Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တက္ကဆက်စ် ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ မြင့်တက်လာ

အမေရိကန်နိုင်ငံ၊ တက္ကဆက်စ် ပြည်နယ်မှာ ရုတ်တရက် ရေကြီးမှုတွေကြောင့် သေဆုံးသူ ဦးရေဟာ ၈၀ နီးပါးထိ မြင့်တက်လာပြီ ဖြစ်ပါတယ်။

The New York Times

အမေရိကန်နိုင်ငံ၊ တက္ကဆက်စ် ပြည်နယ်မှာ ရုတ်တရက် ရေကြီးမှုတွေကြောင့် သေဆုံးသူ ဦးရေဟာ ၈၀ နီးပါးထိ မြင့်တက်လာပြီ ဖြစ်ပါတယ်။

ဇူလိုင် ၄ ရက်နေ့က မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် တက္ကဆက်စ်ရဲ့ ကားရ်ခရိုင် အပါအဝင် ဒေသတချို့မှာ ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ ဇူလိုင် ၇ ရက် မနက်ပိုင်းထိ စာရင်းအရ ကလေး ၂၈ ယောက် အပါအဝင် စုစုပေါင်း ၇၈ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုထားပြီး ဒေသတွင်းက အပျော်တမ်း ရွက်ဖျင်စခန်း တစ်ခုမှာ ရှိနေခဲ့တဲ့ မိန်းကလေးငယ် ၁၀ ယောက်နဲ့ စခန်းရဲ့ ဝန်ထမ်းတစ်ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် မြစ်ရေတွေပါ လျှံရာက ဆိုးဆိုးရွားရွား ရေကြီးမှုတွေ စတင်လာခဲ့တာပါ။ အခုသီတင်းပတ်ထဲမှာလည်း မုန်တိုင်းဆန်တဲ့ ရာသီဥတုမျိုး တက္ကဆက်စ်မှာ ဆက်လက် ကြုံနေရမှာဖြစ်ပြီး အသေအပျောက် မြင့်တက်လာနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

သုံးရက်ကြာ ရေကြီးမှုတွေ အပြီးမှာတော့ တက္ကဆက်စ် ပြည်နယ် သမိုင်းတလျှောက် အကြီးကျယ်ဆုံးထဲက တစ်ခုဖြစ်ခဲ့တဲ့ ကယ်ဆယ်ရေး မစ်ရှင်တွေဟာ ရုပ်အလောင်းတွေ ပြန်ရှာတွေ့ရေး မစ်ရှင်အဖြစ် ပြောင်းလဲလာပါတယ်။ ပြန်ရထားတဲ့ အလောင်း ၇၈ လောင်းထဲမှာ လူကြီး ၁၈ ဦးနဲ့ ကလေး ၁၀ ဦးကိုပဲ ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားသိရှိသေးတယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တက္ကဆက်စ် ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက် အက်ဘော့တ်က ရေဘေးသင့် ဧရိယာတွေကို ကိုယ်တိုင်သွားရောက် စစ်ဆေးခဲ့ပြီး ပျောက်ဆုံးနေသူတွေထဲက နောက်ဆုံးတစ်ဦးမကျန် ရှာတွေ့တဲ့ထိ မဆုတ်မနစ် ဆက်ကြိုးစားပေးမယ်လို့ ကတိပြုထားပါတယ်။

လတ်တလောမှာတော့ ကယ်ဆယ်ရေး မစ်ရှစ်တွေဟာ Camp Mysticလို့ခေါ်တဲ့ အပျော်တမ်း ရွက်ဖျင်တဲထိုး စခန်းတဝိုက်ကို အဓိက အာရုံစိုက် လှုပ်ရှားနေပါတယ်။ ဒေသတွင်းမှာ ဖြတ်သန်းစီးဆင်းတဲ့ အဓိက မြစ်တစ်စင်းဖြစ်တဲ့ ဂွာဒါလူပီရဲ့ ရေမျက်နှာပြင်ဟာ ၄၅ မိနစ်အတွင်း ၂၆ ပေလောက် ရုတ်တရက် မြင့်တက်လာရာကနေ အခုလို ထင်မှတ်မထားတဲ့ ကပ်ဘေးနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

အပန်းဖြေစခန်းရဲ့ ဒါရိုက်တာ ရစ်ချတ်အိစ်လန်းနဲ့ ဧည့်သည် ကလေးငယ်တွေလည်း သေဆုံးစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ကယ်ဆယ်ရေးကိုတော့ အာဏာပိုင် အဖွဲ့အစည်းတွေသာ မကဘဲ ဒေသခံ စေတနာ့ ဝန်ထမ်းတွေကပါ ပူးပေါင်း ကူညီပေးနေကြပါတယ်။ တချို့ကလေးတွေရဲ့ အလောင်းကိုတော့ ရွက်ဖျင်တဲ စခန်းရဲ့ အောက်ဖက် ၈ မိုင်လောက် အကွာမှာ ရှာတွေ့ခဲ့ကြပါတယ်။

ဇူလိုင် ၄ ရက်ဟာ အမေရိကန်ရဲ့ လွတ်လပ်ရေးနေ့၊ အားလပ်ရက် အပန်းဖြေကာလ ဖြစ်တာကြောင့် အဲဒီစခန်းမှာ လူတွေ အရမ်းစည်ကားနေခဲ့ပါတယ်။ ရေပြန်ကျသွားတဲ့ တချို့နေရာတွေမှာတော့ ဖရိုဖရဲ ပျက်စီးပြီး ကျန်ခဲ့တဲ့ အိမ်တွေ၊ လဲပြိုနေတဲ့ သစ်ပင်တွေနဲ့ အပျက်အစီးတွေ မွစာကြဲပြီး ကျန်နေခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကားရ်ခရိုင်ကို အရေးပေါ် သဘာဝ ကပ်ဘေးသင့် နယ်မြေအဖြစ် ကြေညာခဲ့ပြီး ဖက်ဒရယ် အစိုးရ လက်အောက်ခံ အရေးပေါ် အကူအညီပေးရေး အဖွဲ့တွေကို တက္ကဆက်စ်ဆီ ဇူလိုင် ၆ ရက်နေ့မှာ စတင်စေလွှတ်ခဲ့ပါတယ်။ သူက အခုအပတ်ထဲမှာ ရေဘေးသင့် ဇုန်တွေဆီ ကိုယ်တိုင်သွားရောက်မယ်လို့လည်း ပြောပါတယ်။

တက္ကဆက်စ်မှာရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ တောက်လျှောက် အနီးကပ် ချိတ်ဆက်နေကြောင်း၊ ဖြစ်ပျက်သွားခဲ့တာတွေက အရမ်းကို ဆိုးရွားလွန်းကြောင်း ထရမ့်က မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ရေဘေးကယ်ဆယ်ရေး စစ်ကောင်စီ စနစ်တကျမစီမံနိုင်လို့ အန္တရာယ်ပိုကြီးလာ

သတင်း

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပိုင်းဆက်သွယ်ထားတဲ့ တံတားတစ်စင်း ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ကိုင်သူတွေက ပြောပါတယ်။