Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးရဲ့ ဓားစာခံ ကယ်ဆယ်ရေး မစ်ရှင်ကြောင့် ပါလက်စတိုင်း ၂၇၀ ကျော် သေဆုံးခဲ့တယ်လို့ဆို

ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက အစ္စရေးရဲ့ နှစ်နာရီကြာ စစ်ဆင်ရေးအတွင်း သေဆုံးခဲ့သူ ၂၇၄ ဦးအနက် ၈၆ ဦးရဲ့ နာမည်စာရင်းကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

အစ္စရေးရဲ့ ဓားစာခံ ကယ်ဆယ်ရေး မစ်ရှင်ကြောင့် ပါလက်စတိုင်း ၂၇၀ ကျော် သေဆုံးခဲ့တယ်လို့ဆို
အစ္စရေးရဲ့ ဓားစာခံ ကယ်ဆယ်ရေး မစ်ရှင်ကြောင့် ပါလက်စတိုင်း ၂၇၀ ကျော် သေဆုံးခဲ့တယ်လို့ဆို

အစ္စရေးရဲ့ ဓားစာခံ ကယ်ဆယ်မှု စစ်ဆင်ရေးအတွင်း ပါလက်စတိုင်း ၂၇၀ ကျော် သေဆုံးခဲ့တယ်လို့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဟားမားစ် ပြောက်ကျားတွေရဲ့ လက်အောက်ခံ ဌာနက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အစ္စရေးက ဂါဇာ အလယ်ပိုင်း၊ ညူဆာရတ် ဒုက္ခသည် စခန်းကို စီးနင်းခဲ့တဲ့ မစ်ရှင်ကြောင့် အသေအပျောက် ပမာဏာကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

အစ္စရေး ကွန်မန်ဒိုတွေဟာ အဲဒီ ဒုက္ခသည် စခန်းနားမှာ ဟားမားစ်တွေ ခိုအောင်းနေတဲ့ နေရာတဝိုက်ကို လေကြောင်းတိုက်ခိုက်မှုတွေ၊ တင့်ကားနဲ့ လက်နက်ကြီး ပစ်အားတွေကို အကာအကွယ်ယူပြီး ဝင်ရောက် စီးနင်းခဲ့တာပါ။

အစ္စရေးနဲ့ ဟားမားစ်တို့ကြား ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အဆုံးမှာတော့ အသက် ၂၂ နှစ်နဲ့ ၄၀ ကြား ဓားစာခံ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးကို အစ္စရေး ကွန်မန်ဒိုတွေက ကယ်ထုတ်နိုင်ခဲ့ပါတယ်။ သူတို့ဟာ အောက်တိုဘာ ၇ ရက်နေ့ ကတည်းက ဟားမားစ်တွေရဲ့ ဖမ်းဆီးခြင်းကို ခံထားရသူတွေ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အခုမစ်ရှင်ဟာ ဟားမားစ်တွေ အစ္စရေး ပိုင်နက်ကို ဖြတ်ကျော် တိုက်ခိုက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာ ခံခဲ့ရတဲ့ ရာနဲ့ချီတဲ့ ဓားစာခံတွေကို ကယ်ဆယ်ဖို့ လပေါင်းများစွာ ကြိုးစားခဲ့တဲ့ အစ္စရေးရဲ့ အားထုတ်မှုတွေမှာ ပထမဆုံး ထင်ရှားမြင်သာတဲ့ အောင်မြင်မှု ဖြစ်လာပါတယ်။ တစ်ဖက်မှာတော့ ဟားမားစ်တွေကို အစ္စရေးက စီးနင်းချိန်မှာ မီးကုန်ယမ်းကုန် ပစ်ခတ်ခဲ့မှုကြောင့် ပါလက်စတိုင်း ၂၇၄ ဦး သေဆုံးခဲ့တယ်လို့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

အဲဒီစာရင်းမှာတော့ ဟားမားစ် အဖွဲ့သားတွေအပြင် ကလေးတွေ အတော်များများနဲ့ အရပ်သားတွေလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေး တပ်ဖွဲ့ဝင်တွေဟာ ပုံမှန် အလစ်အငိုက် စီးနင်းမှုတွေနဲ့ မတူဘဲ ဇွန်လ ၈ ရက်နေ့ မစ်ရှင်ကို နေ့အချိန် လင်းလင်းရှင်းရှင်းကြီးမှာ ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။ အစ္စရေး စစ်တပ်က ဒီတိုက်ခိုက်မှုမှာ အသေအပျောက်တွေ ရှိခဲ့တာ အတည်ပြုပေမယ့် ပါလက်စတိုင်း အရေအတွက် ၁၀၀ မကျော်နိုင်ဘူးလို့ ပြောပါတယ်။ ဒါဟာ ဟားမားစ်ဖက်က ထုတ်ပြန်တဲ့ စာရင်းတွေနဲ့တော့ ကွာဟနေပါတယ်။

ဟားမားစ်တွေ ကြေညာတဲ့ ကိန်းဂဏန်းကသာ မှန်ကန်ခဲ့မယ်ဆိုရင် စစ်ပွဲကာလတလျှောက် အသေအပျောက် အများဆုံး နေ့တွေထဲက တစ်နေ့အဖြစ် သတ်မှတ်ရမယ့် သဘောပါ။ အစ္စရေးက ဓားစာခံ ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့တဲ့ နေရာဟာ စစ်ရှောင် ဒုက္ခသည် အများအပြား ထူထူထပ်ထပ် ခိုလှုံနေတဲ့ ဧရိယာ တစ်ခုလည်း ဖြစ်ပါတယ်။ မျက်မြင်တွေက အစ္စရေးဟာ လူတွေ အများကြီး ရှိနေနိုင်တဲ့ အဆောက်အအုံတွေကိုပါ ဒုံးကျည်တွေ၊ ဗုံးတွေ၊ လက်နက်ကြီးတွေ မျိုးစုံ အသုံးပြုပြီး ဦးနှိမ်ပစ်ခတ်ရင်း ရှေ့တိုးလာခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

ထိတွေ့ တိုက်ပွဲတွေကနေ အသက်လု ထွက်ပြေးလာခဲ့သူ ပါလက်စတိုင်း တစ်ဦးက ပေါက်ကွဲသံတွေ ဆူညံနေတဲ့အချိန် ခေါင်းပေါ်ကနေ အစ္စရေး တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ဖြတ်ပျံသွားတာကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ အပြန်အလှန် ပစ်ခတ်မှုတွေ အရှိန်လျော့ပြီး အစ္စရေးတပ်တွေ ဆုတ်ခွာသွားတဲ့အချိန် နေရာအနှံ့မှာ အပိုင်းပိုင်း ပြတ်နေတဲ့ အလောင်းတွေ ပြန့်ကြဲနေတာကို တွေ့ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက အစ္စရေးရဲ့ နှစ်နာရီကြာ စစ်ဆင်ရေးအတွင်း သေဆုံးခဲ့သူ ၂၇၄ ဦးအနက် ၈၆ ဦးရဲ့ နာမည်စာရင်းကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းကြား ယာယီ အပစ်အခတ် ရပ်စဲရေး အထမြောက်ဖို့ အမေရိကန် ဦးဆောင်တဲ့ ဆွေးနွေးမှုတွေ အရှိန်မြှင့်တင်နေတဲ့ ကာလမှာ အခုလို စစ်ဆင်ရေးမျိုး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဲဒီ စစ်ဆင်ရေး အောင်မြင်မှုဟာ ဓားစာခံတွေကို ကယ်ထုတ်ဖို့ ပျက်ကွက်ခဲ့ကြောင်း ဝေဖန်မှုတွေအောက် ကျရောက်နေတဲ့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုအပေါ်က ဖိအားပေးတွေကို အတိုင်းအတာတစ်ခု လျော့ပါးသွားစေမှာလည်း ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးနိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံသားတွေအားလုံး အမြန်ဆုံး ရွှေ့ပြောင်း ထွက်ခွာကြဖို့ တရုတ်သံရုံးက တိုက်တွန်း ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်အခတ် ရပ်စဲရေးအတွက် ကြားဝင် ညှိပေးကြဖို့ ပင်လယ်ကွေ့ဒေသ အာရပ်နိုင်ငံတွေကို အီရန်က မေတ္တာရပ်ခံခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

အီရန်နိုင်ငံရဲ့ မြို့တော် တဟီရန်မှာ နေထိုင်တဲ့ ဒေသခံတွေ အနေနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းသင့်နေပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အီရန် အဓိပတိကို လုပ်ကြံမယ့် အစ္စရေးရဲ့ အကြံအစည်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြားဝင် ဟန့်တားခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။