ဟားမားစ် ပြောက်ကျားအဖွဲ့နဲ့ တိုက်ခိုက်နေတဲ့အချိန် စစ်မျက်နှာ အသစ်တစ်ခုနဲ့ ထပ်ကြုံလာမလား ဆိုတဲ့ကိစ္စဟာ အစ္စရေးအပေါ်မှာပဲ မူတည်လိမ့်မယ်လို့ အီရန် အစိုးရက ပြောပါတယ်။
အစ္စရေးဟာ နိုင်ငံ အနောက်တောင်ဖက် နယ်နိမိတ်နဲ့ ထိစပ်နေရာ ပါလက်စတိုင်း နယ်မြေဖြစ်တဲ့ ဂါဇာ ကမ်းမြှောင်ဒေသမှာ အခြေစိုက်တဲ့ ဟားမားစ်တွေနဲ့ ပြင်းပြင်းထန်ထန် စစ်ပွဲ ဖြစ်ပွားနေသလို မြောက်ပိုင်း၊ လက်ဘနွန်နဲ့ နယ်စပ်မှာလည်း ဟက်ဇ်ဘိုလာ ပြောက်ကျားတွေနဲ့ စစ်ရေး တင်းမာနေပါတယ်။
ဟားမားစ်တွေက အစ္စရေးကို စတင်ကျူးကျော်ခဲ့ချိန် ကတည်းက ဟက်ဇ်ဘိုလာက အစ္စရေးပိုင်နက်ဖက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး အစ္စရေး စစ်တပ်ကလည်း လက်တုံ့ပြန်ခဲ့တာကြောင့် စစ်ရေး တင်းမာမှုတွေ ရှိနေပါတယ်။ အဲဒီ ပဋိပက္ခတွေအတွင်း ဟက်ဇ်ဘိုလာတွေ ပစ်ခတ်ခဲ့တဲ့ တင့်ကားဖျက်ဒုံး ထိမှန်လို့ စစ်သည်တစ်ဦး ကျဆုံးခဲ့ကြောင်း အစ္စရေးက ထုတ်ပြန်ထားပါတယ်။
ဟားမားစ်ရော၊ ဟက်ဇ်ဘိုလာပါ အီရန် အစိုးရက အဓိက ကျောထောက်နောက်ခံ ပေးထားပြီး အစ္စရေးကို တူးတူးခါးခါး မုန်းတီးကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ အီရန် အစိုးရက ဂါဇာမှာ ဟားမားစ်တွေ ဆင်နွှဲတဲ့ စစ်ပွဲကို ချီးကျူး ထောက်ခံခဲ့ပေမယ့် အစ္စရေးကို တိုက်ခိုက်ဖို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်။
တစ်ချိန်တည်းမှာပဲ အစ္စရေးဟာ ဟက်ဇ်ဘိုလာနဲ့ပါ စစ်တိုက်ပြီး စစ်မျက်နှာသစ် ထပ်ဖွင့်ရမလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပြီး အီရန် နိုင်ငံခြားရေး ဝန်ကြီး ဟိုစိန်အေမာ အက်ဘ်ဒိုလာဟီရန်ကတော့ ဒီကိစ္စဟာ အစ္စရေး အပေါ်မှာပဲ မူတည်ပြီး အဖြေထွက်လာလိမ့်မယ်လို့ ပြောပါတယ်။

Public Service Announcement
နိုင်ငံတချို့ရဲ့ အစိုးရ အရာရှိတွေက အစ္စရေးကို ပစ်မှတ်ထားတဲ့ နောက်ထပ် စစ်မျက်နှာသစ် တစ်ခုနဲ့ ပတ်သက်လို့ အလားအလာတွေကို လာရောက် မေးမြန်းကြကြောင်း၊ အီရန် အစိုးရက ရှင်းရှင်းလင်းလင်း အဖြေပေးနိုင်တာကတော့ နောက်ထပ် ဖြစ်လာနိုင်ခြေ အားလုံးဟာ ဇီယွန်ဝါဒီ (အစ္စရေး)တွေရဲ့ ဂါဇာမှာ ကျူးလွန်တဲ့ ကိစ္စတွေအပေါ်မှာသာ အလုံးစုံ မူတည်နေမယ် ဆိုတာပဲဖြစ်ကြောင်း အက်ဘ်ဒိုလာဟီရန်က ဆိုပါတယ်။
လက်ရှိ အချိန်ထိတော့ အစ္စရေးဟာ ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေဆဲ ဖြစ်သလို ဘယ်အဖွဲ့အစည်းကမှ အစ္စရေးကို စစ်မျက်နှာအသစ်ကနေ ထိုးစစ်ဆင် တိုက်ခိုက်ဖို့ အီရန်ဆီ လာရောက် တောင်းဆိုထားတာမျိုး မရှိသေးကြောင်း သူက ပြောကြားသွားပါတယ်။
အက်ဘ်ဒိုလာဟီရန်ဟာ အစ္စရေး-ဟားမားစ် စစ်ပွဲကာလအတွင်း အစ္စရေးနဲ့ ခါးသီးတဲ့ ပြိုင်ဆိုင်မှု ရှိနေတဲ့ အာရပ်နိုင်ငံတွေဆီ လှည့်လည်သွားရောက် ဆွေးနွေးဖို့လည်း စီစဉ်ထားပါတယ်။ သူဟာ လက်ဘနွန် အာဏာပိုင်တွေနဲ့ အောက်တိုဘာ ၁၄ ရက်မှာ တွေ့ဆုံမှာဖြစ်ပြီး အဲဒီကနေတဆင့် ဆီးရီးယားနိုင်ငံ၊ ဒမတ်စကက် မြို့တော်ဆီ ခရီးဆက်မယ်လို့လည်း သိရပါတယ်။
