Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါလက်စတိုင်း နယ်မြေတွေကို အစ္စရေး ထိန်းချုပ်မှု၊ ကျူးကျော်မှုတွေ တရားမဝင်ကြောင်း ICJ ဆုံးဖြတ်

ပါလက်စတိုင်း နယ်မြေတွေကို အစ္စရေးက ထိန်းချုပ်ထားတာ၊ ကျူးကျော်နေထိုင်တာတွေဟာ တရားမဝင်ဘူးလို့ ကုလသမဂ္ဂရ့ အဆင့်အမြင့်ဆုံး တရားရုံးက စီရင် ဆုံးဖြတ်ပေးလိုက်ပါတယ်။

ပါလက်စတိုင်း နယ်မြေတွေကို အစ္စရေးက ထိန်းချုပ်ထားတာ၊ ကျူးကျော်နေထိုင်တာတွေဟာ တရားမဝင်ဘူးလို့ ကုလသမဂ္ဂရ့ အဆင့်အမြင့်ဆုံး တရားရုံးက စီရင် ဆုံးဖြတ်ပေးလိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ရဲ့ အခုဆုံးဖြတ်ချက်ဟာ အစ္စရေး-ပါလက်စတိုင်း အငြင်းပွားမှုတွေမှာ မှတ်တမ်းတင်လောက်တဲ့ ကြားဝင် စီရင်ပေးမှုလို့ သတ်မှတ်နိုင်ပါတယ်။

ICJက အစ္စရေးဟာ ပါလက်စတိုင်း နယ်မြေတွေဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသနဲ့ အရှေ့ဂျေရုဆလင်တို့ကို ထိန်းချုပ်ထားခြင်းဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ဖီလာ ဆန့်ကျင်နေကြောင်း၊ အဲဒီ ဒေသတွေမှာ အစ္စရေးရဲ့ အခြေစိုက် အိမ်ရာစီမံကိန်းတွေ ချဲ့ထွင်နေမှု ကို ရပ်တန်းက ရပ်သင့်ကြောင်း၊ ဂါဇာကမ်းမြှောင် ဒေသမှာ အစ္စရေး ထိန်းချုပ်ထားတဲံ နယ်မြေတွေကနေလည်း အမြန်ဆုံး ပြန်လည် ဆုတ်ခွာသင့်ကြောင်း ICJ စီရင်ချက်မှာ ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးရဲ့ လက်ယာစွန်း အမျိုးသားရေး ဝါဒစွဲ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ ICJ စီရင်ချက်ဟာ မုသားတွေ ပြည့်နေတဲ့ အဆုံးအဖြတ်မျိုးလို့ ချက်ချင်း တုံ့ပြန်ခဲ့ပါတယ်။ ICJရဲ့ စီရင်ချက်ဟာ နိုင်ငံတကာက ကိုးကားသင့်တဲ့ ဥပဒေကြောင်းဆိုင်ရာ လမ်းညွှန် အကြံပြုချက် ပိုဆန်ပြီး နိုင်ငံရေးအရ အာဏာစက်သုံးပြီး တည်မြဲအောင်တော့ လုပ်ဆောင်နိုင်စွမ်း မရှိပါဘူး။

ဇူလိုင် ၁၉ ရက်နေ့ စီရင်ချက်ဟာ ပါလက်စတိုင်း နယ်မြေတွေကို အစ္စရေးက ထိန်းချုပ်ထားခဲ့တဲ့တဲ့ ၅၇ နှစ်တာ ကာလအတွင်း အဲဒီကိစ္စကို ဥပဒေကြောင်းအရ ပထမဆုံးအကြိမ် တိတိကျကျ ဆန့်ကျင်လိုက်ခြင်းလည်း ဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့မှာ အခြေစိုက်တဲ့ ICJက အခုအကြောင်းအရာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ မေတ္တာရပ်ခံမှုကြောင့် ၂၀၂၃ နှစ်ဆန်းပိုင်း ကတည်းက ပိုင်းခြားလေ့လာနေခဲ့တာလို့ ပြောပါတယ်။

အထူးသဖြင့် လုံခြုံရေး ကောင်စီဟာ ပါလက်စတိုင်းနဲ့ ပတ်သက်ပြီး အစ္စရေးရဲ့ မူဝါဒတွေ၊ ပါလက်စတိုင်းအပေါ် ကျင့်သုံးတဲ့ နည်းလမ်းတွေကို ဆင်ခြင် သုံးသပ်ပေးဖို့၊ ပါလက်စတိုင်း နယ်မြေတွေကို အစ္စရေး ထိန်းချုပ်မှုက ဥပဒေနဲ့ ညီမညီ ဆန်းစစ်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

လေ့လာ တွေ့ရှိချက်တွေအပေါ် မူတည်ပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ဖတ်ကြား ကြေညာရာမှာ ICJ ဥက္ကဋ္ဌ နာဝက်ဖ် ဆာလာမ်က ပါလက်စတိုင်း နယ်မြေတွေကို သိမ်းယူထားပြီး အစ္စရေးရဲ့ ဆက်လက် နေထိုင်တည်ရှိမှုတွေက တရားမဝင်ဘူးလို့ ပြောကြားသွားပါတယ်။ ပါလက်စတိုင်း နယ်မြေတွေမှာ တရားမဝင် တည်ရှိနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အစ္စရေးဟာ တာဝန်ယူပြီး အမြန်ဆုံး တုံ့ပြန် ဆောင်ရွက်ပေးသင့်တယ်လို့လည်း သူက ဆိုပါတယ်။

အစ္စရေး တပ်တွေဟာ ဂါဇာကနေ ၂၀၀၅ ခုနှစ်ကနေ ဆုတ်ခွာခဲ့ပေမယ့်လည်း အဲဒီ နယ်မြေကို လက်တွေ့အားဖြင့် ဝန်းရံ ထိန်းချုပ်ထားဆဲ ဖြစ်တာကြောင့် အမှန်တကယ် လက်လွှတ်လိုက်တဲ့ အဓိပ္ပါယ် မမြောက်ဘူးလို့လည်း ICJ ဆုံးဖြတ်ချက်မှာ ပါဝင်ခဲ့ပါတယ်။

အစ္စရေးဟာ အနောက်ဖက် ကမ်းခြေဒေသနဲ့ အရှေ့ ဂျေရုဆလင်တို့မှာ ၁၉၆၇ ခုနှစ်ကစလို့ အိမ်ရာ စီမံကိန်းတွေ ချဲ့ထွင်ခဲ့ပြီး အခုအခါ အဲဒီနယ်မြေတွေမှာ ဂျူး ၇၀၀၀၀ လောက် အခြေချ နေထိုင်နေတယ်လို့ သိရပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်ရပ်ထားတဲ့ ကာလအတွင်း အစ္စရေးနဲ့ အီရန်ကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ပထမဆုံးအကြိမ် ပြန်လည် ဖြစ်ပွားလာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးစစ်တပ် (IDF)ရဲ့ တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးချုပ်တစ်ဦး အပါအဝင် လက်ဘနွန် စစ်သားတွေ သေဆုံးခဲ့ကြောင်း သိရပါတယ်။