ဘိန်းထုတ်လုပ်မှု သိသိသာသာ လျော့ကျသွားပေမယ့် အာဖဂန်နစ္စတန် နိုင်ငံ ပိုင်နက်ထဲမှာ ဘိန်းသိုလှောင်မှု အမြောက်အမြား ရှိနေဆဲလို့ ကုလသမဂ္ဂက ဆိုပါတယ်။
အာဖဂန်မှာ တာလီဘန် စစ်သွေးကြွတွေ ပြန်လည် ကြီးစိုးခဲ့တဲ့နောက် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုတွေကို ပြင်းပြင်းထန်ထန် ဖိနှိပ်တဲ့ မူဝါဒတွေ ကျင့်သုံးလာတာကြောင့် ပြည်တွင်း ဘိန်းထုတ်လုပ်မှုက သိသိသာသာ ကျဆင်းလာပါတယ်။ ဒါပေမဲ့လည်း ပြည်တွင်းမှာ သိုလှောင်ထားတဲ့ ဘိန်းပမာဏကတော့ ကြီးကြီးမားမား ရှိနေဆဲလို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အစီရင်ခံစာ တစ်ခုမှာ ဖော်ပြထားပါတယ်။
အဲဒီ ထုတ်လုပ်ပြီးသား ဘိန်းနဲ့ မူးယစ်ဆေးဝါးတွေဟာ အိန္ဒိယဖက်ကို ရေလမ်းကြောင်းကန အများဆုံး ဝင်ရောက်လေ့ ရှိတယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။ အိန္ဒိယမှာ ဖမ်းဆီးရမိနေတဲ့ ဘိန်းနဲ့ မူးယစ်ဆေးဝါးတွေ ပမာဏကြောင့် အာဖဂန်မှာ ဘိန်းသိုလှောင်ထားရှိမှု ပမာဏ မြင့်မြင့်မားမား ရှိနေဆဲ ဆိုတာကို ညွှန်ပြနေကြောင်း ကုလသမဂ္ဂ အစီရင်ခံစာက ဆိုပါတယ်။

Public Service Announcement
အဲဒီ အစီရင်ခံစာကို တာလီဘန်တွေနဲ့ ပတ်သက်တဲ့ အရေးယူ ပိတ်ဆို့မှုတွေအပေါ် လေ့လာစောင့်ကြည့်တဲ့ ကုလသမဂ္ဂ ပညာရှင် အဖွဲ့က ပြုစုထားတာ ဖြစ်ပါတယ်။ အာဖဂန်မှာ ဘိန်းသိုလှောင်မှု အမြောက်အမြား လက်ကျန် ရှိနေဆဲ ဖြစ်တာကြောင့် လောလောဆယ် ဘိန်းစိုက်ပမာဏ လျော့သွားတဲ့တိုင်အောင် အာဖဂန်ကနေ အစပြုလာတဲ့ ဘိန်းအခြေပြု မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိမှု အတိုင်းအတာကတော့ ကမ္ဘာအနှံ့မှာ ထင်သာမြင်သာ လျော့ပါးသွားမှု မရှိဘူးလို့လည်း ဆိုပါတယ်။
အစီရင်ခံစာထဲမှာတော့ အာဖဂန်မှာ ဘိန်းစိုက်ပျိုးမှုတွေကို တာလီဘန်တွေက တင်းတင်းကျပ်ကျပ် တားမြစ်လိုက်ခြင်းရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကို ထုတ်ဖော် ခန့်မှန်းဖို့ စောလွန်းနေသေးတယ်လို့လည်း ဖော်ပြသွားခဲ့ပါတယ်။ နောက်ပြီး တာလီဘန် ခေါင်းဆောင်ပိုင်းထဲမှာကို လူသိများတဲ့ မူးယစ်မှောင်ခို ဂိုဏ်းခေါင်းဆောင်တွေနဲ့ ချိတ်ဆက်နေသူတွေ ရှိနေနိုင်တယ်လို့လည်း ဆိုပါတယ်။
တာလီဘန်တွေဟာ ၂၀၂၂ ခုနှစ်၊ ဧပြီလကစလို့ ပြည်တွင်းမှာ ဘိန်းစိုက်ပျိုးမှုတွေကို ပိတ်ပင်လိုက်ပြီး ဘိန်းချက်စက်ရုံ ၈၃၄ ခုနဲ့ ဘိန်းစိုက်ခင်း ဧရိယာ ၁၄၀၀၀ ဟက်တာလောက်ကို ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီအခြေအနေကြောင့်လည်း အာဖဂန်ဟာ ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံး နိုင်ငံတွေ စာရင်းမှာ မြန်မာရဲ့နောက် ဒုတိယ နေရာကို ကျဆင်းသွားခဲ့ပါတယ်။
ဒါပေမဲ့ ရှိရင်းစွဲ ဘိန်းသိုလှောင်မှုတွေကို အကြောင်းပြုပြီး မက်သာမက်ဖက်တမင်း မူးယစ်ဆေးလို ထုတ်လုပ်မှုတွေ ဆက်လက် တည်မြဲနေပြီး အရေအတွက် အလုံးအရင်းနဲ့ ဆက်လက် ထုတ်လုပ်နေတာ ဖြစ်တယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ဆိုပါတယ်။ ဥပမာ အိန္ဒိယရဲ့ ကန်ဒါဟာနဲ့ နန်ဂါဟာတို့လို ဒေသတွေမှာ အာဖဂန်ကနေ တင်သွင်းလာတဲ့ မက်သာမက်ဖက်တမင်း ဆေးပြားတွေအပြင် ဘိန်းဖြူနဲ့ တခြားမူးယစ်ဆေးတွေကိုပါ ဖမ်းဆီးရမိခဲ့ပါတယ်။
အာဖဂန်ကနေ မူးယစ်ဆေးဝါး တင်ပို့တဲ့ ကွန်ရက်တွေဟာ နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေ၊ အယောင်ပြ ထူထောင်ပြီး ဒုစရိုက် လုပ်ငန်း လည်ပတ်နေတဲ့ ကုမ္ပဏီတွေကနေတဆင့် ဆက်လက် ရှင်သန်နေဆဲလို့လည်း သိရပါတယ်။
ကိုးကား: Hindustan Times


















































