Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တစ်ပတ်အတွင်း တိုက်လေယာဉ်နှစ်စီး မတော်တဆ ဆုံးရှုံးခဲ့တဲ့ အမေရိကန် လေယာဉ်တင်သင်္ဘော

အမေရိကန် ရေတပ်ရဲ့ လေယာဉ်တင် သင်္ဘောကြီး USS Harry S. Trumanဟာ တစ်ပတ်အတွင်း ဒုတိယမြောက် F/A-18 တိုက်လေယာဉ် တစ်စီးကို မတော်တဆ ဆုံးရှုံးခဲ့ရပြန်ပါတယ်။

US Navy

အမေရိကန် ရေတပ်ရဲ့ လေယာဉ်တင် သင်္ဘောကြီး USS Harry S. Trumanဟာ တစ်ပတ်အတွင်း ဒုတိယမြောက် F/A-18 တိုက်လေယာဉ် တစ်စီးကို မတော်တဆ ဆုံးရှုံးခဲ့ရပြန်ပါတယ်။

ယီမင်အခြေစိုက် ဟိုသီ လက်နက်ကိုင် အင်အားစုတွေကို တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်နေတဲ့ လေယာဉ်တင် သင်္ဘောကြီး နှစ်စီးထဲက တစ်စီးဖြစ်တဲ့ USS Harry S. Trumanပေါ်ကို တိုက်လေယာဉ်က ဆင်းသက်ချိန်မှာ အမှားအယွင်း တစ်ခုခုကြောင့် ပြေးလမ်းကနေ ကျော်ထွက်ပြီး ပင်လယ်ထဲ ကျဆင်းသွားတာလို့ CNN သတင်းဌာနက မေလ ၆ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

လေယာဉ် ဆုံးရှုံးသွားမှုကို ယုံကြည်ရတဲ့ သတင်းရင်းမြစ် ၅ ခုက အတည်ပြုထားပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးကြောင်း CNNက ဆိုပါတယ်။ ဒါပေမဲ့ လေယာဉ်မှူး နှစ်ယောက်စလုံးကတော့ အန္တရာယ် ကင်းခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဟိုသီတွေရဲ့ အလျှော့ပေးမှုကြောင့် ယီမင်မှာ အမေရိကန် ဆင်နွှဲနေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်တော့မယ်လို့ မကြေညာခင် နာရီပိုင်းမှာ ပေါ်ပေါက်ခဲ့တာပါ။ အမေရိကန်ဟာ ဟိုသီ စစ်ရေးပစ်မှတ်တွေကို မတ်လကတည်းက တိုက်ခိုက်မှုတွေ စတင်နေခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တိုက်လေယာဉ်က သင်္ဘောရဲ့ ပြေးလမ်းကို ချော်ထွက်ပြီး ပြုတ်ကျသွားတယ်ဆိုတဲ့ မေလ ၆ ရက်နေ့ ဖြစ်စဉ်မှာ လေယာဉ် ဆင်းသက်ချိန် ထိန်းချုပ် တားဆီးတဲ့ ကြိုးတွေက ပုံမှန် အလုပ်မလုပ်ခဲ့ဘူးလား ဆိုတာကို မသိရသေးပါဘူး။ နောက်ပြီး ဟိုသီတွေက အဲဒီ အချိန်လောက်မှာ လေယာဉ်တင် သင်္ဘောကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေခဲ့တယ်လို့ ပြောကြားထားပါတယ်။ လေယာဉ်မှူး နှစ်ယောက်ကိုတော့ ရေတပ်ရဟတ်ယာဉ် တစ်စီးက ရှာတွေ့ပြီး ကယ်ဆယ်နိုင်ခဲ့တာပါ။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက တိုက်လေယာဉ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ရေတပ်နဲ့ စစ်ဦးစီး ဗဟိုဌာနကသာ ဖြေကြားလိမ့်မယ်လို့ ပြောကြားထားပြီး အဲဒီအဖွဲ့အစည်း နှစ်ခုစလုံးကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

လွန်ခဲ့တဲ့ တစ်ပတ်လောက်ကလည်း ဟိုသီတွေ ပစ်ခတ်တဲ့ ဒုံးကျည်ကို သင်္ဘောက ကွေ့ပတ်မောင်းနှင်ရင်း ရှောင်တိမ်းချိန်မှာ USS Harry S. Trumanရဲ့ ကုန်းပတ် ပြေးလမ်းပေါ်မှာ ရှိနေတဲ့ F/A-18 တစ်စီးဟာ တွဲထားတဲ့ ကရိန်းကားနဲ့အတူ ပင်လယ်ထဲ ပြုတ်ကျခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာလည်း လေယာဉ်ကို ပြန်ဆယ်မရဘဲ ဆုံးရှုံးခဲ့ရပါတယ်။

မနှစ်က ဒီဇင်ဘာလလယ်တုန်းကလည်း USS Harry S. Truman လေယာဉ်တင် သင်္ဘောပေါ်မှာ အခြေစိုက်တဲ့ F/A-18 တစ်စီးဟာ ဟိုသီတွေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေကို ကြားဖြတ် ပစ်ချနေတဲ့ စစ်ဆင်ရေးအတွင်း လေယာဉ်တင် သင်္ဘောကြီးရဲ့ အခြံအရံ တိုက်သင်္ဘော တစ်စီးက မှားယွင်းပစ်ချမိလို့ ပျက်ကျခဲ့ပါတယ်။ အဲဒီတုန်းကလည်း လေယာဉ်မှူး နှစ်ဦးဟာ လေထီးနဲ့ ခုန်ထွက်ပြီး လွတ်မြောက်ခဲ့ပါတယ်။

ဒါကြောင့်လည်း USS Harry S. Trumanဟာ အရှေ့အလယ်ပိုင်းဒေသကို စစ်ဆင်ရေး ရောက်ရှိနေချိန် အတောအတွင်း F/A-18 ၃ စီးထိ ဆုံးရှုံးထားတဲ့ အဓိပ္ပါယ်ပါပဲ။ Super Hornetလို့ ကုတ်ဒ်နာမည် ခေါ်ဝေါ်လေ့ရှိတဲ့ F/A-18တွေဟာ အမေရိကန် ရေတပ်ရဲ့ အားအထားရဆုံး တိုက်လေယာဉ် အမျိုးအစားတွေဖြစ်ပြီး တစ်စီးကို ဒေါ်လာ သန်း ၆၀ ကျော်လောက် တန်ကြေးရှိကြောင်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကို အကူအညီ ပေးတာမျိုး လုံးဝ မလုပ်ကြဖို့ ရုရှားနဲ့ တရုတ်ကို ရည်ရွယ်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

ကုန်သွယ်ဖက် နိုင်ငံတွေနဲ့ အစုအဖွဲ့တွေ စုစုပေါင်း ၆၀ လောက်ကို အမေရိကန်က သွင်းကုန်အခွန်အခ စည်းကြပ်မှု အသစ်တွေ သတ်မှတ် ပြဋ္ဌာန်းလိုက်ပါတယ်။

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ဖြတ်သန်း ခုတ်မောင်းနေတဲ့ ရေယာဉ်တစ်စီးကို အီရန်က ရန်ပြုတိုက်ခိုက်တိုင်း အီရန်ရဲ့ တံတားတစ်စင်း၊ ဒါမှမဟုတ် ဓာတ်အားပေး စက်ရုံတစ်ခုလည်း ဖျက်ဆီးခံရစေမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။