ကိုဗစ် ကပ်ရောဂါဆိုး အစပြုခဲ့တာ ၅ နှစ်လောက် ကြာမြင့်ခဲ့ပြီး ဖြစ်ပေမယ့် ကပ်ရောဂါရဲ့ မူလအစ သိပ္ပံနည်းကျ ဆန်းစစ်ထားတဲ့ အချက်အလက်တွေကို ပေးအပ်ဖို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ဟာ တရုတ်ဆီကနေ ဆက်လက် တောင်းဆိုနေရဆဲ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၃၀ ရက်နေ့က WHOဟာ ကိုဗစ် ကပ်ရောဂါဆိုးအတွင်း သေဆုံးခဲ့သူတွေအတွက် အမှတ်ရ ဝမ်းနည်းကြောင်း ထုတ်ပြန်ရင်း တရုတ် အာဏာပိုင်တွေ အနေနဲ့ ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ သိရှိထားတဲ့ အချက်အလက်တွေ မျှဝေရေးကို ထပ်မံ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဝူဟန်မြို့ကနေ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ စတင်ခဲ့တဲ့ ကပ်ရောဂါဟာ လူ ၇ သန်းကနေ ၁၈ သန်းကြားကို သေဆုံးစေခဲ့ပြီး ကမ္ဘာ့ နိုင်ငံအများအပြားရဲ့ စီးပွားရေးနဲ့ ကျန်းမာရေး စနစ်တွေကို ယိမ်းယိုင်နဲ့ပြိုစေခဲ့ပါတယ်။
တရုတ်ဟာ ကပ်ရောဂါ အစပြုခဲ့တဲ့ ဝူဟန်မြို့ထဲမှာ ရောဂါဖြစ်ပွားမှု အစောပိုင်း ကာလတွေတုန်းက ကွင်းဆင်းသုတေသနပြု လေ့လာထားတဲ့ အချက်အလက်တွေ၊ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ ကနဦး ဓာတ်ခွဲ တွေ့ရှိချက်တွေကို WHO အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းဆီ မျှဝေပေးဖို့ ငြင်းဆိုထားဆဲ ဖြစ်ပါတယ်။
WHOရဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့ ကြေညာချက်ထဲမှာတော့ အဲဒီ အချက်အလက်တွေကို မျှဝေပေးဖို့ တရုတ်ဆီ ဆက်လက် တောင်းဆိုလိုကြောင်း၊ ဒါမှသာ ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် ပိုလို့ နားလည်နိုင်အောင် အထောက်အပံ့ ဖြစ်စေနိုင်ကြောင်း၊ အဲဒီ အချက်အလက်တွေ မျှဝေပေးဖို့ ဆိုတာဟာ ကျင့်ဝတ်ပိုင်း အရရော၊ သိပ္ပံပညာရပ် ရှုထောင့်ကနေပါ မဖြစ်မနေ လုပ်သင့်တဲ့ ကိစ္စဖြစ်ကြောင်း ဖော်ပြထားပါတယ်။
နိုင်ငံတွေကြားမှာ အဲဒီလို ကိစ္စမျိုးနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု၊ ဝေမျှမှု၊ ပူးပေါင်းဆောင်ရွက်မှုမျိုး မရှိဘူးဆိုရင် ကမ္ဘာကြီးဟာ နောက်ထပ် ကြုံလာနိုင်တဲ့ ကပ်ရောဂါတွေကို လုံလုံလောက်လောက် တားဆီးနိုင်စွမ်း မရှိဘဲ ဖြစ်သွားလိမ့်မယ်လို့လည်း WHOက သတိပေးခဲ့ပါတယ်။
တရုတ်ဟာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့တုန်းက ဝူဟန် ကျန်းမာရေး အာဏာပိုင်တွေရဲ့ ကြေညာချက်ကို ကိုးကားပြီး အဲဒီမြို့ထဲမှာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ ပြင်းထန် နမိုးနီးယားဆန်ဆန် ရောဂါတမျိုး ပျံ့နှံ့ ကူးစက်နေတယ် ဆိုတာကို ကမ္ဘာသိ ကြေညာခဲ့ပါတယ်။
အဲဒီအချိန်ကစလို့ သီတင်းပတ်တွေ၊ လတွေ၊ နှစ်တွေအတွင်း ကိုဗစ်ရောဂါဆိုးဟာ ကမ္ဘာ့လူသားတွေရဲ့ ဘဝတွေ၊ ဖြတ်သန်းမှုတွေကို အကြီးအကျယ် ပြောင်းလဲစေခဲ့တယ်လို့ ကုလသမဂ္ဂ လက်အောက်ခံ ကျန်းမာရေး အေဂျင်စီကြီးဖြစ်တဲ့ WHOက ဆိုပါတယ်။
လဆန်းပိုင်းတုန်းက WHO အကြီးအကဲ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီးဆက်စ်ဟာ တကယ်လို့ ကမ္ဘာကြီးသာ ကိုဗစ်နဲ့ သဘောတရား တူညီတဲ့ နောက်ထပ် ကပ်ရောဂါဆိုးတစ်ခု ကြုံလာရင် လုံလောက်တဲ့ ပြင်ဆင်မှု ရှိနေသလား ဆိုတာကို ဆွေးနွေးခဲ့ပါတယ်။
သူက အဖြေက yesရော၊ noပါ ရောထွေးနေတယ်လို့ ဆိုပါတယ်။ နောက်ထပ် ကပ်ရောဂါဆိုးကြီး တစ်ခုသာ ရိုက်ခတ်လာမယ်ဆိုရင် ကိုဗစ်တုန်းကနဲ့ တူညီတဲ့ အားနည်းချက်တွေ၊ လစ်ဟာမှုတွေကို ကမ္ဘာ့လူသားတွေ ခံစားရဦးမှာ ဖြစ်ကြောင်း၊ တစ်ဖက်မှာလည်း ကိုဗစ်ကနေ သင်ယူရရှိခဲ့တဲ့ နာကျင်စရာ အသိတွေ၊ အတွေ့အကြုံတွေက နောက်ထပ် ကပ်ရောဂါတွေကို ခုခံ ရင်ဆိုင်ရာမှာ ပိုမို အားကောင်းတဲ့ အထောက်အပံ့ ဖြစ်လာစေကြောင်း သူက ပြောကြားသွားပါတယ်။
ကိုးကား: AFP