အမေရိကန်နိုင်ငံရဲ့ လော့စ်အန်ဂျလိစ်မြို့မှာ အပြင်းအထန် ကူးစက် လောင်ကျွမ်းနေတဲ့ တောမီးတွေကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၄ ဦးထိ မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။
လော့စ်အန်ဂျလိစ်မြို့ တည်ရှိရာ ကယ်လီဖိုးနီးယား ပြည်နယ်ထဲမှာ အခုသီတင်းပတ်အတွင်း လေပြင်းတွေ တိုက်ခတ်နေဦးမယ်ဆိုတဲ့ မိုးလေဝသ ခန့်မှန်းချက်ကလည်း တောမီးကို ထိန်းချုပ် ငြှိမ်းသတ်ဖို့ ကြိုးစားနေတဲ့ မီးသတ် ဝန်ထမ်းတွေအတွက် အကြီးအကျယ် ခေါင်းခဲစရာ ဖြစ်လာပါတယ်။
ရက်အတန်ကြာ လေငြိမ်နေခဲ့ရာကနေ တစ်နာရီ မိုင် ၆၀ နှုန်းလောက်ထိ အားကောင်းလေ့ရှိတဲ့ ဆန်တာ အန်နာ လေစီးကြောင်းတွေဟာ ဇန်နဝါရီ ၁၂ ရက်နေ့ ညပိုင်းလောက်ကစပြီး တကျော့ပြန် အသက်ဝင်လာမယ်လို့ မိုးလေဝသ ပညာရှင်တွေက သတိပေးထားပါတယ်။
ဇန်နဝါရီ ၁၂ ရက်နေ့မှာတော့ တောမီးကြောင့် အသေအပျောက် စာရင်းကို ၂၄ ဦးထိ တိုးမြှင့် ကြေညာခဲ့ပါတယ်။ အဲဒီမတိုင်ခင် တစ်ရက်က အနည်းဆုံး ၁၆ ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားခဲ့ပါသေးတယ်။

Public Service Announcement
အသေအပျောက် ၂၄ ဦးထဲမှာ ၁၆ ယောက်ဟာ အီတန် တောမီးဇုန်ထဲမှာ ရှိနေခဲ့ပြီး နောက်ထပ် ၈ ယောက်ကတော့ ပါလီဆာဒက်စ် တောမီး ဧရိယာမှာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ လော့စ်အန်ဂျလိစ် တဝိုက်မှာ အဓိက တောမီးကြီး သုံးခု ပျံ့နှံ့ လောင်ကျွမ်းနေဆဲပါ။ အဲဒီထဲက အကြီးဆုံးဖြစ်တဲ့ ပါလီဆာဒက်စ် တောမီးဟာ ဧကပေါင်း ၂၃၀၀၀ လောက်ကို ဝါးမျိုဖျက်ဆီးခဲ့ပြီး တောမီးရဲ့ ၁၁ ရာခိုင်နှုန်းလောက်ကိုသာ ထိန်းချုပ်နိုင်ပါသေးတယ်။ အီတန် တောမီးကတော့ ဧက ၁၄၀၀၀ လောက်ကို ဖျက်ဆီးခဲ့ပြီး ၂၇ ရာခိုင်နှုန်းထိ ထိန်းချုပ်ပြီး ဖြစ်ပါတယ်။ ဟာ့စ်တောမီးကတော့ ဧက ၈၀၀ နီးပါးကို လောင်ကျွမ်းပြီးတဲ့နောက် လုံးဝဥဿုံ မီးငြိမ်းသတ်လုနီးပြီလို့ သိရပါတယ်။
တောမီးကြောင့် လူပေါင်း ၁ သိန်းကျော်ဟာ မဖြစ်မနေ ရွှေ့ပြောင်း ထွက်ပြေးခဲ့ရပြီး နောက်ထပ် ၉၀၀၀၀ နီးပါးကလည်း လိုအပ်လာရင် ရွှေ့ပြောင်းကြဖို့ ကြိုတင် သတိပေးခြင်း ခံထားရပါတယ်။ နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးရတဲ့ မီးဘေးသင့် ပြည်သူတွေထဲမှာ ဟောလိဝုဒ်နဲ့ အနုပညာ ရပ်ဝန်းက နာမည်ကျော် ကြယ်ပွင့်တွေလည်း ပါဝင်ခဲ့ပါတယ်။
တောမီးလောင်နေလို့ အိမ်ပိုင်ရှင်တွေ စွန့်ခွာသွားတဲ့ နေအိမ်တွေကို ဝင်ရောက် ဖောက်ထွင်း လုယက်မှုတွေလည်း ရှိနေပြီး အဲဒီလို ပြစ်မှု ကျူးလွန်သူ အနည်းဆုံး ၂၉ ဦးလောက်ကို ဖမ်းဆီးထားပြီး ဖြစ်တယ်လို့ လော့စ်အန်ဂျလိစ် ရဲတပ်ဖွဲ့က ပြောပါတယ်။
တောင်ပိုင်း ကယ်လီဖိုးနီးယားမှာ မီးသတ်ဝန်ထမ်း ၁၄၀၀၀ လောက်ဟာ မီးသတ်လေယာဉ် ၈၄ စီး၊ မီးသတ်သား ၁၄၀၀ နီးပါးလောက်ကို အသုံးပြုပြီး တောမီးကို ကြိုးစားငြှိမ်းသတ်နေဆဲလို့လည်း သိရပါတယ်။
ကိုးကား: BBC
