Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆွီဒင် စမ်းသပ်ပစ်လွှတ်တဲ့ ဒုံးကျည် နော်ဝေးပိုင်နက်ထဲ ပျက်ကျ

ဆွီဒင်က စမ်းသပ်ခဲ့တဲ့ ဒုံးကျည်ဟာ Texus-58 အမျိုးအစား ဖြစ်ပြီး ဥရောပ အာကာသာ အေဂျင်စီရဲ့ သုတေသန အစီအစဉ်တွေနဲ့ ဆက်စပ်ပြီး အခုလို လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။

ဆွီဒင် စမ်းသပ်ပစ်လွှတ်တဲ့ ဒုံးကျည် နော်ဝေးပိုင်နက်ထဲ ပျက်ကျ
ဆွီဒင် စမ်းသပ်ပစ်လွှတ်တဲ့ ဒုံးကျည် နော်ဝေးပိုင်နက်ထဲ ပျက်ကျ

သုတေသန ရည်ရွယ်ချက်နဲ့ ဆွီဒင်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းဟာ အိမ်နီးချင်း နော်ဝေးနိုင်ငံထဲ ကျရောက်သွားခဲ့ကြောင်း သိရပါတယ်။

အခု သီတင်းပတ် အစောပိုင်းမှာ ဆွီဒင်ရဲ့ Esrange အာကာသ စင်တာကနေ လွှတ်တင်လိုက်တဲ့ ဒုံးကျည်ဟာ နည်းပညာပိုင်း ချွတ်ယွင်းမှုနဲ့ ကြုံခဲ့ပြီး နော်ဝေးရဲ့ တောင်တန်းဒေသ တစ်ခုဆီ ပျက်ကျခဲ့ပါတယ်။ ဆွီဒင် အာကာသ ကော်ပိုရေးရှင်း (SSC)က ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ လူသိရှင်ကြား တောင်းပန်ခဲ့ပြီး နောက်ဆက်တွဲ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ဒုံးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နော်ဝေးဖက်မှာ ထိခိုက်သေကြေမှု သတင်းတော့ မကြားရပါဘူး။ ဒါပေမဲ့ နော်ဝေး အာဏာပိုင်တွေကတော့ ဆွီဒင်အနေနဲ့ မတော်တဆ အမှားအယွင်း ဖြစ်ပြီးပြီးချင်း အရေးပေါ် အကြောင်းကြားဖို့ ပျက်ကွက်ခဲ့တာကို မကျေမနပ် ဝေဖန်ထားပါတယ်။

SSCရဲ့ အဆိုအရ ဒုံးကျည်ဟာ ကမ္ဘာမြေအထက် ကီလိုမီတာ ၂၅၀ လောက်ထိ ပျံတက်ခဲ့ကြောင်း၊ အဲဒီ ဒုံးကျည် လွှတ်တင်တဲ့ ရည်ရွယ်ချက်ဟာ မြေဆွဲအားမဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သုတေသန အချက်အလက်သစ်တွေ စုဆောင်းဖို့ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမဲ့ ပြန်လည် ဆင်းသက်ချိန်မှာ မူလ လျာထားတဲ့ နေရာနဲ့ ကီလိုမီတာ ၄၀ လောက်အကွာ နော်ဝေးပိုင်နက်ထဲ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒုံးကျည်ပျက်ကျတဲ့ နေရာဟာ အနီးဆုံး လူနေ ဧရိယာနဲ့ ၁၀ ကီလိုမီတာလောက် ကွာဝေးပြီး ထိခိုက်ဒဏ်ရာရမှု၊ အဆောက်အအုံ ပျက်စီးမှုတွေ ဘာမှတော့ မရှိခဲ့ပါဘူး။

ဒီလွဲချော်မှုနဲ့ ပတ်သက်လို့ လေးလေးနက်နက် သဘောထားပြီး ကိုင်တွယ် အဖြေရှာသွားမယ်လို့ SSCက ထုတ်ပြန်ထားပါတယ်။ ဒုံးပျံ ပျက်ကျမှု အပြီးမှာတင် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆွီဒင်က နော်ဝေးဖက်ကို ဆက်သွယ် အကြောင်းကြားခဲ့တယ်လို့ SSCက ပြောပါတယ်။

ဒါပေမဲ့ နော်ဝေး နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အစောပိုင်း အချိန်တွေမှာ ဆွီဒင်ဟာ ဒုံးပျံ ပျက်ကျမှုနဲ့ ပတ်သက်လို့ စုံစုံလင်လင် အကြောင်းမကြားခဲ့သလို သယ်ဆောင်သွားတဲ့ ပစ္စည်းတွေကို ပြန်ယူမယူ ဆိုတာမျိုးတွေလည်း တိတိကျကျ မပြောခဲ့ဘူးလို့ ဝေဖန်ပါတယ်။

ရည်ရွယ်ချက် မပါဘူး ဆိုပေမယ့် နော်ဝေးရဲ့ ပိုင်နက် လုံခြုံရေးကို ထိပါးချိုးဖောက်သလို ဖြစ်သွားခဲ့ကြောင်း၊ တကယ်တမ်းဆိုရင် နော်ဝေးရဲ့ သီးခြား အဖွဲ့အစည်း တချို့ဆီ သေသေချာချာ ဆက်သွယ် အကြောင်းကြားခဲ့သင့်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

ဆွီဒင်က စမ်းသပ်ခဲ့တဲ့ ဒုံးကျည်ဟာ Texus-58 အမျိုးအစား ဖြစ်ပြီး ဥရောပ အာကာသာ အေဂျင်စီရဲ့ သုတေသန အစီအစဉ်တွေနဲ့ ဆက်စပ်ပြီး အခုလို လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

မောင်ဖြစ်သူ နော်ဝေးဘုရင်ရဲ့ ဈာပနကို တက်ရောက်ပြီး ၂ ရက်အကြာမှာပဲ နော်ဝေး မင်းသမီးကြီး အက်စ်ထရစ်လည်း ကွယ်လွန်သွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒီဇိုင်းတည်ဆောက်ပုံက ဒရုန်းနဲ့တူနေတဲ့ ဒရုန်းတစ်ပိုင်း၊ ဒုံးကျည်တစ်ပိုင်း ခရုစ်ဒုံးကျည် အမျိုးအစားသစ်တွေကို အီဂျစ်မှာ ကျင်းပတဲ့ လေကြောင်းနည်းပညာ ပြပွဲမှာ ရုရှားက ပွဲထုတ် ပြသလာခဲ့ပါတယ်။

နိုင်ငံတကာ

နော်ဝေးနိုင်ငံက ထိန်းချုပ်ထားတဲ့ ရုရှား သင်္ဘောကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ရုရှားက တောင်းဆိုလိုက်ပါတယ်။