Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကမ္ဘောဒီးယားမှာ ကျောက်ကပ်ရောင်းဖို့ လူ ၁၂၀ ကျော်ကို ပို့ဆောင်ပေးခဲ့တဲ့ လူမှောင်ခိုဂိုဏ်းကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဖော်ထုတ်ဖမ်းဆီး

အင်ဒိုနီးရှားရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ စွဲချက်တင် ခံထားရသူတွေဟာ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်နဲ့ ဒေါ်လာ ၃၉၀၀၀ လောက်နဲ့ ညီမျှတဲ့ ရူပီးငွေ သန်း ၆၀၀ ထိ ပြစ်ဒဏ် ချမှတ် ခံရနိုင်ပါတယ်။

ကမ္ဘောဒီးယားမှာ ကျောက်ကပ်ရောင်းဖို့ လူ ၁၂၀ ကျော်ကို ပို့ဆောင်ပေးခဲ့တဲ့ လူမှောင်ခိုဂိုဏ်းကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဖော်ထုတ်ဖမ်းဆီး
ကမ္ဘောဒီးယားမှာ ကျောက်ကပ်ရောင်းဖို့ လူ ၁၂၀ ကျော်ကို ပို့ဆောင်ပေးခဲ့တဲ့ လူမှောင်ခိုဂိုဏ်းကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဖော်ထုတ်ဖမ်းဆီး

ကျောက်ကပ် ရောင်းချင်တဲ့ သူတွေကို ကမ္ဘောဒီးယား နိုင်ငံဆီ တင်ပို့ပေးနေတဲ့ လူမှောင်ခိုဂိုဏ်း တစ်ခုကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖော်ထုတ် ဖြိုခွင်းခဲ့ပါတယ်။

အဲဒီအမှုဟာ အတော်လေး သက်ရောက်မှု ကြီးမားပြီး လူ့ခန္ဓာကိုယ် အစိတ်အပိုင်း မှောင်ခိုရောင်းဝယ်သူတွေကို ကူညီနေတဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ လူဝင်မှု ကြီးကြပ်ရေး အရာရှိ တချို့ပါ ရှိနိုင်တယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။ အခုတော့ လူမှောင်ခိုဂိုဏ်းသား ၁၂ ဦးကို ရဲတွေက ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံမှာ ဖြန့်ကျက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီဂိုဏ်းဟာ ငွေကြေး အကျပ်အတည်းကြောင့် ကျောက်ကပ် ရောင်းစားချင်သူ အင်ဒိုနီးရှား နိုင်ငံသား ၁၂၂ ဦးထက် မနည်းကို ကမ္ဘောဒီးယားက ဆေးရုံတစ်ခုဆီ ပို့ဆောင်ပြီး ခွဲစိတ်နိုင်အောင် စီစဉ်ပေးခဲ့တယ်လို့ ရဲတွေက ယုံကြည်နေပါတယ်။

ဂျကာတာ ရဲတပ်ဖွဲ့ရဲ့ မှုခင်းတိုက်ဖျက်ရေးဌာန အကြီးအကဲ ဟန်ကီ ဟာယာဒီက လက်ရှိ စာရင်းရထားတဲ့ ၁၂၂ ဦးမှာ စက်ရုံအလုပ်သမားတွေ၊ ကျောင်းဆရာတွေနဲ့ လုပ်ငန်းတချို့ရဲ့ အမှုဆောင် အဆင့်တွေထိ ပါဝင်တယ်လို့ ပြောပါတယ်။ သူတို့အားလုံးဟာ အခုတော့ အင်ဒိုနီးရှားကို ပြန်ရောက်နေပါပြီ။ ရဲတွေက နောက်ထပ် လူမှောင်ခိုမှုနဲ့ ဆက်စပ်ပြီး ကျောက်ကပ်ရောင်းစားခဲ့သူတွေ ရှိနေသေးသလား ဆိုတာကိုပါ စုံစမ်းနေပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်ကပ်တစ်လုံး ထုတ်ရောင်းခဲ့သူတိုင်းဟာ ကပ်ရောဂါ ကာလမှာ စီးပွားရေး အလွန်အကျွံ ကျပ်တည်းပြီး အလုပ်ပြုတ်ခဲ့သူမျိုးတွေဖြစ်ကြောင်း၊ ငွေကြေး အရမ်းလိုအပ်ပြီး ကြံရာမရ ဖြစ်နေချိန်မှာ လူမှောင်ခို ဂိုဏ်းသားတွေရဲ့ စည်းရုံးမှု စက်ကွင်းထဲ ကျရောက်ကုန်တာဖြစ်ကြောင်း ဟာယာဒီက ပြောပါတယ်။ အဲဒီထဲက ၆ ဦးဟာ ခွဲစိတ်မှု ခံယူထားတာ သိပ်မကြာလှသေးဘဲ ဆရာဝန်တွေရဲ့ စောင့်ကြည့်ကုသမှုအောက်မှာ ရှိနေဆဲလို့ ဆိုပါတယ်။

ဖမ်းဆီးထားသူ ၁၂ ဦးထဲက ၉ ဦးဟာ လူမှုကွန်ရက် မီဒီယာတွေကနေတဆင့် အင်ဒိုနီးရှား တနံတလျားက ငွေကြေး ကျပ်တည်းနေသူတွေကို ပစ်မှတ်ထား စည်းရုံးပြီး လူကုန်ကူးခဲ့ကြတာလို့ ရဲတွေက ပြောပါတယ်။ နောက်ထပ် သံသယ တရားခံ တစ်ဦးကတော့ ကမ္ဘောဒီးယားရဲ့ မြို့တော် ဖနွမ်ပင်မှာရှိတဲ့ ပရာကက် မယ်လီရာ ဆေးရုံဆီ သူတို့ကို ပို့ဆောင်ပေးဖို့ အဓိက တာဝန်ယူလေ့ ရှိပါတယ်။

လူမှောင်ခိုဂိုဏ်းက သူတို့ရဲ့ သားကောင်တွေကို ကျောက်ကပ်တစ်လုံးရောင်းရင် ဒေါ်လာ ၉၀၀၀ လောက် ရရှိမယ်လို့ သွေးဆောင်လေ့ ရှိတယ်လို့လည်း သိရပါတယ်။ ၂၀၁၉ ကတည်းက စတင်လည်ပတ်နေတယ်လို့ ယုံကြည်ရတဲ့ အဲဒီဂိုဏ်းဟာ လူ့ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ မှောင်ခိုစျေးကွက်ကနေတဆင့် ဒေါ်လာ ၁.၆ သန်းလောက်ထိ ရရှိထားပြီးပြီလို့လည်း ရဲတွေက ခန့်မှန်းပါတယ်။

အင်ဒိုနီးရှားရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ စွဲချက်တင် ခံထားရသူတွေဟာ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်နဲ့ ဒေါ်လာ ၃၉၀၀၀ လောက်နဲ့ ညီမျှတဲ့ ရူပီးငွေ သန်း ၆၀၀ ထိ ပြစ်ဒဏ် ချမှတ် ခံရနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေအတွက် ငွေကြေးပေးချေမှုကို ၁၉၈၇ ခုနှစ်မှာ စတင်တားမြစ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံ အများစုက ဥပဒေအဖြစ် ပြောင်းလဲလက်ခံ ကျင့်သုံးခဲ့ပါတယ်။ WHOရဲ့ ခန့်မှန်းချက်အရ ၂၀၀၈ ခုနှစ်ထိ အခြေအနေတွေအရ တစ်ကမ္ဘာလုံးမှာ ပြုလုပ်ခဲ့တဲ့ ကိုယ်အင်္ဂါ အစားထိုး ကုသမှု အားလုံးရဲ့ ၅ ရာခိုင်နှုန်းဟာ တရားမဝင်တာ၊ ဒါမှမဟုတ် ကျင့်ဝတ်နဲ့ မညီညွတ်တာတွေ ဖြစ်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်းလို့ ခေါ်ဆိုတဲ့ ရေအောက် မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ်တည်ရှိနေပြီး ကမ္ဘာပေါ်မှာ အသက်ဝင်နေဆဲ မီးတောင် အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

နိုင်ငံတကာ

နာမည်လိမ်နဲ့ နေထိုင်နေတဲ့ ဆာတိုရှီ ကီရီရှီမာက မကွယ်လွန်ခင်အချိန် သူ့ဘဝမှန်ကို ဆေးရုံမှာ ရဲတွေဆီ ဇန်နဝါရီလတုန်းက ဖြောင့်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ သူက ကိုယ့်နာမည် အစစ်အမှန်နဲ့ပဲ သေချင်တယ်လို့ ရဲတွေကို ပြောခဲ့ပါတယ်။

နိုင်ငံတကာ

ဂန်ဂျာရဲ့ အဖွဲ့ကတော့ ရွေးကောက်ပွဲမှာ စနစ်တကျ ကျူးလွန်တဲ့ မဲမသမာမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

ဆူဘီယန်တိုကတော့ အဲဒီ တိုက်လေယာဉ်တွေဟာ နောက်ထပ် ၁၅ နှစ်လောက် စစ်မှုထမ်းနိုင်ဆဲဖြစ်ပြီး အသစ်မှာယူမယ့် မျိုးဆက်သစ် တိုက်လေယာဉ်တွေ ရောက်ရှိမလာခင် ကြားကာလမှာ နိုင်ငံရဲ့ အချုပ်အခြာ လေပိုင်နက်ကို အကောင်းဆုံး ကာကွယ် စောင့်ရှောက်နိုင်မယ်လို့ တုံ့ပြန်ခဲ့ဖူးပါတယ်။