Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယက အချိန်မရွေး တိုက်ခိုက်လာနိုင်ခြေ ရှိနေတယ်လို့ ပါကစ္စတန် ကာကွယ်ရေး ဝန်ကြီးပြော

အိန္ဒိယဖက်က အချိန်မရွေး တိုက်ခိုက်လာနိုင်ခြေ ရှိတာကြောင့် တပ်အင်အားတွေ ဖြည့်တင်းပြီး နိုးနိုးကြားကြား ပြင်ဆင်ထားတယ်လို့ ပါကစ္စတန် ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

Reuters

အိန္ဒိယဖက်က အချိန်မရွေး တိုက်ခိုက်လာနိုင်ခြေ ရှိတာကြောင့် တပ်အင်အားတွေ ဖြည့်တင်းပြီး နိုးနိုးကြားကြား ပြင်ဆင်ထားတယ်လို့ ပါကစ္စတန် ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

ဧပြီ ၂၂ ရက်နေ့က အိန္ဒိယ ထိန်းချုပ်ထားရာ ကက်ရှ်မီးယား ဒေသထဲမှာ လက်နက်ကိုင် အဖွဲ့တစ်ခုရဲ့ ပစ်ခတ်မှုကြောင့် အိန္ဒိယ ခရီးသွား ဧည့်သည် အများစု အပါအဝင် ၂၆ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ပါကစ္စတန် နိုင်ငံသား နှစ်ယောက်ရဲ့ နာမည်နဲ့ အချက်အလက်တွေကို အိန္ဒိယ အစိုးရက ထုတ်ပြန်ထားပြီး တိုက်ခိုက်မှု နောက်ကွယ်မှာ ပါကစ္စတန် အစိုးရ ပါဝင် ပတ်သက်နေတယ်လို့ စွပ်စွဲထားပါတယ်။ ပါကစ္စတန်ကတော့ ဒီဖြစ်စဉ်နဲ့ ဘယ်လို ဆက်နွှယ်မှုမှ မရှိကြောင်း အခိုင်အမာ ငြင်းဆိုထားပါတယ်။

ဒါပေမဲ့ အိန္ဒိယဟာ ပါကစ္စတန်အပေါ် သံတမန်ရေးအရ ခက်ထန်တင်းမာတဲ့ တုံ့ပြန်မှုတွေ ကျင့်သုံးလာခဲ့သလို နယ်စပ်မှာလည်း နှစ်ဖက်တပ်တွေကြား အသေးစား ပစ်ခတ်မှုတွေ ရှိခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်ခွင့်ကို အပြင်းအထန် အငြင်းပွားနေကြတာ အပါအဝင် သမိုင်းကြောင်း ခါးသီးတင်းမာမှုတွေ ရှိနေတဲ့ ပြိုင်ဘက် အိမ်နီးချင်းတွေလည်း ဖြစ်ပါတယ်။

ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မူဟာမက် အာဆစ်ဖ်က အစ္စလာမ်မာဘတ် မြို့တော်မှာ Reuters သတင်းဌာနနဲ့ အင်တာဗျူး လုပ်ခဲ့ပြီး ပါကစ္စတန် အနေနဲ့ တပ်တွေကို အားဖြည့် ပြင်ဆင်ထားကြောင်း၊ ဘာကြောင့်လဲဆိုတော့ ကိစ္စကြီး တစ်ခုခု အချိန်မရွေး ပေါ်လာနိုင်တာကြောင့် ဖြစ်ကြောင်း၊ အခြေအနေအရ မဟာဗျူဟာ ဆုံးဖြတ်ချက်တချို့ ချမှတ်ဖို့ သေချာပေါက် လိုအပ်လာတာကြောင့် လုပ်သင့်တာတွေကို လုပ်နေကြောင်း ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

အာဆစ်ဖ်က သူ့ရဲ့ ဝန်ကြီးဌာနဟာ အိန္ဒိယဖက်က တိုက်ခိုက်မှုတစ်ခု အချိန်မရွေး စတင်လာနိုင်တဲ့ အခြေအနေအတွက် ပါကစ္စတန် အစိုးရဆီကို အစီရင်ခံထားပြီး ဖြစ်တယ်လို့လည်း Reutersဆီ ပြောပြခဲ့ပါတယ်။ ဘာကြောင့် အဲဒီလို သူက ထင်မြင်သလဲ ဆိုတာနဲ့ တခြားအသေးစိတ် အချက်အလက်တွေကိုတော့ ဝန်ကြီးက မှတ်ချက် မပေးခဲ့ပါဘူး။

အစောပိုင်းမှာ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက အိန္ဒိယပိုင် ကက်ရှ်မီးယား ဒေသထဲက ပါဟယ်လ်ဂန်မြို့မှာ တိုက်ခိုက်မှု ကျူးလွန်ခဲ့သူတွေကို ကမ္ဘာဆုံးတဲ့ထိ လိုက်လံ ရှာဖွေ ချေမှုန်းသွားမယ်လို့ ကြုံးဝါးထားပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ စစ်ပွဲ ၄ ကြိမ် ဆင်နွှဲခဲ့ကြဖူးပြီး ၂၀၁၉ ခုနှစ်တုန်းကလည်း နယ်စပ်မှာ အပြင်းအထန် စစ်ရေး တင်းမာပြီး အပြန်အလှန် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲငယ်တွေ ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ကက်ရှ်မီးယား ခွဲထွက်ရေး အင်အားစုတွေရဲ့ တိုက်ခိုက်မှုကြောင့် အိန္ဒိယ အရန်တပ်ဖွဲ့ဝင် ၄၀ လောက် သေဆုံးခဲ့တဲ့နောက် အိန္ဒိယက ပါကစ္စတန်ဖက်ခြမ်း နယ်စပ်မှာရှိတဲ့ အဲဒီ အင်အားစုတွေကို ဗုံးကြဲခဲ့ရာက ပဋိပက္ခ စတင်ခဲ့တာပါ။ အဲဒီ တိုက်ပွဲတွေအတွင်း အိန္ဒိယရဲ့ MiG-21 တိုက်လေယာဉ် တစ်စီးကို ပါကစ္စတန် လေတပ်က ပစ်ချခဲ့ပြီး အိန္ဒိယရဲ့ Mi-17 ရဟတ်ယာဉ် တစ်စီးဟာလည်း အချင်းချင်း မှားယွင်းပစ်ချတာကို ခံခဲ့ရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။