Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရှေ့အလယ်ပိုင်းအနှံ့ အမေရိကန် စစ်ရေးပစ်မှတ်တွေကို အီရန် အရှိန်မြှင့် တိုက်ခိုက်

အမေရိကန်နဲ့ အစ္စရေး ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့နောက် နှစ်ရက်ကြာပြီးချိန်မှာ အရှေ့အလယ်ပိုင်း ဒေသအနှံ့က အမေရိကန် စစ်စခန်းတွေနဲ့ အစ္စရေး စစ်ရေးပစ်မှတ်တွေဟာလည်း အီရန်ရဲ့ အပြင်း အထန် လက်တုံ့ပြန်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။

မတ် – ၂ ၊၂၀၂၆

အမေရိကန်နဲ့ အစ္စရေး ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့နောက် နှစ်ရက်ကြာပြီးချိန်မှာ အရှေ့အလယ်ပိုင်း ဒေသအနှံ့က အမေရိကန် စစ်စခန်းတွေနဲ့ အစ္စရေး စစ်ရေးပစ်မှတ်တွေဟာလည်း အီရန်ရဲ့ အပြင်း အထန် လက်တုံ့ပြန်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။

စစ်ပွဲ ဒုတိယနေ့ဖြစ်တဲ့ မတ်လ ၁ ရက်နေ့မှာ အမေရိကန် စစ်သည် ၃ ဦိး သေဆုံးကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့သလို အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ အမေရိကန် စစ်စခန်းတွေကို လက်ခံပေးထားတဲ့ အိမ်ရှင် အာရပ်နိုင်ငံတွေကလည်း အီရန်ရဲ့ ဒေါသတကြီး လက်တုံ့ပြန်မှုတွေကို ကြိုးစားပြီး ဟန့်တားနေရပါတယ်။

လွန်ခဲ့တဲ့ နှစ်ရက်အတွင်း အီရန်ရဲ့ တိုက်ခိုက်မှုတွေကို ခံခဲ့ရတဲ့ထဲမှာ ကာတာ၊ ဘာရိန်း၊ ကူဝိတ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)၊ အီရတ်နဲ့ ဂျော်ဒန်နိုင်ငံတွေလည်း ပါဝင်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် စစ်ရေးဗဟို ကွပ်ကဲမှုဌာန (CENTCOM)က ကာတာမှာရှိပြီး အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ အမေရိကန်ရဲ့ အကြီးဆုံး စစ်စခန်းဖြစ်တဲ့ အယ်လ်ယူဒိဒ် လေတပ်စခန်းဟာ အီရန်က ပစ်လွှတ်လိုက်တဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေကို ကြားဖြတ် ပစ်ချနေရကြောင်း အတည်ပြုခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာတော့ ဘာရိန်းနိုင်ငံမှာ အခြေစိုက်တဲ့ အမေရိကန် အမှတ် ၅ ရေတပ်မကြီးရဲ့ ဌာနချုပ် စခန်းဟာ အီရန်ဒုံးကျည် ထိမှန်ပြီး အပျက်အစီးတချို့ ရှိခဲ့ကြောင်း သိရပါတယ်။

ကူဝိတ်မှာရှိတဲ့ အလီအယ်လ်ဆာလမ် လေတပ်စခန်းဟာလည်း အီရန် ဒုံးကျည်နဲ့ ဒရုန်းတွေ ကျရောက် ပေါက်ကွဲတာကို ခံခဲ့ရပြီး အမေရိကန် စစ်သည် ၃ ဦး သေဆုံးမှုဟာ အဲဒီစခန်းမှာ ရှိနေတဲ့ အမှုထမ်းတွေလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ နောက်ပြီး အမေရိကန်နဲ့ ကူဝိတ် တပ်ဖွဲ့ဝင်တချို့လည်း ဒဏ်ရာတွေ ရခဲ့ပါတယ်။

အီရန်က ဒုံးကျည်တွေ အုံနဲ့ကျင်းနဲ့ ပစ်လွှတ်ခဲ့တဲ့နောက် ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့တော်နားက အယ်လ်ဒါဖရာ လေတပ်စခန်းတဝိုက်မှာလည်း ဆူညံတဲ့ ပေါက်ကွဲသံတွေ ကြားခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

အီရတ်ပိုင်နက်ထဲမှာတော့ အမေရိကန်တပ်တွေ ရှိနေတဲ့ အိန်းအယ်လ်အာဆတ်နဲ့ အာဘီလ် လေတပ်စခန်း နှစ်ခုဟာ အီရန်ရဲ့ အငြှိုးတကြီး ပစ်မှတ်ထားမှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။

အာဘီလ်မှာတော့ အစ္စရေး ထောက်လှမ်းရေးဌာန မော့ဆက်ဒ်ရဲ့ အခြေ စိုက်စခန်းတစ်ခုကို ဖျက်ဆီးဖို့ အဓိက ဦးတည်ပြီး တိုက်ခိုက်ခဲ့ကြောင်း အီရန်က ကြေညာထားပါတယ်။

ဂျော်ဒန်မှာတော့ အမေရိကန်ရဲ့ အင်အားကြီး လေတပ်တစ်ခု အခြေစိုက်ထားတဲ့ မူဝက်ဖက်အယ်လ် ဆာလ်တီ လေဆိပ်ဟာ အီရန်ရဲ့ အဓိက ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီး အီရန် ဒုံးကျည် အများအပြားကို အမေရိကန်နဲ့ ဂျော်ဒန် လေကြောင်းကာကွယ်ရေး စနစ်တွေက ဟန့်တား ပစ်ချနိုင်ခဲ့ပါတယ်။

စစ်ပွဲကို စတင်ခဲ့ပြီး အီရန်ရဲ့ အစဉ်အလာ ရန်ဘက်ကြီးဖြစ်တဲ့ အစ္စရေးမှာတော့ ဂျေရုဆလင်၊ တဲလ်အဗစ်ဗ်တို့လို မြို့ကြီးတွေ အပါအဝင် နိုင်ငံအနှံ့မှာ လေကြောင်းအန္တရာယ် အချက်ပေး ဥဩသံတွေ မြည်ဟည်းနေခဲ့ပါတယ်။ မတ်လ ၁ ရက်နေ့ကတော့ ဘိတ်ရှီမတ်ထ်မှာ ရှိနေတဲ့ ဂျူးဘုရားကျောင်း တစ်ခုမှာ ဖွင့်လှစ်ထားတဲ့ ဗုံးခိုဘန်ကာကို အီရန်ဒုံးကျည်က တည့်တည့်ထိမှန်ပြီး လူ ၉ ဦး သေဆုံးခဲ့ကြောင်း အစ္စရေးက ထုတ်ပြန်ပါတယ်။

အီရန်ဟာ အမေရိကန်နဲ့ အစ္စရေး ပစ်မှတ်တွေသာ မကဘဲ ဆိုက်ပရပ်စ်မှာ ရှိနေတဲ့ ဗြိတိန် လေတပ်စခန်း တစ်ခုကိုပါ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တဲ့နောက် ဗြိတိန်က အမေရိကန်နဲ့ ပူးပေါင်းပြီး ကြားဖြတ် ဟန့်တားခဲ့သလို တန်ပြန် စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့ကြောင်း ကြေညာပါတယ်။

ပြင်သစ်ကလည်း ယူအေအီးနိုင်ငံ၊ အဘူဒါဘီ လေဆိပ်မှာ ရှိနေတဲ့ ပြင်သစ် လေတပ်စခန်းမှာ ဒရုန်းတိုက်ခိုက်မှုကြောင့် လေယာဉ်ရုံတစ်ခု ထိမှန်ပေမယ့် ကြီးကြီးမားမား အပျက်အစီး မရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ အဲဒီနောက်မှာတော့ ပြင်သစ် ရေတပ်ဟာ Charles de Gaulle လေယာဉ်တင် သင်္ဘောကြီးကို ဘောလ်တစ် ပင်လယ်ဖက်ကနေ ပြန်ခေါ်ပြီး မြေထဲပင်လယ် အရှေ့ပိုင်း ရေပြင်ဆီ စေလွှတ်ထားကြောင်း သိရပါတယ်။

ကိုးကား- BBC, Stripes ၊ Anadolu Ajans

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စျေးတွေတက်လာတာကြောင့် အမေရိကန်လုပ် အဆင့်မြင့် တိုက်လေယာဉ်တွေကို မူလ လျာထားတာထက် အရေအတွက် လျှော့ပြီး ဝယ်ယူသွားမယ်လို့ ဆွစ်ဇာလန်က ကြေညာခဲ့ပါတယ်။

ဆောင်းပါး

ကမ္ဘာ့ရေနံရဲ့ ငါးပုံတပုံခန့်ကို သယ်ယူပို့ဆောင်နေရတဲ့ ဟောမုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့လိုက်ပါပြီ။ ဒီလိုပိတ်ဆို့လိုက်မှုဟာ မြန်မာနိုင်ငံအတွက် အဖက်ဖက်က ပြင်းထန်တဲ့ ထိုးနှက်ချက် ဖြစ်လာနိုင်ပါတယ်။

နိုင်ငံတကာ

အီရန် စစ်သင်္ဘောတစ်စီးကို အမေရိကန်ကတိုက်ခိုက် နှစ်မြှုပ်ခဲ့တဲ့နောက် အခြားအီရန် ရေတပ်သင်္ဘောတစ်စီးကို သီရိလင်္ကာက ကယ်ဆယ်ထားခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ပစ်မှတ် ရှာဖွေ ထောက်လှမ်းမှုတွေအတွက် အီရန်ကို ရုရှားက အကူအညီ ပေးနေကြောင်း သတင်းတွေအပေါ် မစိုးရိမ်ဘူးလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။