Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟားဗက် တက္ကသိုလ်နဲ့ လက်ရှိ တင်းမာမှုကို ထရမ့်အစိုးရ ညှိနှိုင်းဖို့ ကြိုးစားနေတယ်လို့ဆို

ဟားဗက် တက္ကသိုလ်နဲ့ ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို နောက်ကွယ်ကနေ ညှိနှိုင်းဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရက ကြိုးစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

Getty Images

ဟားဗက် တက္ကသိုလ်နဲ့ ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို နောက်ကွယ်ကနေ ညှိနှိုင်းဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရက ကြိုးစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ထရမ့်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဟားဗက် တက္ကသိုလ်ဆီ အလွတ်သဘော ကိုယ်စားလှယ်အဖွဲ့တွေ သုံးကြိမ် စေလွှတ်ပြီး လက်ရှိ ပြဿနာတွေကို ညှိနှိုင်းစေခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ဒါပေမဲ့ ဟားဗက် တက္ကသိုလ်ရဲ့ စီမံအုပ်ချုပ်မှု ကဏ္ဍကို ဦးဆောင်နေတဲ့ ဟားဗက် ကော်ပိုရေးရှင်းကတော့ တက္ကသိုလ်ဖက်က အလျှော့ပေး ဆွေးနွေးစရာ အကြောင်းမရှိဘူးလို့ ယုံကြည်ထားပါတယ်။

လတ်တလောမှာတော့ အမေရိကန် အစိုးရက ဟားဗက် တက္ကသိုလ်အတွက် ဒေါ်လာ ဘီလီယံနဲ့ချီ များပြားတဲ့ သုတေသန ထောက်ပံ့ကြေးတွေကို ဆိုင်းငံ့မယ့် သဘောမျိုး ခြိမ်းခြောက်ခဲ့ပြီး အဲဒီ အခြေအနေကို တားဆီးဖို့ ဟားဗက်က အမေရိကန် အစိုးရကို တရားစွဲဆိုထားပါတယ်။ တရားစွဲမှု မတိုင်ခင်မှာ ဟားဗက်တက္ကသိုလ် ဥက္ကဋ္ဌ အလန်ဂါဘားဟာ သမ္မတ ထရမ့်နဲ့ ညှိနှိုင်းဖို့ စဉ်းစားခဲ့သေးကြောင်း အတွင်းလူ တချို့က ပြောပါတယ်။

ဟားဗက်တက္ကသိုလ်ရဲ့ အဓိက အလှူရှင်တွေကတော့ ဟားဗက် ကော်ပိုရေးရှင်းက ညှိနှိုင်းမှု လမ်းကြောင်းကို ရွေးချယ်စေချင်နေပါတယ်။ ဒါပေမဲ့ တက္ကသိုလ်ကတော့ ထရမ့်နဲ့ အမေရိကန် အစိုးရရဲ့ လွန်ကဲတဲ့ စွက်ဖက်မှုကို လက်ခံနိုင်စရာ မရှိဘူးလို့ ယူဆထားပြီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ တရားရေး ကိစ္စတွေ ဆက်ပြီး ရှုပ်ထွေးနေမယ်ဆိုရင် ပြဿနာက နှစ်တွေနဲ့ချီ ကြာမြင့်နိုင်ပြီး တရားရုံးချုပ်ထိ တစ်ဆင့်ပြီးတစ်ဆင့် တက်သွားနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

Getty Images

တင်းမာမှုတွေဟာ ထရမ့်က အမေရိကန် တက္ကသိုလ်ကြီးတွေဟာ ဂျူးမုန်းတီးရေး ဝါဒ ပျံ့နှံ့နေမှုကို ထိထိရောက်ရောက် တားမြစ်ပေးဖို့ ပျက်ကွက်တယ်လို့ စွပ်စွဲပြီး သေချာ တုံ့ပြန် ကိုင်တွယ်ပေးဖို့ သတိပေးခဲ့ရာက စခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဟားဗက် တက္ကသိုလ်ကတော့ ဒါဟာ အစိုးရရဲ့ ဘောင်ကျော်တဲ့ စွက်ဖက်မှုလို့ ယူဆပြီး ထရမ့်ကို တိုက်ရိုက် ဖီဆန်တဲ့ အထင်ကရ တက္ကသိုလ် တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။

မတ်လတုန်းက အမေရိကန် အစိုးရဟာ ဟားဗက်နဲ့ ကိုလံဘီယာတို့လို တက္ကသိုလ်ကြီးတွေကို သတိပေးစာ ပို့ခဲ့ပြီး ဂျူးဆန့်ကျင်ရေးဝါဒ ပျံ့နှံ့နေမှုတွေကို ဟန့်တားဖို့ တောင်းဆိုခဲ့ပါတယ်။ ကိုလံဘီယာ တက္ကသိုလ်က ဒီကိစ္စနဲ့ ပတ်သက်လို့ မူဝါဒတွေကို ပြန်လည် သုံးသပ် ပြင်ဆင်သွားမယ်လို့ ပြောခဲ့ပေမယ့် ဟားဗက်ကတော့ ထရမ့်နဲ့ ထိပ်တိုက်တွေ့မယ့် လမ်းကို ရွေးချယ်ခဲ့ပါတယ်။

အဲဒီနောက် အစိုးရက တက္ကသိုလ်ကို ဖိအားပေးတဲ့ အနေနဲ့ ဟားဗက်အတွက် သတ်မှတ်ပေးထားတဲ့ သုတေသနဆိုင်ရာ ထောက်ပံ့ငွေ ဒေါ်လာ ၅ ဘီလီယံလောက်ကို ပြန်လည် ဆန်းစစ်တာတွေ လုပ်လာပါတယ်။ ပြီးတော့ တက္ကသိုလ်အတွက် သုတေသန ထောက်ပံ့ငွေတွေကို ဆိုင်းငံ့မယ့် သဘောမျိုး အရိပ်အယောင်တွေ ပြလာတဲ့နောက် ဟားဗက် တက္ကသိုလ်က ဘော်စတွန် ဖက်ဒရယ် တရားရုံးကနေတဆင့် အစိုးရကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ဟားဗက် တက္ကသိုလ်က အဲဒီ သုတေသန ငွေကြေးတွေဟာ လူ့အသက်တွေ ကယ်ဆယ်ဖို့နဲ့ လုံခြုံရေးအတွက် အသုံးပြုနေတာဖြစ်ပြီး လက်လွတ်စပယ် ထိပါးခွင့် မရှိဘူးလို့ ပြောပါတယ်။

အိမ်ဖြူတော် အရာရှိ တစ်ယောက်ကတော့ သမ္မတ ထရမ့်ဟာ ပြဿနာတွေကို လိုလားနေတာ မဟုတ်ဘဲ ရလဒ်တစ်ခုကိုသာ မျှော်လင့်ထားတာ ဖြစ်တယ်လို့ ဟားဗက်တက္ကသိုလ်နဲ့ တရားရေးကိစ္စ ရှုပ်ထွေးလာတဲ့အပေါ် မှတ်ချက် ပေးခဲ့ပါတယ်။ ထရမ့်ဟာ တက္ကသိုလ် ပညာရေး နယ်ပယ်မှာ စွက်ဖက်တဲ့ ခြေလှမ်းတွေ စတင်ခဲ့ပြီး ဖြစ်သလို လူမျိုးစုံလင် ကွဲပြားမှုတွေကို ကန့်သတ်တာ၊ ကျောင်းသားတချို့ကို ဖမ်းဆီးပြီး ဗီဇာပယ်ဖျက်တာ၊ အစိုးရက တောင်းဆိုတာတွေကို မလိုက်လျောတဲ့ တက္ကသိုလ် ကောလိပ်တချို့ကို ထောက်ပံ့ကြေး ရပ်ဆိုင်းတာတွေ လုပ်ခဲ့ပါတယ်။

ဟားဗက် တက္ကသိုလ်ကတော့ ထရမ့်ဟာ သုတေသန ရန်ပုံငွေ ထောက်ပံ့မှုတွေကို ဖြတ်တောက်ပြီး လိုချင်တာကို အကျပ်ကိုင် ရယူဖို့ ကြိုးစားနေတာလို့ စွပ်စွဲထားပါတယ်။ ထရမ့်အစိုးရရဲ့ လုပ်ရပ်တွေဟာ ဟားဗက် တက္ကသိုလ်နဲ့ ပညာရေး လွတ်လပ်ခွင့်တွေကို ထိပါးနေတာ ဖြစ်တယ်လို့လည်း တက္ကသိုလ်ဖက်က ပြောပါတယ်။

Anti-Defamation Leagueလိုမျိုး ထင်ရှားတဲ့ ဂျူးအဖွဲ့အစည်းတွေ ကိုယ်တိုင်က ထရမ့်ရဲ့ အစိုးရဟာ ဂျူးကျောင်းသားတွေကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်ပေးပြီး တက္ကသိုလ်တွေကို ရန်လို ထိုးနှက်နေတဲ့အပေါ် ဝေဖန် မေးခွန်းထုတ်လာချိန်မှာ ဟားဗက် တက္ကသိုလ်က အစိုးရကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။

နှစ်ဖက်ကြားက တင်းမာမှုဟာ မြန်မြန်ဆန်ဆန် မြင့်တက်လာနေတဲ့နောက် ထရမ့်ရဲ့ အစိုးရက ညှိနှိုင်းမှု တစ်ခုနဲ့ ဖြေရှင်းဖို့ လိုလားမှု ပြသလာတာလို့လည်း သိရပါတယ်။

ကိုးကား: CNN
https://edition.cnn.com/2025/04/22/us/harvard-lawsuit-trump-administration-explainer/index.html

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နဲ့ ရုရှား အစိုးရတွေကြား နက်နက်ရှိုင်းရှိုင်း ဆွေးနွေးမှုတွေ ရှိမလာသေးသ၍ ရုရှားနဲ့ ယူကရိန်းကြား စစ်ရပ်ဆိုင်းရေး ကိစ္စမှာ အခြေအနေတွေ တိုးတက်လာမယ်လို့ သူမထင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

အီရန် နျူကလီးယား ထိန်းချုပ်ရေး သဘောတူညီချက် ရရှိဖို့ အရမ်း နီးနီးစပ်စပ် ဖြစ်လာပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး ပဋိပက္ခအဆုံးသတ်ဖို့ အတိုက်အခံအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဆော်ဒီအာရေးဘီးယားကို ဒေါ်လာ ၁၄၂ ဘီလီယံဖိုး စစ်လက်နက်တွေ ရောင်းချဖို့ သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရပါတယ်။