နိုင်ငံတကာအတွက် အမေရိကန် အထောက်အပံ့တွေ အဓိက တာဝန်ယူ ဖြန့်ဝေပေးရာ ရင်းမြစ်ဖြစ်တဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ကို ပိတ်သိမ်းဖို့ စီစဉ်နေကြောင်း အမေရိကန် အစိုးရရဲ့ ထိရောက် အကျိုးရှိမှု ဌာန (DOGE)ရဲ့ အကြီးအကဲ အီလွန်မတ်စ်ခ်က ပြောကြားလိုက်ပါတယ်။
DOGEဟာ အမေရိကန် အစိုးရ ယန္တရားမှာ မလိုအပ်တဲ့ ယိုပေါက်တွေ အများအပြား ရှိနေတာကို ဖာထေး ပိတ်ပင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ထရမ့်လက်ထက်မှာ အသစ် ဖွဲ့စည်းလိုက်တဲ့ ဌာနဖြစ်ပြီး SpaceXနဲ့ Teslaတို့လို နည်းပညာ ရှေ့ပြေး လုပ်ငန်းစုတွေရဲ့ အမှုဆောင်ချုပ် ဘီလီယံနာ သူဌေးကြီး မတ်စ်ခ်က ဦးဆောင်နေပါတယ်။
ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု သမ္မတလောင်း ဖြစ်ခဲ့ဖူးသူ ဗီဗက်ခ် ရမ်မက်စ်ဝါရီ၊ ရီပတ်ဘလစ်ကန် ပါတီ အထက်လွှတ်တော်အမတ် ဂျွန်နီအန်းစ်တို့နဲ့အတူ သူ့ဌာနရဲ့ လုပ်ငန်း ဆောင်ရွက်နေမှုတွေ အကြောင်းကို ထုတ်ဖော် ပြောဆိုချိန်မှာ မတ်စ်ခ်က USAIDကို ပိတ်ပစ်ဖို့ အစီအမံတွေ စတင်နေပြီလို့ ပြောကြားခဲ့ပါတယ်။
USAIDဟာ ပြင်ဆင်လို့ မရလောက်အောင် လှိုက်စား ပျက်စီးနှင့်နေပြီလို့ မတ်စ်ခ်က ဝေဖန်ခဲ့ပြီး သမ္မတ ထရမ့်ကိုယ်တိုင်ကလည်း အဲဒီအဖွဲ့အစည်းကို ပိတ်ပစ်သင့်ပြီ ဆိုတာကို သဘောတူထားကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ထရမ့်ရဲ့ အစိုးရဟာ USAIDရဲ့ လုံခြုံရေး အရာရှိ နှစ်ဦးကို ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ ဝါရှင်တန်ဒီစီ မြို့တော်မှာရှိတဲ့ USAID ဌာနချုပ်ရဲ့ တားမြစ်ထားရာ အပိုင်းတွေကို DOGE အရာရှိတွေ ဝင်ရောက် စစ်ဆေးဖို့ ကြိုးစားတာကို တားဆီးခဲ့တဲ့ အတွက်ကြောင့်ပါ။
USAIDဟာ ကမ္ဘာပေါ်မှာ လူမှုအကျိုးပြု လှူဒါန်းမှုတွေ အများဆုံး ပြုလုပ်တဲ့ အဖွဲ့အစည်းဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်း ဒေါ်လာ ၇၂ ဘီလီယံဖိုး နိုင်ငံတကာ အထောက်အပံ့တွေကို ဖြန့်ဝေပေးခဲ့ပါတယ်။ ကမ္ဘာအနှံ့က ပဋိပက္ခ နယ်မြေတွေမှာရှိတဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေး အထောက်အပံ့ ပစ္စည်းတွေ၊ HIV ဗိုင်းရပ်စ် တိုက်ဖျက်ရေး ဆေးဝါးတွေ၊ သောက်သုံးရေ ရရှိနိုင်ဖို့ ပံ့ပိုးမှုတွေ၊ စွမ်းအင် ဖူလုံရေးနဲ့ အဂတိ တိုက်ဖျက်ရေး အပါအဝင် ကဏ္ဍအမျိုးမျိုးမှာ USAIDက ပံ့ပိုး လှူဒါန်းခဲ့ပါတယ်။ ပြီးတော့ ၂၀၂၄ ခုနှစ်အတွင်း ကုလသမဂ္ဂရဲ့ လူသားချင်း စာနာမှု အထောက်အပံ့ အားလုံးထဲက ၄၂ ရာခိုင်နှုန်းက USAIDဆီက ရရှိခဲ့တာ ဖြစ်ပါတယ်။
ထရမ့်ဟာ USAIDနဲ့ ပတ်သက်ရင် ခါးသီးတဲ့ အမြင်မျိုး ရှိခဲ့ပြီး ပြိုင်ဘက် ဒီမိုကရက်တစ် ပါတီရဲ့ ခြယ်လှယ် အသုံးချမှုကို ခံနေရတဲ့ အဖွဲ့အစည်း တစ်ခုအဖြစ် စွပ်စွဲထားပါတယ်။ ဒီမိုကရက်တစ် ပါတီရဲ့ အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီဝင် ပီတာဝဲ့လ်ချ်ကတော့ အခွန်ထမ်း ပြည်သူတွေရဲ့ ထိလွယ်ရှလွယ် အချက်အလက်တွေ အပါအဝင် ငွေပေးချေမှု စနစ်ဆိုင်ရာ မှတ်တမ်းမှတ်ရာတွေကို မတ်စ်ခ်လိုမျိုး ရွေးကောက်ခံ မဟုတ်တဲ့သူ တစ်ယောက်ဆီ သိခွင့်ပေးထားတဲ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချ မေးခွန်းထုတ်ခဲ့ပါတယ်။
မတ်စ်ခ်ဦးဆောင်တဲ့ DOGEဟာ ထရမ့်ရဲ့ ခွင့်ပြုချက်အရ အမေရိကန် အစိုးရရဲ့ စနစ်အများအပြားကိုလည်း ထိန်းချုပ်ခွင့် ရထားတယ်လို့ ဆိုပါတယ်။ ပြီးတော့ မတ်စ်ခ်ဟာ DOGEထဲမှာ သူ့ရဲ့ ဩဇာခံတွေနဲ့ အမာခံ သစ္စာစောင့်သိသူတွေကို လျင်လျင်မြန်မြန် နေရာပေး ခန့်အပ်ထားတယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။
ဇန်နဝါရီ ၂၀ ရက်နေ့မှာ အမေရိကန် သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးချိန် ကတည်းက ထရမ့်ဟာ သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်ထက်တုန်း ကျင့်သုံးခဲ့တဲ့ အစိုးရ မူဝါဒ အများအပြားကို ပြောင်းလဲပစ်ခဲ့သလို ဗျူရိုကရေစီ ကြန့်ကြာမှုတွေကို ဖယ်ရှားဖို့ဆိုတဲ့ အကြောင်းပြချက်အောက်မှာ ရာနဲ့ချီတဲ့ အစိုးရ ဝန်ထမ်းတွေကို ဘေးဖယ်ထားတာ၊ အလုပ်ထုတ်တာတွေ လုပ်ခဲ့ပြီး အမာခံ အားပေးထောက်ခံသူတွေနဲ့ အစားထိုးခဲ့ပါတယ်။
ကိုးကား: Reuters
