Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ အငြင်းပွားစရာ ဘတ်ဂျတ်မူကြမ်း အဆိုပြုချက်က အထက်လွှတ်တော် မဲခွဲမှုမှာ အနိုင်ရ

သမ္မတ ဒေါ်နယ်လ်ထရမ့်က အဆိုပြုထားတဲ့ လှပထည်ဝါတဲ့ အစိုးရ ဘတ်ဂျတ် မူကြမ်းဟာ အထက်လွှတ်တော် မဲခွဲမှု အဆင့်ကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

EPA

သမ္မတ ဒေါ်နယ်လ်ထရမ့်က အဆိုပြုထားတဲ့ အငြင်းပွားစရာ အစိုးရ ဘတ်ဂျတ် မူကြမ်းဟာ အထက်လွှတ်တော် မဲခွဲမှု အဆင့်ကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အစိုးရ အသုံးစရိတ်နဲ့ ကြွေးမြီကို မြှင့်တင်ဖို့ လျာထားတဲ့ ထရမ့်ရဲ့ ဘတ်ဂျတ်မူကြမ်းကို အာဏာရ ရီပတ်ဘလစ်ကန် ပါတီထဲက အမတ်တွေကိုယ်တိုင် ဆန့်ကျင်မှုတွေ ရှိခဲ့ပါတယ်။ အတိုက်အခံ ဒီမိုကရက်တစ် ပါတီဝင်တွေကတော့ အဲဒီ မူကြမ်းကို ပြတ်ပြတ်သားသား ကန့်ကွက်ထားပြီးသားပါ။

ထရမ့်ရဲ့ မူလအဆိုဟာ အောင်မြင်နိုင်ခြေ နည်းနေတာကြောင့် အထက်လွှတ်တော် ရီပတ်ဘလစ်ကန် အမတ်တွေကြားမှာ တချို့သော အပိုင်းတွေကို ပြန်လည် ညှိနှိုင်းပြင်ဆင်ပြီး ထောက်ခံမဲ တိုးလာအောင် ဆွဲဆောင်ခဲ့ရပါတယ်။ အချိန်အကြာကြီး အကျေအလည် ညှိနှိုင်းခဲ့ကြတဲ့နောက် ဇူလိုင် ၁ ရက်နေ့ ညပိုင်းမှာတော့ အဲဒီမူကြမ်းကို မဲပေးခဲ့ကြပါတယ်။ အမေရိကန် အထက်လွှတ်တော်မှာ အမတ် ၁၀၀ ရှိပြီး ရီပတ်ဘလစ်ကန်တွေက ၅၃ နေရာကို ရယူပြီး အင်အား အသာစီးနဲ့ ရပ်တည်နေပါတယ်။ ဒါပေမဲ့ မဲခွဲမှုမှာတော့ ရီပတ်ဘလစ်ကန် အမတ် ၃ ဦးက ဒီမိုကရက်တွေနဲ့ ပူးပေါင်းသွားတာကြောင့် ၅၀-၅၀ စီနဲ့ အဖြေမထွက်ဘဲ ဖြစ်နေခဲ့ပါတယ်။

AP

အဲဒီအခါမှာ သတ်မှတ်စည်းမျဉ်းတွေအတိုင်း ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ်ဗန့်စ်က ပါဝင်မဲပေးခဲ့တာကြောင့် အဆိုမူကြမ်းကို ထောက်ခံတဲ့ဖက်က ၅၁-၅၀ ဆိုတဲ့ ၁ မဲတည်းအသာနဲ့ ကပ်ပြီး အနိုင်ရသွားတာပါ။ အဲဒီ မဲခွဲရလဒ် ထွက်ပေါ်မလာခင် အထက်လွှတ်တော်ထဲမှာ အဆိုအတည်ပြုရေးအတွက် အကျေအလည် ဆွေးနွေးတာ၊ စကားစစ်ထိုးတာတွေ ၂၇ နာရီ ကြာမြင့်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လွှတ်တော် မဲခွဲမှုမှာ အနိုင်ရခဲ့ခြင်းက ထရမ့်ကိုယ်တိုင်က အင်မတန် လှပထည်ဝါတဲ့ အဆိုပြုချက်လို့ ညွှန်းဆိုထားဖူးတဲ့ ဘတ်ဂျတ် အစီအမံကို လက်တွေ့ အကောင်အထည်ဖော်ဖို့ အခက်ခဲဆုံး အဆင့်တစ်ခုကို ကျော်လွှားလိုက်နိုင်ခြင်း ဖြစ်ပါတယ်။

အခုတော့ ဥပဒေအဖြစ် အသက်မသွင်းခင်မှာ အောက်လွှတ်တော်ဆီ အဲဒီ မူကြမ်းက ပြန်ရောက်လာမှာပါ။ အထက်လွှတ်တော်မှာ အဆုံးအဖြတ် မခံယူခင် အောက်လွှတ်တော် မဲခွဲမှုမှာ အောင်မြင်ခဲ့ပြီး ဖြစ်ပေမယ့် အခုတစ်ကြိမ်မှာတော့ ပိုပြီး ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေက စောင့်ကြိုနေနိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ပါတယ်။ အောက်လွှတ်တော်ရဲ့ ရီပတ်ဘလစ်ကန် အင်အားစုတွေထဲမှာလည်း ထရမ့်ရဲ့ ဘတ်ဂျတ်မူကြမ်းကို သဘောမတူသူတွေ ရှိနေပါတယ်။

ထရမ့်ရဲ့ အခွန်မူကြမ်းမှာ ကာကွယ်ရေး အသုံးစရိတ်လို အပိုင်းတွေကို သိသိသာသာ တိုးမြှင့်ထားပေမယ့် အမေရိကန် နိုင်ငံသားတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီနဲ့ စားနပ်ရိက္ခာ ပံ့ပိုးမှုတွေကို လျှော့ချဖို့ ရည်ရွယ်ထားတာမျိုးတွေအပေါ် ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။ နောက်ပြီး အခွန်အခ ဖြတ်တောက် လျှော့ချပေးမယ့် ကိစ္စမှာလည်း အောက်ခြေ လူတန်းစား၊ ဝင်ငွေနည်း မိသားစုတွေထက် ချမ်းသာကြွယ်ဝသူတွေသာ အကျိုးအမြတ် ပိုဖြစ်ထွန်းစေတယ်ဆိုတဲ့ ထောက်ပြမှုတွေလည်း ရှိခဲ့ပါတယ်။

ထရမ့်ကတော့ နိုင်ငံရဲ့ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇူလိုင် ၄ ရက်နေ့မှာ အဲဒီ အဆိုမူကြမ်းကို လွှတ်တော်မှာ မဲခွဲ အတည်ပြုတာမျိုး လိုချင်တယ်လို့ ရီပတ်ဘလစ်ကန် အမတ်တွေကို ဖိအားပေးထားပါတယ်။ အထက်လွှတ်တော်မှာ ပြန်ဆင်ပြီး အသစ်မွမ်းမံထားတဲ့ အဲဒီအဆိုကို ဇူလိုင် ၃ ရက်နေ့ကျရင် အောက်လွှတ်တော်မှာ မဲခွဲမှာ ဖြစ်ပါတယ်။ ထရမ့်ကတော့ အထက်လွှတ်တော်မှာနဲ့ ယှဉ်ရင် အောက်လွှတ်တော်မှာ ဒီကိစ္စက ပိုပြီး လွယ်လွယ်ကူကူ ဖြစ်မြောက် အောင်မြင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားထားပါတယ်။

ထရမ့်ရဲ့ အဆိုမူကြမ်းမှာ အဓိက ထောက်ပြခံရတာက Medicaidလို့ခေါ်ပြီး ဝင်ငွေနည်းပါးတဲ့ မိသားစုတွေအတွက် အစိုးရက ကျောထောက်နောက်ခံ ပြုထားတဲ့ ကျန်းမာရေး အာမခံချက် အစီအမံကို အကြီးအကျယ် ဖြတ်တောက်ထားတဲ့ ကိစ္စပါပဲ။ အဲဒီအဆိုသာ ဥပဒေအဖြစ် အသက်ဝင်သွားရင် လာမယ့်နှစ်တွေအတွင်း အမေရိကန်မှာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုဝင် စုစုပေါင်း လူဦးရေ ၁၂ သန်းနီးပါးလောက်ဟာ ကျန်းမာရေး စောင့်ရှောက်မှု အာမခံချက် မရနိုင်တော့ဘဲ ဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။ ထရမ့်ကတော့ အဲဒီ ခန့်မှန်းချက်ကို ပယ်ချထားပြီး လက်တွေ့မှာ အင်မတန် နည်းပါးတဲ့ အရေအတွက်လောက်သာ ထိခိုက်မှု ရှိမှာ ဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့သလို လက်ရှိ အသုံးစရိတ်တွေကတော့ ဖြုန်းတီးမှု၊ လိမ်လည်မှု၊ အလွဲသုံးစားမှုတွေ ပြည့်နေကြောင်း စွပ်စွဲသွားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မနှစ်တုန်းက ရွေးကောက်ပွဲကြို ကာလမှာ အမေရိကန် သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ကို လုပ်ကြံဖို့ အားထုတ်တစ်ခု ဖြစ်ပွားခဲ့ရာမှာ လျှို့ဝှက်အေးဂျင့်တွေက တာဝန်ပျက်ကွက်မှုတွေ အများကြီး ရှိခဲ့တယ်လို့ အမေရိကန် အထက်လွှတ်တော် အစီရင်ခံစာ တစ်စောင်က ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ယူကရိန်းအတွက် အမေရိကန်လုပ် Patriot လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံး စနစ်တွေ ပေးပို့သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ချီးကျူးမြှောက်ပင့်ခဲ့ပြီး မြန်မာနိုင်ငံအပေါ် အမေရိကန် သတ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

သတင်း

အမေရိကန်နိုင်ငံ၊ တက္ကဆက်စ်ပြည်နယ် အလယ်ပိုင်းမှာ ရေကြီးတုန်းက ဖက်ဒရယ် အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီ (FEMA)ဟာ အရေးတကြီး ဖုန်းဆက် အကူအညီ တောင်းခံမှုတွေ အရေအတွက် ထောင်နဲ့ချီပြီ ပြန်မဖြေနိုင်ခဲ့ဘူးလို့ သိရပါတယ်။