Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြေရှားသတ္တု ထုတ်လုပ်ရေးဆိုင်ရာ သဘောတူညီမှုကို အမေရိကန်နဲ့ ဩစတြေးလျ လက်မှတ်ရေးထိုး

ဩစတြေးလျမှာ မြေရှားသတ္တုတွေ တူးဖော် ထုတ်လုပ်ရေးအတွက် အမေရိကန်နဲ့ ဩစတြေးလျ အစိုးရတွေကြား သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

ဓာတ်ပုံ - The New York Times

ဩစတြေးလျမှာ မြေရှားသတ္တုတွေ တူးဖော် ထုတ်လုပ်ရေးအတွက် အမေရိကန်နဲ့ ဩစတြေးလျ အစိုးရတွေကြား သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

အောက်တိုဘာ ၂၀ ရက်နေ့က အိမ်ဖြူတော်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဩစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နိစ်ကို လက်ခံ တွေ့ဆုံခဲ့သလို နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် တချို့ကို ပူးပေါင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

အဲဒီ သဘောတူညီချက်တွေထဲမှာတော့ ခေတ်သစ် နည်းပညာမြင့် ကုန်ထုတ် လုပ်ငန်းတွေအတွက် အထူးလိုအပ်တဲ့ သတ္တုတွေ တူးဖော် ထုတ်လုပ်ရေး၊ ကာကွယ်ရေး ကဏ္ဍတွေလည်း ပါဝင်ခဲ့တယ်လို့ အယ်လ်ဘန်နိစ်က ဆိုပါတယ်။

မြေရှားသတ္တု စျေးကွက်ကို ထိန်းချုပ်ထားတဲ့ တရုတ်ကို တန်ပြန်ဖို့ ကြိုးစားနေတဲ့ ထရမ့်အတွက်တော့ ဩစတြေးလျနဲ့ ရရှိခဲ့တဲ့ သဘောတူညီမှုဟာ အရေးပါတဲ့ ခြေလှမ်းတစ်ခုလို့လည်း သတ်မှတ်နိုင်ပါတယ်။ အယ်လ်ဘန်နိစ်က မြေရှားသတ္တု တူးဖော်ထုတ်လုပ်ရေးဆိုင်ရာ သဘောတူညီချက်ရဲ့ စာချုပ်တန်ဖိုးဟာ ဒေါ်လာ ၈.၅ ဘီလီယံဖိုးလောက် ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ဟာ ဩစတြေးလျ သတ္တု တူးဖော်ရေး လုပ်ငန်းတွေမှာ ပါဝင်မြှုပ်နှံမှာ ဖြစ်သလို မြေရှားသတ္တု စာရင်းဝင် ဂယ်လီယမ် ဓာတ်သတ္တု သန့်စင်ထုတ်လုပ်ရေး စက်ရုံတစ်ခုကိုလည်း အနောက်ဩစတြေးလျ ပြည်နယ်မှာ လည်ပတ်စေဖို့ နှစ်နိုင်ငံ ညှိနှိုင်း သဘောတူခဲ့ပါတယ်။

တခြားတစ်ဖက်မှာတော့ ထရမ့်က ဩစတြေးလျအတွက် အမေရိကန်ရဲ့ နျူကလီးယား စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေ ရောင်းချပေးမယ့် ကိစ္စကိုလည်း အခိုင်အမာ ကတိပြုခဲ့ပါတယ်။ နျူကလီးယား စွမ်းအင် အသုံးပြုပေမယ့် နျူကလီးယားလက်နက် တပ်ဆင်ထားမှာ မဟုတ်တဲ့ အဲဒီ ရေငုပ်သင်္ဘောတွေဟာ နိုင်ငံရဲ့ ကမ်းလွန်ရေပြင်မှာ ပိုမို အင်အားချဲ့ထွင် လှုပ်ရှားလာနေတဲ့ တရုတ်ကို တန်ပြန်ဖို့ ဩစတြေးလျအတွက် အထူးတလည် လိုအပ်နေပါတယ်။

အဲဒီ ရေငုပ်သင်္ဘောတွေ ရောင်းချရေးကို အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်ထက်က သဘောတူခဲ့တာ ဖြစ်ပေမယ့် ထရမ့် လက်ထက်မှာတော့ ပြန်လည် သုံးသပ် စစ်ဆေးမယ်လို့ ပြောကြားခဲ့တဲ့အတွက် မရေမရာ အခြေအနေတွေ ကြုံလာပါသေးတယ်။ အခုတော့ ထရမ့်က မူလ သဘောတူညီချက်အတိုင်း နှောင့်နှေးမှုမရှိ ရှေ့ဆက်မယ့်အကြောင်း မီးစိမ်းပြလိုက်တာ ဖြစ်ပါတယ်။

ဩစတြေးလျဟာ တူးဖော် ထုတ်လုပ်မှု မရှိသေးတဲ့ ဓာတ်သတ္တု သယံဇာတသိုက်တွေ အရမ်းကြွယ်ဝပြီး အဲဒါတွေကို ထိထိရောက်ရောက် ထုတ်လုပ်နိုင်မယ်ဆိုရင် ကမ္ဘာ့ မြေရှားသတ္တု စျေးကွက်ကို တရုတ်ရဲ့ လက်ဝါးကြီး အုပ်ထားနိုင်စွမ်း လျော့ကျသွားစေမယ်လို့ ယူဆကြောင်းလည်း အယ်လ်ဘန်နိစ်က ဆိုပါတယ်။ မြေရှား သတ္တုတွေဟာ ခေတ်သစ် နည်းပညာမြင့် အီလက်ထရောနစ် ပစ္စည်းတွေ၊ စစ်လက်နက်တွေ ထုတ်လုပ်ရာမှာ မရှိမဖြစ် လိုအပ်တဲ့ ကုန်ကြမ်းပါ။ တရုတ်ဟာ ကမ္ဘာတလွှားက မြေရှားသတ္တု ထုတ်လုပ်မှု ၇၀ ရာခိုင်နှုန်းလောက်နဲ့ သန့်စင်မှု ၉၀ ရာခိုင်နှုန်းလောက်ကို ချုပ်ကိုင်ထားပါတယ်။

ထရမ့်ဟာ တရုတ်အပေါ် ကုန်သွယ်ရေးအရ ဖိအားပေးမယ့် မူဝါဒတွေ တင်းကျပ်သတ်မှတ်လိုပေမယ့် အဲဒီ အခြေအနေကို ညှိနှိုင်းယူဖို့ မြေရှားသတ္တုဟာ တရုတ်ရဲ့ ဝှက်ဖဲ ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက တရုတ်ဟာ မြေရှားသတ္တု တင်ပို့မှုတွေကို ပိုမို စည်းမျဉ်း တင်းကျပ်မယ်လို့ ပြောကြားခဲ့တာကြောင့် ထရမ့်က တရုတ်ရဲ့ သွင်းကုန်တွေအပေါ် အခွန်တွေ တိုးမြှင့် စည်းကြပ်ပြီး တုံ့ပြန်မယ်လို့ သတိပေးခဲ့ပါသေးတယ်။

အမေရိကန်-ဩစတြေးလျ သဘောတူညီမှုအရ လာမယ့် ၆ လတာအတွင်း နှစ်နိုင်ငံစလုံးမှာ မြေရှားသတ္တု တူးဖော်ရေးနဲ့ သန့်စင်ရေးဆိုင်ရာ လုပ်ငန်းတွေအတွက် နှစ်နိုင်ငံပေါင်း ကနဦး ဒေါ်လာ ၃ ဘီလီယံ မြှုပ်နှံသွားမယ်လို့ သိရပါတယ်။

ဩစတြေးလျဟာ မြေရှားသတ္တု စာရင်းဝင် သတ္တုရိုင်းတွေ ပေါပေါများများ ထွက်ရှိပေမယ့်လည်း လုပ်ငန်းသုံးအဆင့် သန့်စင်ပြီးတဲ့ အခြေအနေထိ ရောက်ဖို့ ဆိုရင်တော့ အမေရိကန်လိုပဲ တရုတ်အပေါ် မှီခိုထားရဆဲ ဖြစ်ပါတယ်။

ကိုးကား: Bloomberg

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နီဗားဒါး ပြည်နယ်မှာရှိတဲ့ အမေရိကန် လေတပ်ရဲ့ လျှို့ဝှက်စခန်း Area 51 နားထိ တောမီးတွေ ပျံ့နှံ့ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။