Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဂါဇာစီးတီး မြို့လယ်ကို အစ္စရေး တပ်တွေ စတင်ဝင်ရောက်

တစ်လကျော် ကြာမြင့်လာတဲ့နောက် ဂါဇာ ပဋိပက္ခမှာ အစ္စရေးဖက်က ၁၄၀၀ ကျော် သေဆုံးပြီး ပါလက်စတိုင်းဖက်မှာတော့ ကလေး ၄၀၀၀ ကျော် အပါအဝင် စုစုပေါင်း ၁၀၀၀၀ ကျော် အသေအပျောက် ရှိခဲ့ကြောင်း သိရပါတယ်။

ဂါဇာစီးတီး မြို့လယ်ကို အစ္စရေး တပ်တွေ စတင်ဝင်ရောက်
ဂါဇာစီးတီး မြို့လယ်ကို အစ္စရေး တပ်တွေ စတင်ဝင်ရောက်

ဂါဇာစီးတီး မြို့လယ်တဝိုက် ဧရိယာတွေကို တပ်တွေ စတင်ဝင်ရောက်နေပြီလို့ အစ္စရေးက ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနက ဂါဇာစီးတီးရဲ့ မြောက်ပိုင်းနဲ့ တောင်ပိုင်းကနေ အစ္စရေးတပ်တွေ ချဉ်းကပ်ပြီး ဟားမားစ် အကြမ်းဖက်သမားတွေကို အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ပြောပါတယ်။ ပါလက်စတိုင်း အခြေစိုက် ဟားမားစ် ပြောက်ကျားတွေနဲ့ ရင်ဆိုင် တိုက်ပွဲမှာ အစ္စရေးဟာ ဂါဇာ ကမ်းမြှောင်ဒေသရဲ့ မြို့တော် ဂါဇာစီးတီးကို အဓိက ပစ်မှတ်ထားပြီး စစ်ဆင်ရေးတွေ ဆင်နွှဲနေပါတယ်။

ဂါဇာစီးတီးဟာ အကြမ်းဖက်သမားတွေရဲ့ အဓိက ခြေကုပ်စခန်းတွေ ရှိနေပြီး ဟားမားစ်ရဲ့ အဓိက စစ်ဦးစီး အရာရှိဟာ မြို့ထဲက မြေအောက် ဗုံးခိုကျင်း တစ်ခုထဲမှာ ပိတ်မိနေတယ်လို့ ယုံကြည်ရကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။

ဂါဇာ မြောက်ပိုင်းမှာရှိတဲ့ ဂါဇာစီးတီးဟာ အောက်တိုဘာ ၇ ရက်၊ ဟားမားစ်တွေရဲ့ အစ္စရေး ပိုင်နက်ကို ကျူးကျော်လို့ စတင်ခဲ့တဲ့ စစ်ပွဲအပြီး အစ္စရေး လေတပ်ရဲ့ ပြင်းပြင်းထန်ထန် လက်တုံ့ပြန် ဗုံးကြဲမှုကို ခံခဲ့ရသလို အခုအခါမှာလည်း အလုံးအရင်းနဲ့ မြေပြင်ထိုးစစ် ဆင်လာမှုကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂဲလန့်တ်က ဂါဇာရဲ့ နှလုံးသည်းပွတ် နေရာတွေဆီ အစ္စရေး စစ်သည်တွေ ချီတက်နေပြီလို့ ရုပ်မြင်သံကြားကနေတဆင့် ထုတ်လွှင့်တဲ့ ဂါဇာစစ်ပွဲ တစ်လပြည့် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ခြေလျင် စစ်သည်တွေ၊ တင့်ကားတွေနဲ့ သံချပ်ကာယာဉ်တွေဟာ ဂါဇာမှာ ဟားမားစ်တွေကို အပြီးသတ် သုတ်သင် ရှင်းလင်းဖို့ဆိုတဲ့ ဦးတည်ချက် တစ်ခုတည်းနဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်နေတယ်လို့လည်း ဂဲလန့်တ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဂဲလန့်တ်က လွန်ခဲ့တဲ့ တစ်လလောက်မှာ အစ္စရေးကို ကျူးကျော်ပြီး အမျိုးသမီးတွေ၊ ကလေးငယ်တွေ အပါအဝင် အပြစ်မဲ့ အရပ်သားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ဖို့ ဟားမားစ်တွေကို အမိန့်ပေးခဲ့သူ အဓိက စစ်ဦးစီး ယာဟ်ရာ ဆင်ဝါဟာ ဂါဇာစီးတီးထဲမှာ ပိတ်မိနေတယ်လို့ ယုံကြည်ရကြောင်းလည်း ဆက်ပြောပါတယ်။ ဟားမားစ်တွေဖက်ကတော့ အစ္စရေးရဲ့ အဆိုကို ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ဂဲလန့်တ်က ဟားမားစ်တွေဟာ ဂါဇာစီးတီးရဲ့ မြေအောက်မှာ ကျောင်းတွေ၊ ဆေးရုံတွေနဲ့ လူနေအိမ်တွေရဲ့ အောက်ကပါ ဖြတ်သန်းပြီး ကီလိုမီတာပေါင်းများစွာ ရှည်လျားတဲ့ ဥမင်လှိုဏ်ခေါင်းတွေ သွယ်တန်း ဖောက်လုပ်ထားပြီး အဲဒီကနေ လက်နက်ခဲယမ်းတွေ သယ်ယူလေ့ ရှိတယ်လို့လည်း ပြောပါတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဟားမားစ် မြေအောက်ဥမင် ကွန်ရက်တွေကို အပြီးတိုင် ဖျက်ဆီးဖို့ဆိုရင် လပေါင်းအတော်ကြာ အချိန်ယူရနိုင်တယ်လို့လည်း ဝန်ကြီးက သုံးသပ်ခဲ့ပါတယ်။

တစ်လကျော် ကြာမြင့်လာတဲ့နောက် ဂါဇာ ပဋိပက္ခမှာ အစ္စရေးဖက်က ၁၄၀၀ ကျော် သေဆုံးပြီး ပါလက်စတိုင်းဖက်မှာတော့ ကလေး ၄၀၀၀ ကျော် အပါအဝင် စုစုပေါင်း ၁၀၀၀၀ ကျော် အသေအပျောက် ရှိခဲ့ကြောင်း သိရပါတယ်။