Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါကစ္စတန်မှာ သမ္မတနဲ့အတူ စစ်တပ် အကြီးအကဲကိုပါ ရာသက်ပန် ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေး

စစ်တပ် အကြီးအကဲကို ရာသက်ပန် ပြစ်ဒဏ် ကင်းလွတ်ခွင့်ပြုဖို့ ပါကစ္စတန် လွှတ်တော်က မဲခွဲ အတည်ပြုခဲ့ကြောင်း သိပါတယ်။

ဓာတ်ပုံ - EPA

စစ်တပ် အကြီးအကဲကို ရာသက်ပန် ပြစ်ဒဏ် ကင်းလွတ်ခွင့်ပြုဖို့ ပါကစ္စတန် လွှတ်တော်က မဲခွဲ အတည်ပြုခဲ့ကြောင်း သိပါတယ်။

ပါကစ္စတန်မှာ စစ်တပ်ဟာ ဩဇာအကြီးဆုံး အဖွဲ့အစည်း တစ်ခုဖြစ်ပြီး နိုင်ငံရေး မူဝါဒတွေ အပေါ်မှာလည်း ခြယ်လှယ်နိုင်စွမ်း ကြီးကြီးမားမား ရှိပါတယ်။ အခု သီတင်းပတ်မှာတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ အဆိုပြုချက်တွေကို လွှတ်တော်က မဲပေး ဆုံးဖြတ်ခဲ့ပြီး စစ်တပ် အကြီးအကဲ အာဆင်မ် မူနာအတွက် နောက်ထပ် လုပ်ပိုင်ခွင့် ပါဝါအသစ်တွေ အပ်နှင်းလိုက်တဲ့အပြင် ရာသက်ပန် ပြစ်ဒဏ် ကင်းလွတ်ခွင့်ကိုပါ ပြဋ္ဌာန်း အတည်ပြုပေးလိုက်တာပါ။

လွှတ်တော်ရဲ့ အတည်ပြုချက်အရ မူနာဟာ သူအသက်ရှင်နေသမျှ ကာလပတ်လုံး ဖမ်းဆီးတာ၊ တရားစွဲဆိုတာတွေကို ခံရတော့မှာ မဟုတ်ပါဘူး။ တစ်ဖက်မှာတော့ ဒီကိစ္စဟာ အာဏာရှင် လမ်းစဉ်ဆီ ပီပီပြင်ပြင်ကြီး ဦးတည်နေတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ ပြင်ဆင်သတ်မှတ်ချက်အရ ပါကစ္စတန်ရဲ့ တရားစီရင်ရေး ကဏ္ဍမှာ ကြီးမားတဲ့ မူဝါဒ အပြောင်းအလဲတွေလည်း ရှိလာတော့မှာပါ။ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်မှုကို ထောက်ခံသူတွေကတော့ ဒီသတ်မှတ်ချက်ကြောင့် စစ်တပ်ရဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ပိုင်ခွင့်တွေမှာ ပိုမိုရှင်းလင်းပြတ်သား တိကျတဲ့ အခြေအနေမျိုးကို ထောက်ပံ့ပေးနိုင်ပြီး မလိုလားအပ်တဲ့ တရားရေး အရှုပ်အထွေးတွေကို ရှောင်ကွင်းနိုင်မယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

နျူကလီးယား လက်နက်ပိုင် ပါကစ္စတန် နိုင်ငံရဲ့ နိုင်ငံရေးနယ်ပယ်မှာတော့ စစ်တပ်ဟာ နောက်ကွယ်ကနေ အဓိက ခြယ်လှယ်တဲ့ အင်အားစုအဖြစ် နှစ်ရှည်လများ ရပ်တည်နေပါတယ်။ တစ်ခါတလေမှာတော့ အဲဒီ အာဏာနဲ့ လုပ်ပိုင်ခွင့် တည်မြဲဖို့အတွက် စစ်အာဏာသိမ်းတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

အခု ဥပဒေ အပြောင်းအလဲကတော့ ပါကစ္စတန်ဆိုတာ အရပ်သားနဲ့ စစ်တပ် ပူးတွဲအုပ်ချုပ်နေတဲ့ နိုင်ငံဆိုတာ ပိုပြီး မြင်သာသွားစေတယ်လို့ နိုင်ငံရေး အကဲခတ် တချို့က ပြောပါတယ်။ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ရာမှာတော့ လက်ရှိ သမ္မတဟာလည်း ရာသက်ပန် ပြစ်မှုပြစ်ဒဏ် ကင်းလွတ်ခွင့်ကို ခံစားရရှိမယ်လို့ သတ်မှတ်ထားပါတယ်။ အဲဒီ အဆိုပြုချက်ကို လွှတ်တော်အမတ် သုံးပုံနှစ်ပုံက ထောက်ခံမဲပေးပြီး အတည်ပြုခဲ့ကြပါတယ်။

နိုင်ငံတချို့မှာ ဒီမိုကရေစီ စနစ်နဲ့အညီ ရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတတွေကို ရာသက်ပန် ပြစ်ဒဏ်ကင်းလွတ်ခွင့် ပြုတာမျိုး ရှိနှင့်ပြီး ဖြစ်ပေမယ့် သမ္မတနဲ့တန်းတူ စစ်တပ် အကြီးအကဲကိုပါ အခုလို အခွင့်ထူးမျိုး ပေးအပ်တာကတော့ ရှားပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ချက်အရ ၂၀၂၂ ကတည်းက ပါကစ္စတန် ကြည်းတပ်ရဲ့ အကြီးအကဲအဖြစ် တာဝန်ယူခဲ့တဲ့ မူနာရဲ့ လက်အောက်ကို ရေတပ်နဲ့ လေတပ်ရဲ့ စီမံခန့်ခွဲခွင့်တွေပါ ရောက်ရှိသွားမှာပါ။ တစ်နည်းအားဖြင့် မူနာဟာ လက်နက်ကိုင် တပ်အားလုံးရဲ့ အကြီးအမှူးအဖြစ် လုပ်ပိုင်ခွင့် ပိုပြီး တိုးမြှင့် ရရှိသွားမှာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ဆန္ဒပြနေတဲ့ လူစုလူဝေးကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲမှုကြောင့် ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး မိုင်းလုပ်သား ၃၄ ဦးထက်မနည်း သေဆုံးသွားပါတယ်။

နိုင်ငံတကာ

ပါကစ္စတန်က အလွတ်စာသင်ကျောင်း (ကျူရှင်)တစ်ခုမှာ အမိုးပြိုကျမှု ဖြစ်ပွားပြီး ကလေး ၁၄ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

နယ်စပ်တလျှောက် အာဖဂန် နစ္စတန် ပိုင်နက်ထဲက နေရာတချို့ကို ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး အရပ်သား သေဆုံးမှုတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။