Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်-EU ကုန်သွယ်ရေး ကိစ္စအတွက် ထရမ့်နဲ့ အီတလီ ဝန်ကြီးချုပ် တွေ့ဆုံ

အမေရိကန်နဲ့ ဥရောပကြား ကုန်သွယ်ရေး ကဏ္ဍနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးအတွက် အဆင်ပြေမယ့် သဘောတူညီမှုတွေကို ရှာဖွေဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီဂျာ မယ်လိုနီတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

Reuters

အမေရိကန်နဲ့ ဥရောပကြား ကုန်သွယ်ရေး ကဏ္ဍနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးအတွက် အဆင်ပြေမယ့် သဘောတူညီမှုတွေကို ရှာဖွေဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီဂျာ မယ်လိုနီတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန်နဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေ ညှိနှိုင်းမယ့် ဥရောပ ကိုယ်စားလှယ် အဖွဲ့ကို မယ်လိုနီ ဦးဆောင်ပြီး ဝါရှင်တန်ဒီစီ မြို့တော်ဆီ သွားရောက်ခဲ့တဲ့နောက် ဧပြီ ၁၇ ရက်နေ့မှာ ထရမ့်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ထရမ့် သမ္မတ ဖြစ်လာတဲ့နောက် အစဉ်အလာ မဟာမိတ် ဥရောပ သမဂ္ဂ (EU) အပါအဝင် အမေရိကန်ရဲ့ ကုန်သွယ်ဖက် နိုင်ငံအားလုံးဆီက သွင်းကုန်တွေအပေါ် ကွဲပြားတဲ့ အခွန်စည်းကြပ်မှု နှုန်းထားတွေ သတ်မှတ်မယ်လို့ ကြေညာထားခဲ့ပါတယ်။

အဲဒီ အခြေအနေဟာ သက်ဆိုင်ရာ နိုင်ငံအသီးသီးအတွက် ကုန်သွယ်ရေး ကဏ္ဍမှာ ထိခိုက်မှုတွေ ရှိလာစေနိုင်တာကြောင့် အမေရိကန်နဲ့ ညှိနှိုင်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ မယ်လိုနီကတော့ ဥရောပနိုင်ငံတွေအစား အမေရိကန်နဲ့ ညှိနှိုင်းဖို့ ထရမ့်ကို သွားရောက် တွေ့ဆုံခဲ့တာပါ။

Public Service Announcement

Public Service Announcement

နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံအပြီးမှာတော့ ထရမ့်က ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုတစ်ခု ရရှိလာမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့လည်း မျှတတဲ့ သဘောတူညီမှုမျိုး ဖြစ်ဖို့တော့ လိုကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ မယ်လိုနီကလည်း အမေရိကန်နဲ့ ဥရောပကြားမှာ သဘောတူညီမှု တစ်ခု ရရှိလာမယ်ဆိုတာ သေချာပေါက် ယုံကြည်ကြောင်း ဆိုပါတယ်။

သူ့ရဲ့ မျှော်လင့်ချက်က အနောက်ကမ္ဘာကို နောက်တစ်ကြိမ် ခမ်းနား ထည်ဝါလာစေဖို့ ဖြစ်တယ်လို့လည်း မယ်လိုနီက ဆက်ပြောပါတယ်။ ဒါဟာ အမေရိကန်ကို နောက်တစ်ကြိမ် ခမ်းနားထည်ဝါစေဖို့ဆိုတဲ့ ထရမ့်ရဲ့ ဆောင်ပုဒ် တစ်ခုကို ကိုးကားထားတာလည်း ဖြစ်ပါတယ်။

မယ်လိုနီဟာ ထရမ့်က EU နိုင်ငံတွေရဲ့ သွင်းကုန်တွေအပေါ် ၂၀ ရာခိုင်နှုန်း အခွန်စည်းကြပ်မယ်လို့ ကြေညာပြီး အဲဒီနောက်ပိုင်း ယာယီ ဆိုင်းငံ့ပေးထားတဲ့နောက် အမေရိကန်ကို ပထမဆုံး သွားရောက်တဲ့ EU အဖွဲ့ဝင် နိုင်ငံခေါင်းဆောင် ဖြစ်လာပါတယ်။ သူဟာ ထရမ့်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိနေသူ ဖြစ်တာကြောင့်လည်း အမေရိကန်နဲ့ EUကြား ဆက်ဆံရေး ပြန်လည် ပေါင်းကူးရာမှာ အကူအညီ ပေးနိုင်ဖို့ မယ်လိုနီက မျှော်လင့်နေတာ ဖြစ်ပါတယ်။

သူတို့နှစ်ဦး တွေ့ဆုံမှုမှာ ကုန်သွယ်ရေး အခွန်ကိစ္စတွေသာ မကဘဲ EU နိုင်ငံတွေရဲ့ ကာကွယ်ရေး အသုံးစရိတ်ကိစ္စ၊ လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေကိုပါ ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ နှစ်ဖက် ခေါင်းဆောင်တွေက ပြောပါတယ်။ ဘဲဥပုံ ရုံးခန်းထဲက ဆွေးနွေးပွဲဟာ ဖေဖော်ဝါရီလတုန်းက ဗြိတိန်ဝန်ကြီးချုပ် ကီရာ စတာမာ လာရောက်ခဲ့တုန်းကအတိုင်း သက်တောင့်သက်သာနဲ့ နွေးနွေးထွေးထွေး ရှိခဲ့ကြောင်း နီးစပ်သူတွေက ဆိုပါတယ်။

လောလောဆယ်တော့ ထရမ့်ဟာ EU အပါအဝင် အမေရိကန်ရဲ့ ကုန်သွယ်ဖက် နိုင်ငံအားလုံးရဲ့ သွင်းကုန်တွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်း တိုးကောက်ထားပြီး တရုတ် တစ်နိုင်ငံတည်းကိုတော့ သွင်းကုန်အခွန် ၁၄၅ ရာခိုင်နှုန်းထိ တိုးမြှင့် သတ်မှတ်ထားပါတယ်။ EUရဲ့ သွင်းကုန်တွေအပေါ် အခွန် ၂၀ ရာခိုင်နှုန်း ထပ်တိုးမယ့် ကိစ္စကိုတော့ ထရမ့်က ဇူလိုင်လထိ ဆိုင်းငံ့ထားစေပါတယ်။

အစောပိုင်းမှာတော့ ထရမ့်က ကုန်သွယ်ရေး ကဏ္ဍမှာ EUအပေါ် အပြင်းအထန် ဝေဖန်ထားပြီး မမျှတတဲ့ နှစ်ဖက် ကုန်သွယ်မှုတွေက အမေရိကန်အပေါ် အရှုပ်အထွေးတွေ၊ အခက်အခဲတွေ ကြုံတွေ့စေခဲ့ကြောင်း ပြစ်တင် ဝေဖန်ထားခဲ့ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့် ပိုင်ဆိုင်တဲ့ ဂေါက်ကွင်းနားမှာ လက်နက်ကိုင်ပြီး မသင်္ကာစရာ လှုပ်ရှားနေသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း အမေရိကန် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။