Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Zipline စီးသူတစ်ယောက်က ကက်ရှ်မီးယား ပစ်ခတ်မှုကို မတော်တဆ ဗီဒီယို ရိုက်မိခဲ့တယ်လို့ဆို

အိန္ဒိယ နိုင်ငံသား ခရီးသွား ဧည့်သည် တစ်ဦးဟာ အပျော်စီး Ziplineပေါ် လိုက်ပါရင်း ကိုယ့်ကိုယ်ကိုယ် ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ ကက်ရှ်မီးယား ဒေသက သွေးချောင်းစီး တိုက်ခိုက်မှု ဖြစ်စဉ်ရဲ့ အစိတ်အပိုင်း တချို့ကို မှတ်တမ်းတင်မိခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယ နိုင်ငံသား ခရီးသွား ဧည့်သည် တစ်ဦးဟာ အပျော်စီး Ziplineပေါ် လိုက်ပါရင်း ကိုယ့်ကိုယ်ကိုယ် ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ ကက်ရှ်မီးယား ဒေသက သွေးချောင်းစီး တိုက်ခိုက်မှု ဖြစ်စဉ်ရဲ့ အစိတ်အပိုင်း တချို့ကို မှတ်တမ်းတင်မိခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယ နိုင်ငံ အနောက်ပိုင်း အမာဒါဘက်မြို့မှာ နေထိုင်တဲ့ ရီရှီဘားထ်ဟာ အိန္ဒိယ ထိန်းချုပ်ထားရာ ကက်ရှ်မီးယား ဒေသဖက် အခြမ်းက ပါဟယ်လ်ဂမ်မြို့ကို ဧပြီ ၂၂ ရက်နေ့က မိသားစုနဲ့အတူ အလည်အပတ် ခရီးစဉ် ရောက်ရှိနေခဲ့တာပါ။ အဲဒီမြို့ဟာ ဟိမဝန္တာ တောင်တန်းတွေကို နောက်ခံထားပြီး လှပတဲ့ သဘာဝ ရှုခင်းတွေကြောင့် အိန္ဒိယ ခရီးသွား ဧည့်သည်တွေ အများအပြား သွားရောက်လေ့ရှိပြီး ဆွစ်ဇာလန် အသေးစားလို့ လူသိများပါတယ်။

ဧပြီ ၂၂ ရက်နေ့ကတော့ ဘားထ်ဟာ ပါဟယ်လ်ဂမ်နားမှာရှိတဲ့ စိမ်းစိုကျယ်ပြန့် သာယာတဲ့ ဘိုင်ဆာရန် မြက်ခင်းပြင်ကြီးပေါ်မှာ ဖြတ်ပြီး သွယ်တန်းထားတဲ့ Ziplineကို တက်စီးခဲ့ပါတယ်။ ပြီးတော့ သူ့ကိုယ်သူ တစ်မိနစ်နီးပါးလောက် ကြာအောင် ဖုန်းနဲ့ ဗီဒီယို ရိုက်ထားခဲ့ပါတယ်။

ဗီဒီယိုထဲမှာ Ziplineကို ကိုင်တွယ်တဲ့ မွတ်ဆလင် ဝန်ထမ်းက ဘားထ်ကို ဘုရားသခင် ကောင်းချီးပေးပါစေလို့ သုံးကြိမ် ဆုတောင်းပေးပြီးတဲ့နောက် ကြိုးလိုင်းတလျှောက် တွန်းလွှတ်ပေးခဲ့ပါတယ်။ အဲဒီ အချိန်လောက်မှာ ခပ်ဝေးဝေးက သေနတ်သံလို့ ယုံကြည်ရတဲ့ အသံသဲ့သဲ့တွေ စတင် ထွက်ပေါ်နေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘားထ်ဟာ Ziplineပေါ် ပါသွားတဲ့ တလျှောက်လုံး ပျော်ပျော်ရွှင်ရွှင် ရှိနေခဲ့ပြီး နောက်ခံအဖြစ် ကျယ်ပြန့်တဲ့ မြက်ခင်းပြင်ပေါ်မှာ လူတွေ အများအပြား တစ်စုစီ ပြန့်ကျဲနေတဲ့ မြင်ကွင်းကိုလည်း ရိုက်ပြထားခဲ့ပါတယ်။ အဲဒီနောက် လမ်းခုလတ် အရောက် သူ့ရဲ့ ညာဖက်ခြမ်း အောက်ဖက်လောက်မှာ ပြေးလွှားနေတဲ့ လူတွေကို ဗီဒီယိုထဲမှာ တွေ့ခဲ့ရသလို သေနတ်သံလို့ ယူဆရတဲ့ အသံသဲ့သဲ့တွေကိုလည်း ကြားနေခဲ့ရပါတယ်။

ဘားထ်ဟာ Ziplineရဲ့ တစ်ဖက်ဆုံးကို ရောက်သွားတဲ့ထိ အောက်ဖက်မှာ ပစ်ခတ်မှု ဖြစ်နေမှန်း မသိခဲ့ပါဘူး။ သူ့ရဲ့ ဗီဒီယို ထဲမှာလည်း ကျယ်ပြောတဲ့ မြက်ခင်းပြင်ပေါ်မှာ တိုက်ခိုက်မှုကြီး ဖြစ်နေတယ် ဆိုတာကို သတိမပြုမိသူတွေ အများကြီး ရှိနေခဲ့သေးတယ် ဆိုတာကို တွေ့နိုင်ပါတယ်။

နောက်ကျမှ အခြေအနေဆိုးကို သတင်းရသွားပြီး သူနဲ့ မိသားစုဟာ အသက်လု ထွက်ပြေးခဲ့ရကြောင်း ဘားထ်က ဆိုပါတယ်။ သူရိုက်ကူးလာတဲ့ ဗီဒီယိုက လူမှုကွန်ရက်တွေပေါ်မှာ လူပြောများလာတဲ့နောက် အိန္ဒိယ သတင်းဌာနတွေက သတင်းအနေနဲ့ ပြန်လည် ဖော်ပြခဲ့ကြပါတယ်။ ဘားထ်က Zipline တက်စီးတဲ့အချိန် သားဖြစ်သူ၊ ဇနီးဖြစ်သူနဲ့ တခြားလူ ၄ ယောက်ဟာ တစ်ဖက်ခြမ်းစီ ရောက်နှင့်နေခဲ့ကြပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။

လူမှုကွန်ရက် သုံးစွဲသူတွေထဲမှာ Zipline ဝန်ထမ်းဟာ သေနတ်သံတွေကို ကြားလျက်နဲ့၊ တစ်နည်းအားဖြင့် မူမမှန်တဲ့ အခြေအနေ တစ်ခုခု ဖြစ်နေမှန်း သိလျက်နဲ့ ခရီးသွား ဧည့်သည် တစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ Zipline စီးခွင့်ပေးလိုက်တာလို့ စွပ်စွဲမှုတွေလည်း ရှိနေပေမယ့် သီးခြား အတည်ပြုလို့တော့ မရပါဘူး။

ဧပြီ ၂၂ ရက်နေ့တုန်းက ဘိုင်ဆာရန် မြက်ခင်းပြင်မှာ ခရီးသွား ဧည့်သည်တွေ စည်ကားနေတုန်းက အနီးမှာရှိတဲ့ တောအုပ်ထဲက ထွက်လာတဲ့ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် အိန္ဒိယ နိုင်ငံသား ၂၅ ဦးနဲ့ နီပေါနိုင်ငံသား ၁ ဦးတို့ သေဆုံးခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ပါကစ္စတန် အစိုးရ ပါဝင်ပတ်သက်နေကြောင်း အိန္ဒိယက စွပ်စွဲခဲ့ပြီး သံတမန်ရေး လက်တုံ့ပြန်မှုတွေ စတင်လာခဲ့တဲ့နောက် နှစ်ဖက်ကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။ ကက်ရှ်မီးယားဟာ အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဒေသဖြစ်ပြီး ကက်ရှ်မီးယား အခြေစိုက် ခွဲထွက်ရေး အင်အားစုတွေကို ပါကစ္စတန်က လက်နက် တပ်ဆင်ပေးနေကြောင်း အိန္ဒိယက အကြိမ်ကြိမ် စွပ်စွဲဖူးသလို ပါကစ္စတန်ကလည်း အကြိမ်ကြိမ် ပယ်ချထားပါတယ်။

ဘိုင်ဆာရန် မြက်ခင်းပြင်မှာ သွေးချောင်းစီးခဲ့တဲ့ ကိစ္စကတော့ ကက်ရှ်မီးယားရဲ့ အိန္ဒိယ ထိန်းချုပ်ထားရာ အစိတ်အပိုင်းထဲမှာ ၂၅ နှစ်လောက်အတွင်း အရပ်သားတွေကို ပစ်မှတ်ထားတဲ့ အဆိုးရွားဆုံး တိုက်ခိုက်မှုလည်း ဖြစ်လာခဲ့ပါတယ်။

ကိုးကား: Al Jazeera

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ ထိန်းချုပ်ထားရာ ကက်ရှ်မီးယား ဒေသမှာ ရုတ်တရက် မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် လူ ၅၀ နီးပါး သေဆုံးပြီး ၂၀၀ ကျော် ပျောက်ဆုံးနေပါတယ်။

နိုင်ငံတကာ

အိန္ဒိယနဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေဟာ စစ်ကြေညာလိုက်တဲ့ လုပ်ရပ်အဖြစ် ယူဆကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သီတင်းပတ်တွေ အတော်ကြာအောင် နှစ်ဖက်ဆက်ဆံရေး တင်းမာနေခဲ့တဲ့နောက် အိန္ဒိယဟာ ပါကစ္စတန် ပိုင်နက်ထဲမှာ လေကြောင်း တိုက်ခိုက်မှုတွေ စတင်ခဲ့ပါတယ်။

နိုင်ငံတကာ

လက်ရှိ တင်းမာမှုတွေနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် တုံ့ပြန်ပေးကြဖို့ ကုလသမဂ္ဂ အကြီးအကဲက ပါကစ္စတန်နဲ့ အိန္ဒိယတို့ကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။