သမ္မတကို စွဲချက်တင် ဖမ်းဆီးနိုင်မယ့် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နိုင်ရေး အမြဲတမ်း အထူးအကြံပေး ကော်မတီတစ်ခု ခန့်အပ် တာဝန်ပေးရေး ကိစ္စကို တောင်ကိုရီးယား လွှတ်တော်မှာ မဲခွဲ အတည်ပြုလိုက်ပါတယ်။
အရေးပေါ် စစ်အုပ်ချုပ်ရေး အမိန့်တစ်ခု ကြေညာခဲ့ဖူးတဲ့ သမ္မတ ယွန်ကို လွှတ်တော်မှာ စွပ်စွဲပြစ်တင်ပြီး ရာထူးကနေ ဖယ်ရှားဖို့ အဆိုတင် မဲခွဲမှု မအောင်မြင်ခဲ့တဲ့နောက် အတိုက်အခံ အင်အားစုတွေ ကြီးစိုးထားတဲ့ လွှတ်တော်က နောက်ထပ် ဗျူဟာ တစ်ခုကို ပြောင်းလဲ ချဉ်းကပ်တဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။
သမ္မတအပေါ် တရားရေးအရ စွဲချက်တင်ပြီး ဖမ်းဆီးနိုင်မယ့် အခြေအနေတွေကို အကြံပြု ဆွေးနွေးမယ့် ကော်မတီတစ်ခု ဖွဲ့စည်းသင့်ကြောင်း အဆိုကို လွှတ်တော်မှာ တင်သွင်းတဲ့အခါ ထောက်ခံမဲ ၂၁၀၊ ကန့်ကွက်မဲ ၆၃ မဲ၊ ကြားနေ ၁၄ မဲနဲ့ အောင်မြင်ခဲ့ပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့တုန်းက ရုတ်တရက် ကြေညာခဲ့တဲ့ ယွန်ရဲ့ စစ်အုပ်ချုပ်ရေး အမိန့်ဟာ လူထုရဲ့ ဆန့်ကျင်မှု၊ လွှတ်တော် အမတ်တွေရဲ့ မြန်မြန်ဆန်ဆန် တုံ့ပြန်ပြီး အမိန့်ကို ဖျက်သိမ်းတဲ့ အဆိုကို မဲခွဲ အတည်ပြုနိုင်မှုတွေကြောင့် သက်တမ်း ၆ နာရီကျော် အကြာမှာ ပျက်ပြယ်ခဲ့ရပါတယ်။
အဲဒီနောက် အတိုက်အခံတွေက ယွန်ကို ရာထူးကနေ ဖယ်ရှားနိုင်ရေးအတွက် လွှတ်တော်မှာ တရားဝင် စွပ်စွဲအပြစ်တင်ရေးကိစ္စ ကြိုးစား ညှိနှိုင်းခဲ့ပေမယ့် အာဏာရ ပါတီဖက်က မပူးပေါင်းတာကြောင့် အထမမြောက်ခဲ့ပါဘူး။ အာဏာရ ပါတီက ယွန်ကို အတိုက်အခံတွေ ဖြုတ်ချတာမျိုးထက် ကိုယ်တိုင် တာဝန်ယူ နုတ်ထွက်တာမျိုး ဖြစ်အောင် ဖိအားပေးနေတာ ဖြစ်ပါတယ်။
ယွန်ကို စွပ်စွဲအပြစ်တင်ရေး ကိစ္စမှာ အာဏာရ ပါတီရဲ့ အမတ်တွေက ထောက်ခံမဲ မပေးခဲ့ပေမယ့် အခုလိုမျိုး အထူးအကြံပေး ကော်မတီ ဖွဲ့စည်းမယ့် ကိစ္စမှာတော့ ထောက်ခံမဲတွေ ပေးခဲ့ကြတာ တွေ့ရပါတယ်။ အဲဒီ ကော်မတီဟာ သမ္မတ ယွန်ကိုသာ မကဘဲ ဝန်ကြီးချုပ် ဟန်ဒက်ဆူ၊ တန်ပြန်ထောက်လှမ်းရေးဌာန အကြီးအကဲ ယိုအင်ဟွမ်နဲ့ အာဏာရ ပြည်သူ့စွမ်းအားပါတီ (PPP)ရဲ့ ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်တဲ့ ချူကျုံဟိုတို့ကိုလည်း စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။
ယွန်ဟာ မအောင်မြင်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာပြီးတဲ့နောက် ရက်ပိုင်းအကြာမှာ လူထုကို တောင်းပန်စကား ပြောခဲ့ပေမယ့် အဲဒီနောက်ပိုင်း တောက်လျှောက် နှုတ်ဆိတ်နေပါတယ်။
အာဏာရ ပါတီကတော့ ယွန်ဟာ နိုင်ငံခြားရေးနဲ့ ပြည်တွင်းရေး ကိစ္စတွေမှာ ဘာဆုံးဖြတ်ပိုင်ခွင့်မှ ရှိတော့မှာ မဟုတ်ဘဲ ပါတီနဲ့ ဝန်ကြီးချုပ်ကသာ အစိုးရ တာဝန်တွေကို ကိုင်တွယ်နေမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ဒီအတောအတွင်း ယွန်ဟာ ပြည်ပကို ထွက်ပြေးတိမ်းရှောင်လို့ မရစေဖို့အတွက် ခရီးသွားလာခွင့်ပါ ပိတ်ပင်ခံထားရကြောင်း သိရပါတယ်။
ကိုးကား: Xinhua