သူ့ရဲ့ အခွန်စည်းကြပ်မှု မြှင့်တင်ရေး မူဝါဒတွေကြောင့် အမေရိကန်မှာ စီးပွားရေး ကျဆင်းမှု ကြုံကောင်း ကြုံနိုင်တယ်ဆိုတဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မှတ်ချက် စကားနဲ့အတူ အမေရိကန်၊ အာရှတို့ အပါအဝင် ကမ္ဘာတလွှားက ရှယ်ယာ စျေးကွက်တွေမှာ ကျဆင်းမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။
ထရမ့်ဟာ သမ္မတ ဖြစ်လာတဲ့ ဇန်နဝါရီလကစလို့ တရုတ်၊ ကနေဒါ၊ မက္ကဆီကိုတို့အပေါ် ပစ်မှတ်ထားတဲ့ သွင်းကုန် အခွန်အခ တိုးမြှင့် စည်းကြပ်မှုတွေကို သတ်မှတ်ခဲ့သလို နောက်ထပ် နိုင်ငံအများအပြားကိုလည်း အလားတူ မူဝါဒတွေနဲ့ အခွန်တိုးကောက်ဖို့ ပြင်ဆင်နေပါတယ်။
ထရမ့်က အခွန်စည်းကြပ်မှုတွေ မြှင့်တင်ခြင်းဟာ အမေရိကန်ရဲ့ ကုန်သွယ်ရေး လိုငွေပြမှုတွေကို လျော့ကျစေပြီး ပြည်တွင်း ထုတ်လုပ်မှု ပမာဏ တိုးတက်အောင်လည်း လှုံ့ဆော်နိုင်လိမ့်မယ်လို့ ကြွေးကြော်ထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ စီးပွားရေး မူဝါဒတွေဟာ စပ်ကူးမတ်ကူး ကာလကို ဖြတ်သန်းနေဆဲ ဖြစ်တာကြောင့် အမေရိကန် စီးပွားရေး ကျဆင်းမှု မရှိနိုင်ဘူးဆိုတဲ့ အာမခံချက်မျိုးကိုလည်း မပေးနိုင်ကြောင်း ထရမ့်က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
သတင်းထောက်တွေဟာ အမေရိကန် စီးပွားရေးဟာ ကျဆင်းမှု အခြေအနေ၊ တစ်နည်းအားဖြင့် စီးပွားရေး တိုးတက်မှုနှုန်း သုံးလပတ် နှစ်ကြိမ်ဆက် အနုတ်လက္ခဏာ ပြနိုင်သလားလို့ မေးခွန်းထုတ်ခဲ့တဲ့အခါ ထရမ့်က သူဟာ အဲဒီ ခန့်မှန်းချက်တွေအတွက် ထင်ကြေး မပေးလိုဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

Public Service Announcement
တစ်ဖက်မှာတော့ ထရမ့်ရဲ့ ကုန်သွယ်ခွန် တိုးကောက်မယ့် မူဝါဒတွေဟာ ခုတစ်မျိုး၊ တော်ကြာတစ်မျိုး ပြောင်းလဲနေပြီး တည်ငြိမ်မှု ကင်းမဲ့နေသလို အဲဒီ အခြေအနေ ရင်းနှီးမြှုပ်နှံသူတွေ၊ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်တွေကြားမှာ အနာဂတ်ကို မှန်းဆဖို့ မလွယ်ဘဲ ယုံကြည်မှု လျော့နည်းတဲ့ အခြေအနေတွေ ဖြစ်လာစေပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာ ရှယ်ယာစျေးကွက် တန်ဖိုးတွေမှာ ကိန်းဂဏန်းတွေက သိသိသာသာ ထိုးကျကုန်တာ ဖြစ်ပါတယ်။
အရင်တုန်းက ထရမ့်ဟာ စတော့စျေးကွက်ကို အကျိုးဖြစ်ထွန်းစေနိုင်တဲ့ သမ္မတမျိုးလို့ မှတ်ယူခဲ့ဖူးတာကို ပြန်လည် စဉ်းစားဖို့ အချိန်ရောက်လာပြီလို့ Saxoဘဏ်ရဲ့ ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာ ပါရဂူ ချာရူ ချာနာနာက ပြောကြားခဲ့ပါတယ်။
ထရမ့် သမ္မတ ဖြစ်လာပြီး တစ်လလောက်အကြာ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ အမေရိကန်ရဲ့ အကြီးမားဆုံး S&P 500 ရှယ်ယာ စျေးကွက်ကြီး တစ်ခုလုံးရဲ့ တန်ဖိုးဟာ သမိုင်းတလျှောက် အဆိုးဆုံး အခြေအနေအဖြစ် ၈ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ တန်ကြေးအားဖြင့် ဒေါ်လာ ၄ ထရီလီယံလောက်ထိ များပြားတဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်။
မတ်လ ၁၁ ရက်နေ့ မနက်ပိုင်းမှာတော့ ဂျပန်ရဲ့ Nikkei 225 ရှယ်ယာစျေးကွက်ဟာ တန်ဖိုး ၁.၇ ရာခိုင်နှုန်း ကျရိပ်ပြနေခဲ့ပြီး တောင်ကိုရီးယားရဲ့ Kospi စျေးကွက်ကလည်း ၁.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဟောင်ကောင်မှာလည်း Hang Seng Index ရှယ်ယာတွေက ၀.၇ ရာခိုင်နှုန်း ကျဆင်းမှုနဲ့ စတင်ခဲ့ပါတယ်။
အမေရိကန်ရဲ့ နယူးယောက်မြို့မှာ အခြေစိုက်တဲ့ S&P 500ရဲ့ ရှယ်ယာတွေဟာ မတ်လ ၁၀ ရက်နေ့ ပိတ်သိမ်းချိန်တုန်းက ၂.၇ ရာခိုင်နှုန်း အကျဖက် ရောက်နေပြီး Dow Jones Industrial Average အစုအဖွဲ့က ၂ ရာခိုင်နှုန်း ကျသွားခဲ့ပါတယ်။ နည်းပညာ လုပ်ငန်းဆိုင်ရာ ရှယ်ယာအများစု မြှုပ်နှံရာ Nasdaq စျေးကွက်ကတော့ အတော်လေး ထိချက်ပြင်းခဲ့ပြီး ၄ ရာခိုင်နှုန်း ထိုးကျနေခဲ့ပါတယ်။
ထရမ့်ရဲ့ လူယုံတော် အကြံပေး၊ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ အီလွန်မတ်စ်ခ် ပိုင်ဆိုင်တဲ့ လျှပ်စစ်ကား ကုမ္ပဏီ Teslaကတော့ ရှယ်ယာတန်ဖိုး ၁၅.၄ ရာခိုင်နှုန်း ခုန်ဆင်းသွားပါတယ်။ မတ်စ်ခ်ဟာ အစိုးရ အလုပ်အကိုင်တွေ လျှော့ချတဲ့ ထရမ့်ရဲ့ မူဝါဒတွေကို ဦးဆောင် ကြီးမှူးနေသူဖြစ်ပြီး အဲဒီကိစ္စနဲ့ ပတ်သက်လို့ သူ့ရဲ့ လုပ်ဆောင်ချက်တွေအပေါ် အငြင်းပွား ဝေဖန်မှုတွေ အများအပြား ရှိနေပါတယ်။
ဉာဏ်ရည်တု နည်းပညာ ကုမ္ပဏီကြီး Nvidiaရဲ့ ရှယ်ယာတန်ဖိုးဟာ မတ်လ ၁၀ ရက်နေ့မှာ ၅ ရာခိုင်နှုန်း ကျရိပ်ပြနေပြီး တခြား နည်းပညာ လုပ်ငန်းစုတွေဖြစ်တဲ့ Meta၊ Amazonနဲ့ Alphabetတို့ရဲ့ ရှယ်ယာတွေပါ သိသိသာသာ အနုတ်လက္ခဏာ ပြသနေတယ်လို့ သိရပါတယ်။
အိမ်ဖြူတော်ကတော့ ဒီအခြေအနေတွေဟာ ရေတိုကြုံရမှုမျိုးသာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးထားပြီး အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ ကူရှ်ဒက်ဆိုင်က စက်မှုလုပ်ငန်းရှင်ကြီးတွေဟာ ထရမ့်ရဲ့ မူဝါဒတွေကို ယုံကြည်တာကြောင့် ဒေါ်လာတွေ ထရီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံဖို့ ကတိပြုထားကြောင်း မတ်လ ၁၀ ရက်နေ့မှာ ပြောကြားသွားပါတယ်။
ကိုးကား: BBC
