Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါလက်စတိုင်းကို နိုင်ငံအဖြစ် ကုလသမဂ္ဂ ရှေ့မှောက်မှာ ပြင်သစ် တရားဝင် အသိအမှတ်ပြု

ပါလက်စတိုင်းကို အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြု ဆက်ဆံသွားမယ်လို့ ပြင်သစ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ ရှေ့မှောက်မှာ တရားဝင် ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

ပါလက်စတိုင်းကို အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြု ဆက်ဆံသွားမယ်လို့ ပြင်သစ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ ရှေ့မှောက်မှာ တရားဝင် ကြေညာခဲ့ပါတယ်။

စက်တင်ဘာ ၂၂ ရက်နေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂ ဌာနချုပ်မှာ ပြောကြားတဲ့ မိန့်ခွန်းအတွင်း ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က အဲဒီ ဆုံးဖြတ်ချက်ကို အတည်ပြုသွားခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်ဟာ ပါလက်စတိုင်းကို နိုင်ငံတစ်ခု အနေနဲ့ အသိအမှတ် ပြုသွားမယ်လို့ ဇူလိုင်လ ကတည်းက သဘောထား ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါတယ်။

ဒါဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အဓိက အနောက်အင်အားကြီး မဟာမိတ်တွေထဲမှာ ပါလက်စတိုင်းကို ပထမဆုံး အသိအမှတ်ပြုတဲ့ နိုင်ငံအဖြစ် ပြင်သစ်ကို မှတ်တမ်းဝင်သွားစေခဲ့ပါတယ်။ စက်တင်ဘာ ၂၁ ရက်နေ့မှာလည်း ဗြိတိန်၊ ဩစတြေးလျနဲ့ ကနေဒါတို့က ပြင်သစ်နည်းတူ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုကြမယ့်အကြောင်း အသီးသီး ကြေညာထားပြီး ဖြစ်ပါတယ်။

ဒီအခြေအနေတွေဟာ ပါလက်စတိုင်းအတွက် သံတမန်ရေး အောင်ပွဲလို့ ဆိုနိုင်ပေမယ့် အစ္စရေး အတွက်တော့ ခါးသီးတဲ့ ထိုးနှက်ချက် ဖြစ်လာပါတယ်။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ ပါလက်စတိုင်း နိုင်ငံဆိုတာ ဘယ်တော့မှ ပေါ်ထွန်းလာနိုင်မှာ မဟုတ်ဘူးလို့ ကြုံးဝါးထားပါတယ်။

Public Service Announcement

Public Service Announcement

မာခရွန်ကတော့ ကုလသမဂ္ဂ မိန့်ခွန်းထဲမှာ အရှေ့အလယ်ပိုင်းရဲ့ ငြိမ်းချမ်းရေး ကာလ ရောက်ရှိလာတော့မှာ ဖြစ်ကြောင်းနဲ့ လက်ရှိ ဂါဇာမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ ပတ်သက်ပြီး မျှတမှန်ကန်ပါတယ်လို့ ဘယ်လို အကြောင်းပြချက်ပေး ဖြေရှင်းမှုမျိုးမှ လုပ်လို့မရကြောင်း ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာတော့ အရှေ့အလယ်ပိုင်း ပဋိပက္ခနဲ့ ပတ်သက်ပြီး အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံ ပူးတွဲရပ်တည်ရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ တစ်ခုကို ပြင်သစ်နဲ့ ဆော်ဒီ အာရေးဘီးယားတို့က ကမကထပြုပြီး ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ စက်တင်ဘာ ၂၂ ရက်နေ့က အဲဒီ အစီအစဉ်ကို G7 အဖွဲ့ဝင် အင်အားကြီး နိုင်ငံတွေထဲက အမေရိကန်၊ ဂျာမနီနဲ့ အီတလီတို့ မတက်ရောက်ခဲ့ပါဘူး။

စက်တင်ဘာ ၂၁ ရက်နေ့မှာ ပါလက်စတိုင်းကို အသိအမှတ်ပြုကြောင်း ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျနဲ့ ပေါ်တူဂီတို့က ကြေညာခဲ့တဲ့နောက် ဘယ်လ်ဂျီယမ်၊ လူဇင်းဘတ်ဂ်၊ မော်လ်တာ၊ အန်ဒိုရာနဲ့ ဆန်မာရီနိုတို့ကလည်း အလားတူ သဘောထားတွေကို ကုလသမဂ္ဂ အထွေထွေ ညီလာခံ အတောအတွင်း အသိပေး ထုတ်ပြန်လာကြဖွယ် ရှိနေပါတယ်။

အစ္စရေးဖက်ကတော့ ပါလက်စတိုင်းကို အသိအမှတ်ပြုမယ့် နိုင်ငံအားလုံးရဲ့ သဘောထားကို ရှုတ်ချထားပြီး အဲဒီရွေးချယ်မှုဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့က အစ္စရေး ပိုင်နက်ကို နယ်ကျော် အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ကို ဆုချလိုက်တာနဲ့ အတူတူပဲလို့ စွပ်စွဲထားပါတယ်။ ဟားမားစ်တွေရဲ့ အဲဒီ တိုက်ခိုက်မှုကို အစ္စရေးက လက်တုံ့ပြန်ရာက ဂါဇာစစ်ပွဲ စတင်ခဲ့တာ ၂ နှစ်နီးပါး ကြာလာပြီဖြစ်ပြီး အရပ်သား အများအပြား အပါအဝင် ပါလက်စတိုင်း ၆၅၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ပြင်သစ်နဲ့ ဗြိတိန် အစိုးရတွေကတော့ ပါလက်စတိုင်းရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို လက်ခံခြင်းဟာ ဟားမားစ်ကို ထောက်ခံတာ မဟုတ်ကြောင်း အခိုင်အမာ ငြင်းဆိုထားပြီး အကြမ်းဖက် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ဟားမားစ်ဟာ ပါလက်စတိုင်းရဲ့ အနာဂတ်မှာ လုံးဝ ပါဝင်ခွင့် မရစေရဘူးလို့ သဘောထား ထုတ်ပြန်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံမှာ ရထားတစ်စီး သံလမ်းချော်မှု ဖြစ်ပွားပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ ပါလက်စတိုင်း အရပ်သားတွေပါ အများအပြား သေဆုံးမယ်ဆိုတာ သိလျက်နဲ့ အစ္စရေး စစ်တပ်က အသုံးပြုခဲ့တဲ့ တိုက်ခိုက်မှု နည်းလမ်းတွေအကြောင်း မှတ်တမ်းရုပ်ရှင်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။