Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကုန်သွယ်ဖက် နိုင်ငံပေါင်း ၁၀၀ လောက်ကို သက်ရောက်စေမယ့် အခွန်စည်းကြပ်မှု အသစ်တွေ ထရမ့်ကြေညာ

တစ်ကမ္ဘာလုံးကို ကုန်သွယ် စီးပွားရေး ကဏ္ဍမှာ အကြီးအကျယ် ဂယက်ထစေမယ့် သိမ်းကြုံး အခွန်စည်းကြပ်မှု အသစ်တွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

တစ်ကမ္ဘာလုံးကို ကုန်သွယ် စီးပွားရေး ကဏ္ဍမှာ အကြီးအကျယ် ဂယက်ထစေမယ့် သိမ်းကြုံး အခွန်စည်းကြပ်မှု အသစ်တွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အဲဒီ အခွန်စည်းကြပ်မှုဟာ အမေရိကန်ရဲ့ ကုန်သွယ်ဖက် နိုင်ငံအားလုံးနီးပါးအပေါ် သက်ရောက်စေပြီး အထူးသဖြင့် အာရှနိုင်ငံတွေရဲ့ သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှု မြင့်မြင့်မားမား သတ်မှတ်ထားတာကို တွေ့ရပါတယ်။

ထရမ့်ရဲ့ အခွန်စည်းကြပ်မှု ကြေညာချက်သစ် ထွက်ပေါ်လာတဲ့နောက် အာရှစျေးကွက် ရှယ်ယာတန်ဖိုးတွေ သိသိသာသာ ထိုးကျကုန်သလို ကမ္ဘာ့ရွှေစျေးကလည်း စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။

လေ့လာသူတွေကတော့ အခုလို အခွန်စည်းကြပ်မှု အသစ်တွေဟာ နိုင်ငံတကာ စိုက်ပျိုးရေးထုတ်ကုန် ကုန်သွယ်မှု ကဏ္ဍကို အကြီးအကျယ် ထိခိုက် ပျက်စီးစေနိုင်ကြောင်း သတိပေးခဲ့သလို ကုန်သွယ်ရေး စစ်ပွဲအဖြစ် အားပြိုင်မှုတွေက ပိုပြီး ပီပီပြင်ပြင် ကျယ်ပြန့်လာမှာကို စိုးရိမ်နေပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်က အမေရိကန်ရဲ့ ကုန်သွယ်ရေး လိုငွေပြမှုကို လျှော့ချဖို့နဲ့ ပြည်တွင်း ထုတ်လုပ်မှု ကဏ္ဍကို အရှိန်မြှင့်ဖို့အတွက် ကုန်သွယ်ဖက် နိုင်ငံတိုင်းရဲ့ သွင်းကုန်တွေကို အခြေခံ စည်းမျဉ်း သတ်မှတ်မှုအဖြစ် ၁၀ ရာခိုင်နှုန်း အခွန်စည်းကြပ်မယ်လို့ ဧပြီ ၂ ရက်နေ့က ကြေညာခဲ့ပါတယ်။

အဲဒီနောက် တရုတ်ရဲ့ သွင်းကုန်တွေကတော့ တန်ဖိုးရဲ့ ၃၄ ရာခိုင်နှုန်း အခွန်စည်းကြပ် ခံရမှာဖြစ်ပြီး ဗီယက်နမ်က ၄၆ ရာခိုင်နှုန်း၊ ထိုင်းက ၃၆ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားက ၄၉ ရာခိုင်နှုန်းနဲ့ ဂျပန်က ၂၄ ရာခိုင်နှုန်း အသီးသီး အခွန်စည်းကြပ်မှုတွေ ရင်ဆိုင်ရမှာပါ။ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေရဲ့ သွင်းကုန် အများအပြားက အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ် ခံရပါတယ်။ ကနေဒါနဲ့ မက္ကဆီကိုကတော့ ရှိရင်းစွဲ အခွန်စည်းကြပ်မှု မြှင့်တင်သတ်မှတ်ချက်တွေထက် တိုးမြှင့်ခံရတာမျိုး မရှိခဲ့ပါဘူး။

ထရမ့်ရဲ့ အခွန်စည်းကြပ်မှု ကြေညာချက် အသစ်ဟာ နိုင်ငံပေါင်း ၁၀၀ လောက်ကို သက်ရောက်မှုရှိပြီး အဲဒီထဲက ၆၀ လောက်ဟာ အခွန်အချိုးအစား သတ်မှတ်ချက် မြင့်မြင့်မားမား စည်းကြပ် ခံရမှာ ဖြစ်ပါတယ်။ ထရမ့်ဟာ အမေရိကန်ကို တင်သွင်းလာသမျှ မော်တော်ကား အားလုံးကိုလည်း တန်ဖိုးရဲ့ ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်မှုကို သီးခြား သတ်မှတ် ကြေညာခဲ့ပါတယ်။

ထရမ့်က ဒုတိယ ကမ္ဘာစစ် ပြီးကတည်းက တစ်ကမ္ဘာလုံးရဲ့ ကုန်သွယ်မှု စနစ်ကြီးကို တည်ဆောက်ဖို့ အကူအညီ ပေးခဲ့ပေမယ့် အမေရိကန် ကိုယ်တိုင်ကတော့ တခြားနိုင်ငံတွေရဲ့ လုယက်မှု၊ ဖျက်ဆီးမှု၊ မုဒိမ်းကျင့်မှုနဲ့ နိုင်ထက်စီးနင်းမှုတွေကို ကြုံခဲ့ရတယ်လို့ သူက စကားလုံး ကြမ်းကြမ်းတွေနဲ့ စွပ်စွဲခဲ့ပါတယ်။ အခုလို အခွန်စည်းကြပ်မှု အသစ်တွေ သတ်မှတ်လိုက်ခြင်းက နိုင်ငံရဲ့ ပြည်တွင်း ကုန်ထုတ်စွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်မှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ထရမ့်ရဲ့ အမိန့် ထွက်ပေါ်လာပြီးပြီးချင်း သိပ်မကြာခင်မှာပဲ အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ်တွေ အပါအဝင် ကုန်သွယ်ဖက် နိုင်ငံ အသီးသီးရဲ့ အစိုးရတွေက သင့်တော်တဲ့ တုံ့ပြန်မှုတွေအတွက် နည်းလမ်းတွေကို စဉ်းစားနေကြောင်း အသီးသီး ပြောကြားခဲ့ပါတယ်။

ထရမ့်ကတော့ အမေရိကန် အစိုးရ အဆက်ဆက်ရဲ့ လိုက်လျော အလျှော့ပေးတဲ့ ကုန်သွယ်ရေး မူဝါဒတွေကို အခွန်ထမ်း ပြည်သူတွေက နှစ်ပေါင်း ၅၀ ကျော်လောက် မမျှမတ ထိခိုက် ခံစားခဲ့ရကြောင်း၊ အဲဒီကိစ္စမျိုး ထပ်ရှိတော့မှာ မဟုတ်ကြောင်း ထရမ့်က ဆိုပါတယ်။

ထရမ့်က အခုလိုမျိုး နိုင်ငံတကာ အခွန်စည်းကြပ်မှုတွေ မြှင့်တင်ဖို့အတွက် အမျိုးသား စီးပွားရေး အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။ နောက်ပြီး အမေရိကန်မှာ ကုန်ထုတ်စီးပွား စက်ရုံ လုပ်ငန်းတွေအတွက် အလုပ်အကိုင် နေရာတွေ ပြန်လည် များပြားလာစေမယ်လို့ ကတိပြုခဲ့ပါတယ်။ တခြားတစ်ဖက်မှာတော့ ရုတ်တရက် အခွန်တွေ မြှင့်တင်လိုက်ခြင်းကြောင့် သွင်းကုန် တင်သွင်းသူတွေက စျေးနှုန်းတွေကို လိုက်မြှင့်မှာ ဖြစ်တဲ့အတွက် ကုန်စျေးနှုန်း တက်လာတဲ့ဒဏ်ကို သုံးစွဲသူတွေနဲ့ စီးပွားရေး လုပ်ငန်းတွေက အရင်ဆုံး ခံစားရမှာဖြစ်ပြီး စီးပွားရေးအရ နှောင့်နှေးထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။

အခွန်စည်းကြပ်မှုတွေ အင်နဲ့အားနဲ့ မြှင့်တင်ပြီး အမေရိကန်ရဲ့ ကုန်သွယ်ရေး လိုငွေပြမှုကို ကုစားဖို့ ဆိုတာဟာ ထရမ့်ရဲ့ ရွေးကောက်ပွဲကြို မဲဆွယ်မှု ကတိတွေထဲက မဟာဗျူဟာ ကတိတစ်ခု ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ်တွေ အပါအဝင် နိုင်ငံအများအပြားဟာ အမေရိကန်နဲ့ ကုန်သွယ်မှုကို လျှော့ချနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားနေပြီး အနာဂတ် ကမ္ဘာ့ကုန်သွယ်ရေး နယ်ပယ်မှာ ကြီးမားတဲ့ မူဝါဒ အပြောင်းအလဲတွေ ပေါ်ပေါက်လာနိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့် ပိုင်ဆိုင်တဲ့ ဂေါက်ကွင်းနားမှာ လက်နက်ကိုင်ပြီး မသင်္ကာစရာ လှုပ်ရှားနေသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း အမေရိကန် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။