အမေရိကန်နိုင်ငံက ဘရောင်းတက္ကသိုလ် ပစ်ခတ်မှုရဲ့ အဓိက သံသယ တရားခံကို သေဆုံးလျက်သား ရှာတွေ့ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
ရုဒ်အိုင်းလန်း ပြည်နယ်မှာရှိတဲ့ ဘရောင်းတက္ကသိုလ်မှာ ဒီဇင်ဘာ ၁၃ ရက်နေ့က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့တာပါ။ တက္ကသိုလ် ကျောင်းသားဟောင်း အသက် ၄၈ နှစ်အရွယ် ပေါ်တူဂီ နိုင်ငံသား ကလော်ဒီယို နီဗက်စ် ဗလန်တေးဟာ စာမေးပွဲ ဖြေဖို့ ပြင်ဆင်နေတဲ့ ကျောင်းသားတွေကို ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် ၂ ဦးသေပြီး ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။
အဲဒီနောက် ထွက်ပြေး လွတ်မြောက်သွားခဲ့တဲ့ သံသယ တရားခံကို ရဲတွေက ၅ ရက်ကြာ အပူတပြင်း လိုက်လံရှာဖွေခဲ့ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့မှာတော့ မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ် (MIT)ရဲ့ ရူပဗေဒ ပါမောက္ခ တစ်ဦးဖြစ်သူ နူနို လော်ရီရိုဟာလည်း မက်ဆာချူးဆက်မှာရှိတဲ့ သူ့ရဲ့ နေအိမ်မှာ ပစ်ခတ်ခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာလည်း ဘရောင်းတက္ကသိုလ် ပစ်ခတ်မှုနဲ့ တိုက်ရိုက် ဆက်နွှယ်နေတယ်လို့ ရဲတွေက ယူဆခဲ့ပါတယ်။ လော်ရီရိုကို ဆေးရုံတင်ပို့ခဲ့ပေမယ့် ဒဏ်ရာပြင်းလွန်းတာကြောင့် နောက်တစ်နေ့မှာ သေဆုံးသွားပါတယ်။
ဒီဇင်ဘာ ၁၈ ရက်နေ့မှာတော့ နယူးဟမ့်ရှိုင်းယားမှာရှိတဲ့ ကုန်လှောင် ဧရိယာ တစ်ခုမှာ ဗလန်တေးကို သေနတ်ဒဏ်ရာနဲ့ သေဆုံးလျက်သား ရဲတွေက ရှာတွေ့ခဲ့ပါတယ်။ အဲဒီနေရာမှာ သူက ကုန်လှောင်ခန်း တစ်ခုကို ငှားရမ်းထားပါတယ်။ ဗလန်တေးဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်လို့ ယုံကြည်ရကြောင်း ဘရောင်းတက္ကသိုလ် တည်ရှိရာ ပရိုဗီဒန့်စ်မြို့ရဲ့ ရဲတပ်ဖွဲ့ အကြီးအကဲ အော်စကာ ပီရက်ဇ်က ပြောပါတယ်။

Public Service Announcement
ဗလန်တေးဟာ ဘရောင်းတက္ကသိုလ်နဲ့ MIT ပါမောက္ခကို ပစ်ခတ်မှု ဖြစ်စဉ်တွေရဲ့ တူညီတဲ့ တရားခံလို့ ယူဆရပေမယ့် အဲဒီကိစ္စနှစ်ခုကြား ဆက်နွှယ်တယ်လို့တော့ ရဲတွေက တရားဝင် မထုတ်ပြန်သေးပါဘူး။
သံသယ တရားခံဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်လို့ ပီရက်ဇ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ဗလန်တေးရဲ့ အလောင်းနားမှာ အိတ်တစ်လုံးနဲ့ သေနတ်နှစ်လက်ကိုလည်း ရဲတွေက ရှာတွေ့ခဲ့ပါတယ်။
ဗလန်တေးကို ထုတ်ပြန်ပြီး အဓိက သံသယရှိသူအဖြစ် ရဲတွေက ကြေညာခဲ့တဲ့နောက် သူ့ကို သတိပြုမိသူ တစ်ဦးက ပရိုဗီဒန့်စ် ရဲတပ်ဖွဲ့ဆီ ဆက်သွယ် သတင်းပေးခဲ့တယ်လို့ ရုဒ်အိုင်းလန်း ပြည်နယ် ရှေ့နေချုပ် ပီတာ နီရွန်ဟာက ပြောပါတယ်။ အဲဒီ သတင်းပေးမှုကနေ လိုက်လံစုံစမ်းရာက ကားတစ်စီးကို ခြေရာခံမိပြီး အဲဒီနောက် သံသယ တရားခံရဲ့ နာမည်ကို စပြီး စုံစမ်း သိရှိလာခဲ့တာ ဖြစ်ပါတယ်။
နီရွန်ဟာက ဗလန်တေးဟာ ကားလိုင်စင်ပြားတွေကို ပြောင်းလဲတပ်ဆင်ခဲ့ပြီး လုံခြုံရေး အရာရှိတွေကို ရှောင်တိမ်းဖို့ ကြိုးစားခဲ့တယ်လို့လည်း ပြောပါတယ်။
အခုပစ်ခတ်မှု ဖြစ်ပွားရတဲ့ နောက်ကွယ်က အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲလို့ ရဲတွေက ဆိုပါတယ်။
အစောပိုင်းတုန်းက သံသယ တရားခံအဖြစ် ယူဆရသူ တစ်ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း ပြည်နယ် ရှေ့နေချုပ်ရုံးက ကြေညာခဲ့ပေမယ့် နောက်တော့ မှားယွင်းဖမ်းဆီးမှုအဖြစ် လက်ခံပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရို (FBI) အကြီးအကဲ ကက်ရှ် ပက်တဲလ်ဟာ အဲဒီတုန်းက တရားခံကို ခပ်မြန်မြန် ဖမ်းမိခဲ့တယ်လို့ လူမှုကွန်ရက်ပေါ်မှာ အောင်ပွဲခံခဲ့ပြီး သူ့အေဂျင်စီရဲ့ စွမ်းဆောင်ရည်ကို ကြွားဝါခဲ့ပေမယ့် လူမှားဖမ်းခဲ့တာဖြစ်ကြောင်း သိရှိလာရချိန်မှာ အတော်လေး ဝေဖန်ခံခဲ့ရပါတယ်။
ကိုးကား: Guardian


















































