Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ ကုန်သွယ်ခွန် မူဝါဒတွေအတွက် အမေရိကန် အစိုးရကို ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရ တရားစွဲ

ပြည်ပ သွင်းကုန် အခွန်အခတွေ မြှင့်တင် သတ်မှတ်နေတဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဆန့်ကျင်တဲ့ အနေနဲ့ ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရက အမေရိကန် ဖက်ဒရယ် အစိုးရကို တရားစွဲဆိုလိုက်ပါတယ်။

ပြည်ပ သွင်းကုန် အခွန်အခတွေ မြှင့်တင် သတ်မှတ်နေတဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဆန့်ကျင်တဲ့ အနေနဲ့ ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရက အမေရိကန် ဖက်ဒရယ် အစိုးရကို တရားစွဲဆိုလိုက်ပါတယ်။

ထရမ့်ဟာ သမ္မတ ဖြစ်လာကတည်းက ပြည်ပ သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှု မူဝါဒတွေကို အမျိုးမျိုး အပြောင်းအလဲတွေ သတ်မှတ်နေပြီး အကျိုးဆက်အဖြစ် နိုင်ငံတကာ စျေးကွက်မှာ မငြိမ်သက်မှု ဂယက်တွေလည်း ဖြစ်ပေါ်လာပါတယ်။

ဧပြီ ၁၆ ရက်နေ့မှာတော့ ကယ်လီဖိုးနီးယားဟာ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ထရမ့်ရဲ့ ဖက်ဒရယ် အစိုးရကို တရားစွဲဆိုတဲ့ ပထမဆုံး ပြည်နယ် အနေနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။ ပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ ပြည်နယ် ရှေ့နေချုပ်တို့က ထရမ့်ဟာ အခုလိုမျိုး ကုန်သွယ်ခွန် စည်းကြပ်မှုတွေကို လုပ်ချင်ရာ လုပ်နေဖို့ အခွင့်အာဏာ မရှိဘူးလို့ ပြောပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရဆီက တရားစွဲဆိုမှုဟာ ပြည်ပ ကုန်သွယ်ခွန်တွေကို အမျိုးမျိုးပြောင်းပြီး မြှင့်တင် သတ်မှတ်နေတဲ့ ထရမ့်ရဲ့ မူဝါဒပိုင်းအတွက် တရားရေးအရ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်လုပ်နေတာတွေဟာ နိုင်ငံတစ်နိုင်ငံအတွက် အဆိုးတကာ့ အဆိုးဆုံး ကိုယ့်ဂိုးကိုယ်သွင်းနေမှုမျိုးလို့ ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂေဗင် နယူဆွမ်က ပြောပါတယ်။ ခေတ်သစ် အမေရိကန် သမိုင်းမှာ အခုလောက် ဆိုးရွားတဲ့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးမှုမျိုး မမြင်ဖူးဘူးလို့လည်း သူက ဝေဖန်ခဲ့ပါတယ်။

ဒါဟာ ထရမ့်ရဲ့ မတည်ငြိမ်တဲ့ အခွန်မူဝါဒတွေကြောင့် အမေရိကန် အပါအဝင် ကမ္ဘာ့ရှယ်ယာ စျေးကွက် တစ်ခုလုံးမှာ ထိခိုက်ကျဆင်းမှုတွေ ဖြစ်ပေါ်လာတာ၊ ကုန်သွယ်ရေးနဲ့ စီးပွားရေး အနာဂတ် မရေမရာဖြစ်မှုတွေ ကြီးထွားလာတာတွေကို နယူဆွမ်က ရည်ညွှန်းခဲ့တာပါ။

လူဦးရေ သန်း ၄၀ လောက် နေထိုင်ပြီး အမေရိကန် တစ်နိုင်ငံလုံး GDPရဲ့ ၁၄ ရာခိုင်နှုန်းလောက် ခွဲတမ်းရှိနေတဲ့ ကယ်လီဖိုးနီးယား ပြည်နယ်ဟာ ထရမ့်ရဲ့ သွင်းကုန် အခွန် မူဝါဒတွေကြောင့် နိုင်ငံစီးပွားရေး ထိခိုက်မှုတွေ ကြုံလာရင် အထိခိုက်ဆုံး ခံစားရမယ့် ပြည်နယ်တစ်ခု ဖြစ်လာနိုင်ကြောင်း စီးပွားရေး ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

တကယ်လို့ အမေရိကန်ရဲ့ ပြည်နယ်တစ်ခု အနေနဲ့ မဟုတ်ဘဲ နိုင်ငံတစ်ခု အနေနဲ့ ရပ်တည်မယ်ဆိုရင် ကယ်လီဖိုးနီးယားဟာ ကမ္ဘာပေါ်မှာ စီးပွားရေးအင်အား ပဉ္စမ အတောင့်တင်းဆုံး နိုင်ငံ ဖြစ်နေမှာပါ။ ထရမ့်ရဲ့ ကသောင်းကနင်း နိုင်လှတဲ့ အခွန်စည်းကြပ်မှု မူဝါဒတွေကြောင့် နိုင်ငံတကာ ကုန်သွယ်ရေး ပမာဏ ကျဆင်းသွားရင် ကယ်လီဖိုးနီးယားဟာ ဒေါ်လာ ဘီလီယံပေါင်းများစွာ နစ်နာ ဆုံးရှုံးလာရလိမ့်မယ်လို့လည်း နယူဆွမ်က စွပ်စွဲခဲ့ပါတယ်။

သူက ထရမ့်ရဲ့ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု အလွဲအမှားတွေဟာ ထရမ့်ကို မဲပေးခဲ့သူတွေ အပါအဝင် အမေရိကန် နိုင်ငံသား အားလုံးရဲ့ နေ့စဉ် ဘဝတွေကို ကြီးကြီးမားမား ထိခိုက် နစ်နာစေပြီး ထရမ့်နဲ့ သူ့ရဲ့ အတွင်းစည်းထဲက ရန်ပုံငွေ အလှူရှင်တွေနဲ့ ဘီလီယံနာ သူဌေးတွေသာ ကောင်းကျိုး ခံစားရစေမှာ ဖြစ်တယ်လို့လည်း သတိပေးခဲ့ပါတယ်။

အမေရိကန်ဟာ လွတ်လပ်တဲ့ အရင်းရှင် စီးပွားရေး စနစ်ကနေ ခရိုနီ အရင်းရှင် စီးပွားရေး စနစ်အောက်ကို သီတင်းပတ် နည်းနည်းလေး အတွင်းမှာတင် ပြောင်းလဲသွားခဲ့တယ်လို့လည်း နယူဆွမ်က ဆိုတယ်။ ၂၀၂၈ ခုနှစ် အမေရိကန် ရွေးကောက်ပွဲမှာ သမ္မတနေရာအတွက် ပါဝင်ယှဉ်ပြိုင်ဖွယ် ရှိတယ်လို့ သတင်းကြီးနေသူ ဒီမိုကရက်တစ် ပါတီဝင် နိုင်ငံရေးသမားက ဒီလောက် ဖျက်လိုဖျက်ဆီး ကိစ္စတွေ ဖြစ်နေတဲ့အပေါ် သူ့ရဲ့ ပြည်နယ် အစိုးရက ဘယ်လိုမှ လက်ပိုက် ကြည့်မနေနိုင်ဘူးလို့လည်း ပြောကြားသွားပါတယ်။

ထရမ့်ဟာ တရုတ်ရဲ့ သွင်းကုန်တွေကို ပစ်မှတ်ထားပြီး အခွန် ၁၄၅ ရာခိုင်နှုန်း မြှင့်တင် စည်းကြပ်ရာမှာ အရေးပေါ် စီးပွားရေး လုပ်ပိုင်ခွင့် အက်ဥပဒေကို အသုံးချခဲ့ပေမယ့် ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရရဲ့ တရားစွဲဆိုမှုမှာတော့ အဲဒီ ဥပဒေဟာ သမ္မတက အမေရိကန် နိုင်ငံထဲကို ပြည်ပသွင်းကုန်တွေ စီးဝင်မှု ရပ်တန့်သွားအောင် အခွန်စည်းကြပ်မှုတွေကို အသုံးချဖို့ လုပ်ပိုင်ခွင့် ပေးမထားဘူးလို့ ထည့်သွင်း ထောက်ပြထားခဲ့ပါတယ်။

ပြည်နယ် ရှေ့နေချုပ် ရော့ဘ်ဘွန်တာကတော့ ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရရဲ့ တရားစွဲဆိုမှုဟာ အမေရိကန် အစိုးရက ဖွဲ့စည်းပုံ ဥပဒေကို အတိအကျ လိုက်နာဖို့ တရားရုံးဆီ လျှောက်ထား တောင်းဆိုခဲ့တဲ့ အဓိပ္ပါယ်သာ ဖြစ်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပြီး အခုအခြေအနေမှာတော့ သမ္မတရဲ့ လုပ်ပုံကိုင်ပုံတွေက ဥပဒေအထက်ကို ရောက်နေသလို ဖြစ်မနေဘူးလားလို့ပါ မေးခွန်းထုတ်သွားခဲ့ပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ယောက်ကတော့ ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရရဲ့ တရားစွဲဆိုမှုက အခြေအမြစ် မရှိဘူးလို့ တုံ့ပြန်သွားပါတယ်။ ကယ်လီဖိုးနီးယားမှာ ဒုစရိုက်မှုတွေ၊ အိမ်ခြေရာမဲ့ ဖြစ်မှုတွေ၊ ဆင်းရဲ ကျပ်တည်းမှုတွေနဲ့ ရုန်းကန်နေရတာကို အာရုံစိုက်မယ့်အစား နယူဆွမ်ရဲ့ ပြည်နယ် အစိုးရဟာ အမေရိကန်မှာ ကာလရှည်ကြာ အမြစ်တွယ်နေတဲ့ ကုန်သွယ်ရေး လိုငွေပြမှု ပြဿနာကို ဖြေရှင်းဖို့ သမ္မတ ထရမ့်ရဲ့ သမိုင်းတွင်မယ့် အားထုတ်မှုတွေကို ပိတ်ပင်နိုင်ရေးအတွက် အချိန်ဖြုန်းနေတယ်လို့ အဲဒီ အရာရှိက စွပ်စွဲသွားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်နိုင်ငံကြား ကုန်သွယ်ရေး အငြင်းပွားမှုတွေကို လျှော့ချဖို့ ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ခြင်းဟာ တရုတ်-အမေရိကန် ဆက်ဆံရေးကို အသစ်ကနေ ပြန်စလိုက်နိုင်ခြင်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော်လေယာဉ် (Air Force One)အဖြစ် အသုံးပြုဖို့ ဇိမ်ခံ အသုံးအဆောင်တွေနဲ့ အဆင့်မြှင့်ထားတဲ့ jumbo jet လေယာဉ်တစ်စီး ကာတာဆီကနေ လက်ခံရယူဖို့ အိမ်ဖြူတော်က ဆွေးနွေးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟိုသီ တပ်ဖွဲ့တွေက လက်မြှောက် အလျှော့ပေးသွားပြီ ဖြစ်တာကြောင့် အမေရိကန်ကလည်း တိုက်ခိုက်မှုတွေကို ရပ်တော့မယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

သူ့ရဲ့ နိုင်ငံဟာ ရောင်းကုန်မဟုတ်ကြောင်း ကနေဒါ ဝန်ကြီးချုပ်က အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ပြောကြားခဲ့ပါတယ်။ ဒါဟာ ကနေဒါကို အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ် ဖြစ်လာစေချင်တယ်ဆိုတဲ့ ထရမ့်ရဲ့ လူသိရှင်ကြား ပြောဆိုမှုနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် မတ်ခ်ကာနေးက သူ့သဘောထားကို တိုက်ရိုက်...

Facebook