ကာတာလန် ပြည်နယ် ရဲတပ်ဖွဲ့ကတော့ အမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှု အားလုံးကို အပြီးသတ်ခဲ့ပြီး တွေ့ရှိချက်တွေကို တရားရုံး တစ်ခုဆီ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ ရဲတွေရဲ့ အပြီးသတ် ကောက်ချက်မှာတော့ လူနှစ်ယောက်ကို သတ်ဖြတ်ပြီး ကိုယ်တိုင် အဆုံးစီရင်သွားတဲ့ မှုခင်းမျိုးလို့ ဖော်ပြထားပါတယ်။ ပရိုတို ဆန်ညာရဲ့ သားကတော့ သူ့အဖေကို လူသတ်သမားလို့ စွပ်စွဲထားတဲ့ ဖော်ပြချက်တွေအပေါ် တုံ့ပြန် မေးခွန်းထုတ်ခဲ့ပြီး သူ့အဖေဟာ အသတ်ခံရတာသာ ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုနေပါတယ်။

“ကာတာလန် ရဲတပ်ဖွဲ့ဟာ ကွယ်လွန်သူရဲ့ သားဖြစ်သူဆီက ထွက်ဆိုချက်တွေကိုလည်း ယူခဲ့ပါတယ်။ တခြား ထင်ကြေးတွေကိုတော့ ပယ်ချသွားရမှာပါပဲ။ သေဆုံးသူ ၃ ယောက်စလုံး အသတ်ခံရတယ်ဆိုတဲ့ ကိစ္စကိုလည်း လောလောဆယ် ပယ်ချထားပါတယ်”လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိက CNN သတင်းဌာနကို ပြောပါတယ်။ “ဒီသေဆုံးမှုတွေက ရုရှား မာဖီးယားတွေရဲ့ လက်ချက်တဲ့လား။ ဟင့်အင်း။ မဖြစ်နိုင်ပါဘူး”လို့လည်း အဲဒီ အရာရှိက ဆက်ပြောပါသေးတယ်။

Novatek ကုမ္ပဏီကတော့ ပရိုတိုဆန်ညာဟာ မိသားစုအပေါ် ချစ်ခင်ပြီး လေးစားထိုက်တဲ့ ပုဂ္ဂိုလ် တစ်ယောက်လို့ ထုတ်ပြန်ထားပါတယ်။ “ကံမကောင်းစွာနဲ့ပဲ လူမှုကွန်ရက်တွေပေါ်မှာ ဒီသေဆုံးမှုနဲ့ ပတ်သက်လို့ ထင်ကြေးပေါင်းစုံ ပျံ့နှံ့နေတာကိုလည်း သတိထားမိပါတယ်။ ဒါပေမဲ့ အဲဒီထင်ကြေးတွေ ဆိုတာက အမှန်တရားနဲ့တော့ တိုက်ရိုက် ဆက်နွှယ်မှု မရှိပါဘူး။ စပိန်ရဲ့ တရားဥပဒေ စိုးမိုးရေး အရာရှိတွေဟာ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကို မှန်မှန်ကန်ကန်နဲ့ ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်း ဖော်ထုတ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ ကုမ္ပဏီ ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်တုန်းက ယူကရိန်းနိုင်ငံဖွား ရုရှား ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး မစ်ခေးလ် ဝက်တ်ဖို့ဒ်ဟာ အင်္ဂလန်နိုင်ငံ၊ ဆာရေးဒေသမှာရှိတဲ့ သူ့အိမ်မှာ သေဆုံးနေခဲ့ပါတယ်။ ဒီသေဆုံးမှုမှာ ဘာမှ မသင်္ကာစရာ အထောက်အထား မတွေ့ရပါဘူးလို့ ဆာရေး ရဲတပ်ဖွဲ့က CNNကို ပြောပါတယ်။

နောက်ထပ် ရုရှား စီးပွားရေး လုပ်ငန်းရှင် ဗက်ဆလီ မယ်လ်နီကော့ဗ် ဆိုရင်လည်း မတ်လနှောင်းပိုင်းမှာ မိသားစုဝင်တွေနဲ့အတူ နစ်ဇ်နီ နော့ဗ်ဂိုရက်ဒ်မြို့မှာ သေဆုံးနေတာ တွေ့ရှိခဲ့တယ်လို့ ရုရှား သတင်းဌာနတွေက ဖော်ပြပါတယ်။

မယ်လ်နီကော့ဗ်က MedStomဆိုတဲ့ ဆေးဝါးဖြန့်ချိရေး ကုမ္ပဏီ တစ်ခုကို ပိုင်ဆိုင်သူပါ။ ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီရဲ့ အစီရင်ခံစာမှာတော့ အသက် ၄၃ နှစ်အရွယ် အမျိုးသား၊ အသက် ၄၁ နှစ်အရွယ် ဇနီးဖြစ်သူနဲ့ အသက် ၁၀ နှစ်၊ ၄ နှစ်စီ အသီးသီးရှိတဲ့ ကလေး ၂ ယောက်ဟာ ဓားထိုး ဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာလို့ ဖော်ပြထားပါတယ်။ ကော်မတီက မယ်လ်နီကော့ဗ်တို့ မိသားစုရဲ့ နာမည်တွေကို ဖော်ပြမထားပေမယ့် အသက်အရွယ်တွေရယ်၊ အခင်းဖြစ်ပွားရာ နေရာတွေရယ် အကုန်လုံး ကိုက်ညီနေပါတယ်။

ဒေသခံ စုံထောက်တွေကတော့ သေမှုသေခင်း နောက်ဆက်တွဲ စစ်ဆေး တွေ့ရှိမှုတွေနဲ့ ပတ်သက်လို့ CNNရဲ့ ဆက်သွယ် မေးမြန်းမှုကို ဖြေကြားဖို့ ငြင်းဆန်ကြပါတယ်။ အခင်းဖြစ်ပြီးချိန်တုန်းကတော့ သူတို့ မိသားစုရဲ့ တိုက်ခန်းထဲကို ခွင့်ပြုချက် မရဘဲ ဝင်ရောက်သူ လုံးဝ မရှိခဲ့ဘူးလို့ ရဲတွေက ပြောပါတယ်။ ပြီးတော့ အဲဒီတိုက်ခန်းမှာပဲ ဓားတွေကို ရှာဖွေ သိမ်းဆည်း ရမိခဲ့တယ်လို့လည်း ဆိုပြန်တယ်။

အမှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က ဘက်ပေါင်းစုံ ဆင်ခြင် သုံးသပ်ထားပြီး အိမ်ထောင်ဦးစီး အမျိုးသားက ဇနီးနဲ့ ကလေးတွေကို အရင်သတ်ဖြတ်၊ ပြီးမှ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်ဆိုတဲ့ ဖြစ်နိုင်ခြေကလည်း တစ်ခု အပါအဝင် ဖြစ်တယ်လို့ ကော်မတီက ထုတ်ပြန်ထားပါတယ်။

(CNN သတင်းဌာန၏ At least eight Russian businessmen have died in apparent suicide or accidents in just six months ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)