Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ကုမ္ပဏီ Boeingဆီကနေ မှာယူထားတဲ့ လေယာဉ်တွေကို တရုတ်က ပြန်ပို့နေ

အမေရိကန် အစိုးရရဲ့ ကုန်သွယ်ခွန် မြှင့်တင် စည်းကြပ်မှုတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီ Boeingဆီကနေ မှာယူထားတဲ့ လေယာဉ် အသစ်တွေကို ပြန်ပို့နေပါတယ်။

အမေရိကန် အစိုးရရဲ့ ကုန်သွယ်ခွန် မြှင့်တင် စည်းကြပ်မှုတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီ Boeingဆီကနေ မှာယူထားတဲ့ လေယာဉ် အသစ်တွေကို ပြန်ပို့နေပါတယ်။

Boeingဆီကနေ မှာယူထားတဲ့ လေယာဉ်တွေကို ပြန်လည် ပို့ဆောင်ဖို့ တရုတ် လေကြောင်းလိုင်းတွေကို တရုတ်အစိုးရက ညွှန်ကြားထားတဲ့နောက် အနည်းဆုံး လေယာဉ် နှစ်စီးဟာ တရုတ်ကနေ အမေရိကန်ဆီ ပြန်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ နောက်ထပ် တစ်စီးဟာလည်း မကြာခင် ပြန်လာရဦးမယ့် အနေအထား ရှိနေတယ်လို့ အမေရိကန် လေကြောင်း နည်းပညာ လုပ်ငန်းစုကြီးရဲ့ အကြီးအကဲ ကယ်လီ အော့တ်ဘာ့ဂ်က ပြောပါတယ်။

ကြိုတင် အမှာစာတွေအရ အခုနှစ်ထဲမှာ တရုတ် လေကြောင်းလိုင်းတွေဟာ Boeingဆီကနေ လေယာဉ် အစီး ၅၀ ကျော် မှာယူထားကြပေမယ့် လက်ရှိ အခြေအနေမှာတော့ ဖောက်သည်တွေဖက်က အဲဒီ လေယာဉ်တွေကို လက်ခံယူဖို့ လိုလိုလားလား မဟုတ်ကြတော့ဘူးလို့ Boeing အမှုဆောင်ချုပ်က CNBC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ကမ္ဘာပေါ်မှာ စီးပွားရေး အင်အား အတောင့်တင်းဆုံး နိုင်ငံကြီး နှစ်ခုကြားက အပြန်အလှန် အခွန်စည်းကြပ်မှုတွေဟာ ကြောက်ခမန်းလိလိ ကိန်းဂဏန်းမျိုးတွေဆီ မြင့်တက်နေပါတယ်။ အမေရိကန်ဟာ တရုတ် သွင်းကုန် အများအပြားကို တန်ဖိုးရဲ့ ၁၄၅ ရာခိုင်နှုန်းထိ အခွန်သတ်မှတ်ထားပြီး တရုတ်ကလည်း အမေရိကန် ထုတ်ကုန်တွေအပေါ် တန်ဖိုးရဲ့ အခွန် ၁၂၅ ရာခိုင်နှုန်း စည်းကြပ်ပြီး တုံ့ပြန်နေပါတယ်။

Public Service Announcement

Public Service Announcement

ကုန်သွယ်ရေး စစ်ပွဲဆန်တဲ့ အဲဒီ အားပြိုင်မှုဟာ နိုင်ငံတကာ စျေးကွက်ကိုပါ ထိခိုက်သက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဧပြီ ၂၂ ရက်နေ့မှာတော့ ထရမ့်က သူဟာ တရုတ်နဲ့ ကုန်သွယ် ဆက်ဆံရေးကို မြှင့်တင်ဖို့ အကောင်းမြင်ထားကြောင်းနဲ့ တရုတ် ကုန်စည်တွေအပေါ် အခွန်စည်းကြပ်မှုကို အများအပြား ပြန်လျှော့ပေးဖို့ စဉ်းစားထားကြောင်း အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သွင်းကုန် အခွန်တွေကို သုညမှတ်ထိ လျှော့ပြီး ကင်းလွတ်ခွင့် ပေးမှာတော့ မဟုတ်ဘူးလို့ ထရမ့်က ဆိုတယ်။

ထရမ့်ဖက်က အဲဒီလို လေသံလျှော့လာတဲ့နောက် ဧပြီ ၂၃ ရက်နေ့မှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဝေါင်ကျိကွမ်ကလည်း တရုတ်ဟာ ကုန်သွယ်ရေးနဲ့ အခွန်စည်းကြပ်မှု စစ်ပွဲတွေမှာ အနိုင်ရတဲ့ဖက်ဆိုတာ မရှိဘူးလို့ ယုံကြည်ကြောင်းနဲ့ ဆွေးနွေးမှုတွေအတွက် တံခါးတွေ ကျယ်ကျယ် ဖွင့်ထားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း နှစ်ဖက် အားပြိုင်မှုတွေ အတောအတွင်းမှာ Boeingကတော့ အတော်လေး ကြားညပ်သွားခဲ့ပြီး အခွန်စည်းကြပ်မှုဆိုင်ရာ နောက်ခံ အခြေအနေတွေအရ ကုမ္ပဏီရဲ့ လေယာဉ်တွေကို တရုတ်ဖက်က ဝယ်ယူမှုတွေဟာ လတ်တလောမှာတော့ ရပ်ဆိုင်းနေပြီလို့ အော့တ်ဘာ့ဂ်က ဝန်ခံသွားခဲ့ပါတယ်။

Boeingဟာ အမေရိကန်ရဲ့ ပြည်ပတင်ပို့မှု ပမာဏ အများပြားဆုံး လေယာဉ် ကုမ္ပဏီ ဖြစ်ပါတယ်။ Boeingရဲ့ အရပ်ဖက်သုံး လေယာဉ်တွေ ရောင်းချမှု စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်း နီးပါးလောက်ဟာ အမေရိကန်ပြင်ပ ဝယ်လက်တွေဆီ ရောက်ရှိသွားတာပါ။

အော့တ်ဘာ့ဂ်က Boeing အနေနဲ့ အသစ်မှာယူဖို့ ဆန္ဒမရှိတော့တဲ့ ဖောက်သည်တွေ အတွက်တော့ လေယာဉ်တွေ ဆောက်လုပ်ပေးနေတော့မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ တစ်ဖက်မှာလည်း Boeingဟာ တရုတ်-အမေရိကန် အားပြိုင်မှု နောက်ဆက်တွဲ အလားအလာတွေနဲ့ ပတ်သက်လို့ သမ္မတထရမ့်ရဲ့ အစိုးရနဲ့ အနီးကပ် ဆွေးနွေးမှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ တစ်ချိန်မှာတော့ ကောင်းမွန်တဲ့ ညှိနှိုင်း သဘောတူညီမှုတွေ ရရှိလာဖို့ သူ့အနေနဲ့ အများကြီး မျှော်လင့်ထားတယ်လို့လည်း အော့တ်ဘာ့ဂ်က ဖွင့်ဟသွားပါတယ်။

ကိုးကား: CNBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ အမေရိကန် တပ်တွေကို အီရန်က အငိုက်ဖမ်း တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေကြား လူသိများရာ ရှုမျှော်ခင်းကြည့် နေရာ တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းထိ များပြားလာခဲ့ပါတယ်။

Facebook