ရုရှားရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ တိုက်ခိုက်မှုတွေကို အမေရိကန် အစိုးရက ရှုတ်ချခြင်း မရှိလို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပိုပြီး အတင့်ရဲလာနေတယ်လို့ ယူကရိန်း သမ္မတက စွပ်စွဲ ပြောကြားသွားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ယူကရိန်းဟာ စစ်ကာလတလျှောက် ရုရှားရဲ့ ပမာဏ အကြီးမားဆုံး လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင် ကြုံတွေ့ခဲ့ရပါတယ်။ မေလ ၂၄ ရက်နေ့က ညလုံးပေါက် တိုက်ခိုက်မှုမှာ ရုရှားဟာ ဒရုန်းနဲ့ ဒုံးကျည်ပေါင်း ၃၆၇ ခုကို အသုံးပြုပြီး ယူကရိန်း မြို့ရွာတွေကို ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ စစ်ပွဲ တလျှောက်မှာ လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားက ဒရုန်းနဲ့ ဒုံးကျည်တွေ ပမာဏ အများဆုံး ပုံအော အသုံးပြုမှု အနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။
ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုကြီးအတွင်း ကလေး ၃ ယောက် အပါအဝင် ၁၂ ဦး သေခဲ့ပြီး နောက်ထပ် ဒါဇင်တွေနဲ့ချီ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။ မြို့တော် ကိယက်ဗ်ဟာလည်း လပေါင်း အတော်များများအတွင်း အကြီးမားဆုံး တိုက်ခိုက်မှုဒဏ်ကို ခံစားခဲ့ရပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရုရှားနဲ့ ယူကရိန်းတို့ကြား စစ်ရပ်ဆိုင်းရေးကိစ္စ ဆွေးနွေးကြဖို့ နှစ်ဖက်စလုံးကို ဖိအားပေး တောင်းဆိုနေချိန်မှာပဲ ရုရှားက အခုလို ပြင်းထန် ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေကို ဆက်လက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Public Service Announcement
ယူကရိန်းရဲ့ အဆိုအရ ရုရှားဟာ ဒရုန်း ၂၉၈ စီး၊ ခရုစ်နဲ့ ပဲ့ထိန်းဒုံးကျည် ၆၉ စင်းကို အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ခရုစ်ဒုံးကျည် ၄၅ စင်းနဲ့ ဒရုန်း ၂၆၆ စီးကို ပစ်ချနိုင်ခဲ့ကြောင်း၊ ဒါပေမဲ့ နေရာပေါင်း ၂၂ ခုထက် မနည်းမှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်းလည်း ယူကရိန်း လေတပ်က ထုတ်ပြန်ထားခဲ့ပါတယ်။
ဇီလန်စကီးက ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုအပြီး မြို့ရွာ အများအပြားမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေဆဲလို့ ပြောကြားခဲ့ပြီး ရုရှားရဲ့ ရန်လိုမှုတွေ အဆုံးသတ်သွားမယ့် အလားအလာ မမြင်ရသေးဘူးလို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။
ဇီလန်စကီးက ကမ္ဘာကြီးက အပန်းဖြေခရီး ထွက်ဖို့ အခွင့်အရေးမျိုး ရနေနိုင်ပေမယ့် ယူကရိန်းမှာတော့ စစ်မီးက ဆက်ပြီး တောက်လောင်နေဆဲ ဖြစ်ကြောင်း၊ ရုံးဖွင့်ရက်တွေရော အားလပ်ရက်တွေပါ တိုက်ခိုက် ခံနေရကြောင်း၊ ဒီအခြေအနေကို မျက်ကွယ် ပြုမထားသင့်ကြောင်း၊ အမေရိကန်ရဲ့ အသံတိတ်နေမှု၊ တခြားနိုင်ငံတွေရဲ့ နှုတ်ဆိတ်နေမှုတွေဟာ ပူတင်ကို ပိုပြီး အတင့်ရဲလာစေကြောင်း ဇီလန်စကီးက ဆိုပါတယ်။
သူက ရုရှားရဲ့ ခေါင်းဆောင်ပိုင်းကို ပြင်းပြင်းထန်ထန် ဖိအားပေးတာမျိုး မလုပ်မချင်း ရုရှားရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်ဖို့ မဖြစ်နိုင်ဘူးလို့လည်း သတိပေးသွားခဲ့ပါတယ်။
မေလ ၂၅ ရက်နေ့မှာတော့ နယူးဂျာစီကနေ ဝါရှင်တန် ဒီစီကို ပြန်ဖို့ ပြင်ဆင်နေချိန် လေဆိပ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ထရမ့်က ပူတင်လုပ်နေတဲ့ ကိစ္စတွေအတွက် သူမပျော်နိုင်ကြောင်း၊ ပူတင်ဟာ လူတွေ အများကြီးကို သတ်ဖြတ်နေကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဒါပေမဲ့ လေကြောင်းတိုက်ခိုက်မှုကြီးနောက်ပိုင်း သူ့ရဲ့ ပထမဆုံး မှတ်ချက်စကားမှာ ပူတင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်သွားတာမျိုးတော့ မရှိခဲ့ပါဘူး။ ပြီးတော့ ရုရှားကို အမေရိကန်က တစ်ခုခု တုံ့ပြန်ဖို့ အစီအစဉ် ရှိသလား ဆိုတာကိုလည်း ထရမ့်က ဖြေဆိုဖို့ ငြင်းဆန်သွားခဲ့ပါတယ်။
ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရ ထိပ်ပိုင်းအရာရှိတွေဆီက တုံ့ပြန်မှုဆိုလို့ ထရမ့်ခန့်အပ်ထားတဲ့ ယူကရိန်း နိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ကိသ်ကဲလော့ဂ်က လူမှုကွန်ရက်ပေါ်မှာ မှတ်ချက်ပေး ရေးသားမှုလောက်သာ တွေ့ခဲ့ရပါသေးတယ်။ ကဲလော့ဂ်က ရုရှားတိုက်ခိုက်မှုအပြီး ကိယက်ဗ်မြို့တော်ရဲ့ ညဖက်ကောင်းကင် နောက်ခံမှာ မီးခိုးတွေ အူထွက်နေတဲ့ ဓာတ်ပုံတစ်ပုံကို တင်ထားခဲ့ပြီး ဒါဟာ ကိယက်ဗ်ဖြစ်ကြောင်း၊ စစ်ဘက် အရပ်ဖက် မခွဲခြားဘဲ တိုက်ခိုက်ပြီး အမျိုးသမီးတွေနဲ့ ကလေးတွေကို သူတို့ရဲ့ နေအိမ်တွေထဲမှာတင် ညပိုင်းအချိန် သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်ဟာ အပြစ်မဲ့သူတွေကို ကာကွယ်ဖို့ ရည်ရွယ်ထားတဲ့ ၁၉၇၇ ခုနှစ် ဂျနီဗာ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အတိအလင်း ချိုးဖောက်မှု ဖြစ်ကြောင်း၊ ဒီတိုက်ခိုက်မှုဟာ ရှက်စရာ ကောင်းပြီး သတ်ဖြတ်မှုတွေကို ရပ်တန့်ဖို့ လိုကြောင်း၊ ချက်ချင်း အပစ်ရပ်သင့်ကြောင်း ရေးသားထားခဲ့ပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုတွေအတွင်း ကိယက်ဗ်မြို့တော် အနောက်ဖက် ဇိုင်တာမို ဒေသမှာ သေဆုံးခဲ့တဲ့ ကလေး ၃ ဦးဟာ မောင်နှမ အရင်းအချာတွေလို့ ယူကရိန်း ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မာရီရာနာ ဘတ်ဆာက ပြောပါတယ်။
ထရမ့်ဟာ ရုရှားနဲ့ ယူကရိန်းကြား အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေ ချက်ချင်း စတင်နိုင်မယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ် ကတည်းက ကြွေးကြော်ထားပေမယ့် လက်ရှိ အချိန်ထိတော့ တိုးတက်မှုတွေ မတွေ့ရသေးသလို ရုရှားရဲ့ လွန်လွန်ကဲကဲ တိုက်ခိုက်မှုတွေ အရှိန်လျော့သွားမယ့် အလားအလာလည်း မမြင်ရသေးကြောင်း နိုင်ငံတကာ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
ကိုးကား: BBC


















































