Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကာကွယ်ရေး အသုံးစရိတ်သစ် ဒေါ်လာ ၉၀၁ ဘီလီယံကို အမေရိကန် လွှတ်တော် အတည်ပြုပေး

လာမယ့် ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၉၀၁ ဘီလီယံထိ အသုံးပြုခွင့်ပေးဖို့ ဥပဒေ မူကြမ်းကို အမေရိကန် လွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။

ဓာတ်ပုံ - US Army

လာမယ့် ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၉၀၁ ဘီလီယံထိ အသုံးပြုခွင့်ပေးဖို့ ဥပဒေ မူကြမ်းကို အမေရိကန် လွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။

ဒီဇင်ဘာ ၁၇ ရက်နေ့က အမေရိကန် အထက်လွှတ်တော်ဟာ အမျိုးသား ကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ ၂၀၂၆ ကို အပြီးသတ် ညှိနှိုင်း သဘောတူပြီးတဲ့နောက် လက်တွေ့ အသက်သွင်းဖို့ အိမ်ဖြူတော်ဆီ ပေးပို့ခဲ့ပါတယ်။ အဲဒီ ဥပဒေ မူကြမ်းကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုးပြီးတဲ့ အခါမှာတော့ လက်တွေ့ စတင် အသက်ဝင်မှာပါ။

ကာကွယ်ရေး အသုံးစရိတ်သစ်နဲ့ ပတ်သက်လို့ ညှိနှိုင်းရတဲ့ အပိုင်းတွေ ရှိခဲ့ပေမယ့်လည်း အာဏာရနဲ့ အတိုက်အခံ အမတ်အများစုရဲ့ ထောက်ခံချက်အရ ၇၇ မဲ၊ ၂၀ မဲနဲ့ အတည်ပြုနိုင်ခဲ့ပါတယ်။

ကာကွယ်ရေး အသုံးစရိတ်နဲ့ ပတ်သက်တဲ့ သဘောတူညီချက်ကို အမေရိကန် လွှတ်တော်ဟာ ၆၅ နှစ်ဆက်တိုက် အထစ်အငေါ့ မရှိဘဲ သဘောတူနိုင်ခဲ့တယ်လို့ အမေရိကန် အထက်လွှတ်တော်ရဲ့ လက်နက်ကိုင် တပ်ဖွဲ့များရေးရာ ကော်မတီ အကြီးအကဲ ရိုဂျာဝစ်ကာက ပြောကြားခဲ့ပါတယ်။ ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်ကတော့ ဒေါ်လာ ၈၅၀ ဘီလီယံ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကာကွယ်ရေး အသုံးစရိတ်နဲ့ ပတ်သက်လို့ လွှတ်တော် နှစ်ရပ်ရဲ့ ဥက္ကဋ္ဌတွေက ကိုယ်ပိုင် လိုလားချက် အသီးသီးကို တင်ပြခဲ့ပြီး အောက်လွှတ်တော်မှာတော့ လွန်ခဲ့တဲ့ တစ်ပတ်က နောက်ဆုံး မူကြမ်းကို မဲခွဲ အတည်ပြုနိုင်ခဲ့ပါတယ်။ အဲဒီမူကြမ်းကိုပဲ အထက်လွှတ်တော် မဲခွဲမှုမှာလည်း လျှောလျှောရှူရှူ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ မူကြမ်းအရ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရဟာ ဒေါ်လာ သန်း ၄၀၀ စီကို လာမယ့် ၂ နှစ်ဆက်တိုက် ယူကရိန်းအတွက် စစ်လက်နက်တွေ ထုတ်လုပ်ပြီး ရောင်းချပေးဖို့ ခွဲတမ်း သတ်မှတ်ထားရမှာ ဖြစ်ပါတယ်။ နောက်ပြီး မဟာမိတ်တွေနဲ့ တိုက်ရိုက် အကြံယူ ဆွေးနွေးမှု မရှိဘဲ ဥရောပနဲ့ တောင်ကိုရီးယား အခြေစိုက် အမေရိကန် တပ်တွေ ရုပ်သိမ်းခွင့်ကိုလည်း ပြန်ကန့်သတ်ထားပါတယ်။ ထရမ့်ဟာ အမေရိကန် မဟာမိတ်တွေ အနေနဲ့ အမေရိကန်အပေါ် ကာကွယ်ရေး ကဏ္ဍအတွက် မှီခိုနေတာတွေ လျှော့ချသင့်ပြီလို့ အစဉ်တစိုက် ဝေဖန် ပြောဆိုခဲ့သူ ဖြစ်ပါတယ်။

လာမယ့် ဘဏ္ဍာရေး နှစ်သစ်အတွက် ကာကွယ်ရေး အသုံးစရိတ်တွေထဲမှာ ဒေါ်လာ ၂၆ ဘီလီယံကို သင်္ဘောတွေ တည်ဆောက်ဖို့၊ ၃၈ ဘီလီယံကို လေယာဉ်တွေ ဝယ်ယူဖို့၊ ၂၅ ဘီလီယံကို ခဲယမ်းမီးကျောက်တွေ ထုတ်လုပ်ဖို့ စသဖြင့် သတ်မှတ်ထားပါတယ်။

ဥပဒေ မူကြမ်းအရ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်ဟာ ဗင်နီဇွဲလားရဲ့ မူးယစ်မှောင်ခို စက်လှေတွေလို့ စွပ်စွဲခံရတဲ့ ရေယာဉ်တွေကို တိုက်ခိုက် နှစ်မြှုပ်တဲ့ မှတ်တမ်း ဗီဒီယိုတွေကို တည်းမဖြတ်ဘဲ လွှတ်တော်ဆီ တင်ပြရမှာဖြစ်ပြီး အဲဒီမတိုင်ခင် အတောအတွင်း ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ရဲ့ ခရီးသွားလာခွင့် အသုံးစရိတ်ကို လေးပုံတစ်ပုံထိ လျှော့ချ ကန့်သတ်ထားမယ်လို့လည်း သိရပါတယ်။

စက်တင်ဘာ ၂ ရက်နေ့တုန်းက အမေရိကန် စစ်တပ်ဟာ အသက်ရှင်သူတွေ ကျန်နေတဲ့ လှေတစ်စီးကို ဒုတိယအကြိမ် တိုက်ခိုက်ပြီး နှစ်မြှုပ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျင့်ဝတ်ရေးရာ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေချိန်မှာ လွှတ်တော်က တိုက်ခိုက်မှု အားလုံးရဲ့ ဗီဒီယိုတွေကို ထုတ်ပြဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ အဲဒီ တိုက်ခိုက်မှုရဲ့ တည်းဖြတ်မထားတဲ့ ဗီဒီယို တစ်ခုကိုတော့ လွှတ်တော်ရှေ့မှောက်မှာ ပြသပြီးပါပြီ။

ဒီဗီဒီယိုကို အမေရိကန် ပြည်သူတွေရှေ့မှာ ထင်ရှားမြင်သာအောင် ထုတ်ပြသင့်ကြောင်း တောင်းဆိုမှုတွေလည်း ရှိနေပေမယ့် ဟက်ဂ်ဆက်သ်ကတော့ အထက်နဲ့အောက် လွှတ်တော်မှာပဲ ပြသမှာ ဖြစ်တယ်လို့ အခိုင်အမာ ပြောကြားထားပါတယ်။

အမေရိကန်ရဲ့ ကာကွယ်ရေး အသုံးစရိတ် ဥပဒေ မူကြမ်းကို လာမယ့်ရက်ပိုင်းအတွင်း ထရမ့်က အတည်ပြု လက်မှတ်ရေးထိုးသွားဖွယ် ရှိနေပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပိတ်ဆို့ အရေးယူထားတဲ့ ဗင်နီဇွဲလား ရေနံတွေနဲ့ ဆက်စပ်တဲ့ နောက်ထပ် ရေနံတင် သင်္ဘောတစ်စီးကို ကြားဖြတ် ဖမ်းဆီးခဲ့ကြောင်း အမေရိကန် စစ်တပ်က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ မစ်ချီဂန် ပြည်နယ်ထဲမှာ နှင်းတွေ ထူထူထပ်ထပ် ကျရောက်နေရာကနေ ကားအစီး ၁၀၀ လောက်ဆင့်ပြီး ယာဉ်တိုက်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

အီရတ်အစိုးရရဲ့ ဖက်ဒရယ် အုပ်ချုပ်မှု ပိုင်နက်ထဲမှာ တပ်စွဲထားသမျှ အမေရိကန် တပ်တွေအားလုံး ရုပ်သိမ်းသွားပြီလို့ အီရတ် အစိုးရက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ နိုင်ငံခြားရေး မူဝါဒဟာ အနောက်ကမ္ဘာခြမ်းကို ကြီးစိုးဖို့ဖြစ်ကြောင်း ပိုပြီး သိသာ ထင်ရှားလာပါတယ်။ အဲဒီ အခြေအနေက ကမ္ဘာ့အရှေ့ခြမ်းနဲ့ အာရှရဲ့ နိုင်ငံတကာရေးရာ အခင်းအကျင်းတွေအပေါ် သက်ရောက် ပြောင်းလဲမှုတွေ ရှိလာစေပါလိမ့်မယ်။