Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေးကို ထရမ့်နဲ့ ချားလ်စ်ဘုရင် အပြန်အလှန် ချီးကျူး

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ နိုင်ငံတော် ခရီးစဉ် အတောအတွင်း သူနဲ့ ဗြိတိန်ရဲ့ ချားလ်စ်ဘုရင်တို့ဟာ နှစ်နိုင်ငံ ဆက်ဆံရေး မြဲမြံအားကောင်းမှုတွေကို အပြန်အလှန် ချီးကျူးခဲ့ကြပါတယ်။

ဓာတ်ပုံ - The New York Times

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ နိုင်ငံတော် ခရီးစဉ် အတောအတွင်း သူနဲ့ ဗြိတိန်ရဲ့ ချားလ်စ်ဘုရင်တို့ဟာ နှစ်နိုင်ငံ ဆက်ဆံရေး မြဲမြံအားကောင်းမှုတွေကို အပြန်အလှန် ချီးကျူးခဲ့ကြပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့တုန်းက ဗြိတိန် တော်ဝင်မိသားစုဟာ ဝင်ဆာနန်းတော်မှာ ထရမ့်ကို နိုင်ငံတော် ဂုဏ်ပြု စားသောက်ပွဲကြီးနဲ့ တည်ခင်း ဧည့်ခံခဲ့ပါတယ်။ အဲဒီ အခမ်းအနားမှာ ချားလ်စ်ဘုရင်က မိန့်ခွန်းပြောခဲ့ရာမှာ နှစ်နိုင်ငံကြား နက်နက်ရှိုင်းရှိုင်း ခိုင်မာ အမြစ်တွယ်နေတဲ့ ဆက်ဆံရေးအကြောင်း အထူးအလေးပေးသွားခဲ့သလို အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ယဉ်ကျေးမှု၊ ကုန်သွယ်ရေးနဲ့ စစ်ရေး ဆက်သွယ်ပေါင်းကူးမှုတွေကို အရှည်ဆက်လက် ထိန်းသိမ်းထားဖို့လိုကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဗြိတိန်နဲ့ အမေရိကန် လူထုဟာ သူတို့ချစ်ခင်မြတ်နိုးတဲ့ စံတန်ဖိုးတွေကို ကာကွယ်ဖို့ သေတဲ့အထိ အတူလက်တွဲ တိုက်ခိုက်ခဲ့ကြတယ်လို့ ချားလ်စ်ဘုရင်က ဆိုပါတယ်။ သူက ထရမ့်ဟာ ကမ္ဘာပေါ်မှာ ကြားဝင် ညှိနှိုင်းပေးဖို့ လက်အဝင်ဆုံး စစ်ရေးပဋိပက္ခတွေကို ရှင်းလင်း အဖြေရှာပေးနိုင်ခဲ့သူ ဖြစ်တယ်လို့လည်း ချီးကျူးခဲ့ပါတယ်။ ပြီးတော့ အာဏာရှင် တစ်ဦးရဲ့ ရန်လို တိုက်ခိုက်မှုကို ကြုံတွေ့နေတဲ့ ယူကရိန်း နိုင်ငံကို အမေရိကန်က ဆက်လက် ကူညီ ပံ့ပိုးပေးနေဖို့ မျှော်လင့်ကြောင်းလည်း ချားလ်စ်ဘုရင်က ဆိုပါတယ်။

ထရမ့်ကလည်း အမေရိကန်-ဗြိတိန် ဆက်ဆံရေးကို အလေးအနက် ချီးကျူးခဲ့ပြီး ‘အထူး (special)’ဆိုတဲ့ ဝေါဟာရဟာ အဲဒီ ဆက်ဆံရေးရဲ့ နက်ရှိုင်းမှုကို အဓိပ္ပါယ် ဖွင့်ဆိုနိုင်ဖို့တောင် မလုံလောက်ဘူးလို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ဟာ ဗြိတိန်ကို ၂ ရက်ကြာ နိုင်ငံတော် အလည်အပတ် ခရီးစဉ် ရောက်ရှိနေပြီး စက်တင်ဘာ ၁၈ ရက်နေ့မှာတော့ သမ္မတကတော် မယ်လာနီယာ ထရမ့်ဟာ ဗြိတိန်ဘုရင့် မိဖုရားကြီး ကယ်မီလာ၊ အိမ်ရှေ့စံ ကြင်ရာတော် ကိတ်မစ်ဒယ်လ်တန်တို့နဲ့အတူ လူမှုရေး အခမ်းအနားတချို့ကို တက်ရောက်ဖို့ စီစဉ်ထားပါတယ်။

ထရမ့်ကလည်း ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာရဲ့ ကျေးလက်စံအိမ်ဆီ သွားရောက်လည်ပတ်ပြီး ခေါင်းဆောင်နှစ်ဦးကြား နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်ဆောင်မှာ ဖြစ်သလို သတင်းစာ ရှင်းလင်းပွဲတစ်ခုလည်း ကျင်းပမယ်လို့ သိရပါတယ်။

ထရမ့်နဲ့ ချားလ်စ်ဘုရင်တို့ အတူရှိနေခဲ့ချိန်မှာတော့ အပြန်အလှန် ဖော်ရွေရင်းနှီးမှုကို ပြသခဲ့ကြသလို ဗြိတိန် တော်ဝင် ဂုဏ်ပြုတပ်ဖွဲ့ကို အတူစစ်ဆေးနေချိန်မှာ ဘုရင်က ထရမ့်ကို စစ်သားတွေ ကိုင်ထားတဲ့ဓား ထိမိမှာစိုးလို့ သတိထားပါဆိုပြီး ကျီစယ် နောက်ပြောင်နေခဲ့ပါသေးတယ်။ စိန့်ဂျော့ဂျ် ဘုရားကျောင်းကြီးထဲ လှည့်လည် ကြည့်ရှုချိန်မှာ ထရမ့်က အရမ်းသဘောကျပြီး ဘယ်လောက်တောင် ခမ်းနားလိုက်သလဲဆိုတဲ့ စကားကို တဖွဖွ ပြောနေခဲ့ပါတယ်။ ပြီးတော့ တော်ဝင် မိသားစု မော်ကွန်းတိုက်ထဲမှာ စနစ်တကျ သိုမှီး စုဆောင်းထားတဲ့ အမေရိကန် လွတ်လပ်ရေးဆိုင်ရာ စာရွက်စာတမ်းတွေကိုလည်း ကြည့်ရှုခဲ့ပြီး တကယ့်ကို အထင်ကြီးလောက်စရာမျိုးလို့ ထရမ့်က အသိအမှတ်ပြုခဲ့ပါတယ်။

ထရမ့်ဟာ ချားလ်စ်ဘုရင်ရဲ့ မယ်တော် ဘုရင်မကြီး အဲလိဇဘက်သ်ကို လေးစားရင်းစွဲ ရှိသူဖြစ်ပြီး ဝင်ဆာရဲတိုက် ဝင်းထဲက ဘုရင်မကြီးရဲ့ အုတ်ဂူနေရာမှာလည်း အမှတ်တရ ပန်းစည်း ချထားခဲ့ပါတယ်။

နိုင်ငံတော် ခရီးစဉ်တွေဟာ နှစ်ဖက် ဆက်ဆံရေး ခိုင်မာအောင် တည်ဆောက်ဖို့ အဓိက ရည်ရွယ်တဲ့ သံတမန်ရေး အစီအမံလို့လည်း ဆိုနိုင်ပြီး ဗြိတိန် တော်ဝင်မိသားစုဟာ နိုင်ငံရဲ့ အရေးအပါဆုံး မိတ်ဖက်ဖြစ်တဲ့ အမေရိကန်အပေါ် ဘယ်လို သဘောထားသလဲ ဆိုတာကို မြင်သာအောင် ထင်ဟပ်ပြစေခြင်းလည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်နဲ့အတူ ဗြိတိန်မှာ စတာလင်ပေါင် ၁၅၀ ဘီလီယံဖိုး အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေ လာရောက် ဖြန့်ကျက်မယ့် အစီအစဉ်ကိုလည်း ကြိုတင် ကြေညာထားပါတယ်။

ထရမ့်ကို ကြိုဆိုတဲ့ ဂုဏ်ပြုတပ်ဖွဲ့မှာ ဗြိတိန်ရဲ့ ကြည်းတပ်၊ ရေတပ်၊ လေတပ် စစ်မှုထမ်း အင်အား ၁၃၀၀ လောက် ပါဝင်ခဲ့ပြီး ဒါဟာ ဗြိတိန်သမိုင်းမှာတော့ နိုင်ငံခေါင်းဆောင် တစ်ဦးကို ကြိုဆိုတဲ့ ဂုဏ်ပြုတပ်ဖွဲ့ဝင် ဦးရေအများဆုံး စံချိန်မှတ်တမ်းလည်း ဖြစ်ပါတယ်။

ထရမ့်ဟာ ဗြိတိန် တော်ဝင်လေတပ်ရဲ့ စတန့်အဖွဲ့ဖြစ်တဲ့ Red Arrowက အလှပြ ပျံသန်းခဲ့တဲ့ အစီအစဉ် တစ်ခုကိုလည်း တော်ဝင်မိသားစုနဲ့အတူ ရှုစားကြည့်ရှုခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်လုပ် F-35 တိုက်လေယာဉ်တွေလည်း အစွမ်းပြ ပျံသန်းမယ့် အစီအစဉ်ကိုတော့ ရာသီဥတု အခြေအနေအရ ဖျက်သိမ်းခဲ့ရကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။