အမေရိကန်နိုင်ငံမှာ လူစည်ကားရာ ရပ်ကွက်တစ်ခုထဲ လေယာဉ်ငယ် ပျက်ကျခဲ့ပြီး မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် အရေအတွက် အတိအကျ မသိရသေးတဲ့ သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်ထဲက ဖီလာဒဲလ်ဖီးယားမြို့မှာ ဇန်နဝါရီ ၃၁ ရက်နေ့ ညပိုင်း (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်း)မှာ လေယာဉ် ပျက်ကျခဲ့ပြီး အပြင်းအထန် ပေါက်ကွဲခဲ့သလို လူနေရပ်ကွက်ထဲမှာရှိတဲ့ အိမ်တွေနဲ့ စျေးဆိုင်တွေကို မီးကူးစက် လောင်ကျွမ်းခဲ့ပါတယ်။
ကနဦး သတင်းတွေအရ လေယာဉ်ပေါ်မှာ လူ ၂ ယောက်ကနေ ၆ ယောက်ကြားထိ ပါသွားတယ်လို့ ယုံကြည်ရပြီး အားလုံး အသက်ရှင်မယ့် အလားအလာ မရှိပါဘူး။ လေယာဉ်ဟာ ဆရာဝန်တွေနဲ့ ကလေးလူနာ တစ်ဦးကို တင်ဆောင်လာပြီး ကျန်းမာရေးဆိုင်ရာ သယ်ယူပို့ဆောင်မှု တစ်ခုအတွက် ပျံသန်းခဲ့တာလို့ ဆိုပါတယ်။
လေယာဉ် ပျက်ကျမှုကြောင့် မြေပြင်ပေါ်မှာ လူတွေ ထိခိုက်သေဆုံးမှု ရှိသလား ဆိုတာကိုလည်း လောလောဆယ် မသိရသေးပါဘူး။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ အခင်းဖြစ်ရာ နေရာဆီ အပူတပြင်း သွားရောက်ပြီး အသက်ရှင် ကျန်နိုင်သူတွေကို လိုက်ရှာခဲ့သလို မီးတွေကိုလည်း ငြှိမ်းသတ်ခဲ့ရပါတယ်။ ပြီးတော့ မြို့ခံတွေကိုလည်း အပျက်အစီးတွေနဲ့ ခပ်ဝေးဝေးမှာ နေကြဖို့ တိုက်တွန်း ဆော်ဩနေခဲ့ပါတယ်။

Public Service Announcement
ဖီလာဒဲလ်ဖီးယား မြို့တော်ဝန် ချာရယ်လာ ပါကားက လောလောဆယ် အသေအပျောက် ဦးရေကို တိတိကျကျ မပြောနိုင်သေးကြောင်း ဝန်ခံခဲ့ပြီး သက်ရောက် ထိခိုက်ခဲ့သူတွေအတွက် ဆုတောင်းပေးကြဖို့လည်း မြို့ခံတွေကို တောင်းဆိုခဲ့ပါတယ်။ ပြီးတော့ အပျက်အစီးတွေကို တွေ့ရင် သွားရောက် ထိကိုင်တာမျိုး မလုပ်ဘဲ အရေးပေါ် ဖုန်းနံပါတ် 911ဆီကို အကြောင်းကြားပေးဖို့လည်း သူက နှိုးဆော်ထားပါတယ်။
လေယာဉ် ပျက်ကျသွားတဲ့ နေရာဟာ ရုစ်စဗဲ့လ်မောလ်လို့ခေါ်တဲ့ လူစည်ကားရာ သုံးထပ် စျေးဝယ်စင်တာကြီးနဲ့ မလှမ်းမကမ်းမှာ ဖြစ်ပါတယ်။ Learjet 55 အမျိုးအစား လေယာဉ်ကနေ လွင့်စင်လာတဲ့ အစအနတွေကြောင့် ကားတွေလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း မျက်မြင်တွေက ဆိုပါတယ်။
အဲဒီ လေယာဉ်ဟာ ဖီလာဒဲလ်ဖီးယား အရှေ့မြောက် လေဆိပ်ကနေ ပျံတက်ခဲ့ပြီး သိပ်ကြာခင် ၆ ကီလိုမီတာခွဲလောက် အကွာမှာ ပျက်ကျခဲ့တာလို့ သိရပါတယ်။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက စတင် စုံစမ်းနေပါပြီ။
အခုဖြစ်စဉ် မတိုင်ခင် နှစ်ရက်တုန်းကလည်း အမေရိကန်ရဲ့ မြို့တော် ဝါရှင်တန် ဒီစီမှာ ခရီးသည်တင် လေယာဉ်နဲ့ စစ်တပ် ရဟတ်ယာဉ် လေထဲ တိုက်မိပြီး ပိုတိုမက် မြစ်ထဲ ပျက်ကျခဲ့ကြတဲ့အတွက် လေယာဉ် နှစ်စီးပေါ် ပါလာတဲ့ စုစုပေါင်း လူ ၆၇ ဦးစလုံး သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဟာ အမေရိကန်မှာ ဆယ်စုနှစ် နှစ်ခုကျော်အတွင်း အသေအပျောက် အများဆုံး လေကြောင်း မတော်တဆမှု အနေနဲ့ပါ မှတ်တမ်းဝင်ခဲ့ပါတယ်။
ကိုးကား: Reuters
