နှောင့်နှေးမှုတွေ ရှိခဲ့ပေမယ့် အမေရိကန်ဆီက မှာယူထားတဲ့ F-16 တိုက်လေယာဉ် အသစ်တွေဟာ အခုနှစ်ကစပြီး ရောက်ရှိလာတော့မယ်လို့ ထိုင်ဝမ်က ပြောပါတယ်။
F-16V အမျိုးအစား တိုက်လေယာဉ်အသစ်တွေ ထုတ်လုပ်မှုဟာ အင်ပြည့်အားပြည့် အဆင့်မျိုး ရောက်ရှိလာပြီး ၂၀၂၆ ခုနှစ်ထဲကစလို့ အသုတ်လောက် ရောက်ရှိလာနိုင်ကြောင်း မတ်လ ၂၁ ရက်နေ့မှာ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်ဝမ်ဟာ တရုတ်ရဲ့ စစ်ရေးအရ ခြိမ်းခြောက်မှုတွေနဲ့ အချိန်ပြည့် ရင်ဆိုင်နေရပြီး စစ်အင်အားကို ဖြည့်တင်းတည်ဆောက်ဖို့ အပူတပြင်း ကြိုးစားနေပါတယ်။ ထိုင်ဝမ်ရဲ့ စစ်လက်နက်တွေကို အမေရိကန်ဆီက အဓိက မှာယူတင်သွင်းပေမယ့် နှောင့်နှေး ကြန့်ကြာမှု ပြဿနာတွေကိုလည်း ရင်ဆိုင်နေရပါတယ်။
အမေရိကန်ဟာ Lockheed Martin ကုမ္ပဏီက ထုတ်လုပ်တဲ့ F-16 တိုက်လေယာဉ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ စုစုပေါင်း ဒေါ်လာ ၈ ဘီလီယံဖိုးကို ထိုင်ဝမ်ဆီ ရောင်းချဖို့ ၂၀၁၉ ခုနှစ်မှာ သဘောတူခဲ့ပါတယ်။ အဲဒီ အရောင်းအဝယ် အထမြောက်ရင် ထိုင်ဝမ်မှာ F-16 တိုက်လေယာဉ် အစီး ၂၀၀ ကျော်လောက်ထိ ပိုင်ဆိုင်လာမှာ ဖြစ်ပါတယ်။

Public Service Announcement
ဒါပေမဲ့ softwareပိုင်း ပြဿနာတွေ အပါအဝင် အမျိုးမျိုးသော အကြောင်းတွေကြောင့် F-16Vတွေ ထုတ်လုပ်မှုမှာ နှောင့်နှေး ကြန့်ကြာမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ထိုင်ဝမ်ဆီ တင်ပို့ဖို့ကလည်း မျှော်မှန်းကာလထက် နောက်ကျနေခဲ့ပါတယ်။
မတ်လ ၁၆ ရက်နေ့မှာတော့ ထိုင်ဝမ်ရဲ့ ဒုတိယ ကာကွယ်ရေးဝန်ကြီး ဆူဇူချိန်းနဲ့ လေတပ် ဒုတိယအကြီးအကဲ တိန့်ချွန်ယီတို့ နှစ်ဦးဟာ တောင်ပိုင်းကာရိုလိုင်းနား ပြည်နယ်ထဲက Lockheed Martinရဲ့ F-16V ထုတ်လုပ်ရေး စက်ရုံဆီ သွားရောက် လည်ပတ်ခဲ့ပြီး မှာယူထားတဲ့ တိုက်လေယာဉ်တွေ အပြီးသတ် တပ်ဆင်နေမှုကို ကြည့်ရှုခဲ့ကြောင်း ကာကွယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်လေယာဉ် အသစ်တွေ ပို့ဆောင်မှုကို အခုနှစ်မှာ စတင်မယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပေမယ့် အရေအတွက်၊ ရောက်လာမယ့်အချိန် အပါအဝင် အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။ အခုအခါ ထုတ်လုပ်မှု အဆင့်ဆင့်မှာ နှောင့်နှေးကြန့်ကြာမှု ဘာမှ မရှိတော့ဘဲ အဆိုင်းနှစ်ခုခွဲပြီး လေယာဉ်တွေကို တည်ဆောက်နေကြောင်း၊ Lockheed Martinဟာ အဲဒီအတွက် ဝန်ထမ်း ရာဂဏန်းလောက်ကို တာဝန်ပေး ခန့်အပ်ထားကြောင်း ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
F-16Vတွေဟာ အဆင့်မြှင့်တင်ထားပြီး ထိုင်ဝမ်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် အထူးပြု တည်ဆောက်ထားတဲ့ F-16 မျိုးကွဲတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ လေယာဉ်ရဲ့ စနစ်တွေနဲ့ ရင်းနှီးအသားကျအောင်၊ ပိုပြီး အဆင်ပြေအောင် ချိန်ညှိနိုင်အောင် အချိန်ယူဖို့လိုကြောင်း ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက မှတ်ချက်ပေးထားပါတယ်။
ထိုင်ဝမ်ဟာ လက်ရှိ ပိုင်ဆိုင်ထားပြီးသား F-16Aနဲ့B တိုက်လေယာဉ်တွေကိုလည်း F-16V အဆင့်အတန်းဆီ အဆင့်မြှင့်တင်နိုင်မယ့် အပိုဆောင်း စနစ်တွေနဲ့ ကိရိယာတွေကို Lockheed Martinဆီကနေ မှာယူထားပါတယ်။ F-16Vတွေမှာ အများကြီး ပိုအဆင့်မြင့်လာတဲ့ ပျံသန်းမှု ထိန်းချုပ်စနစ်၊ လက်နက်၊ ရေဒါတွေ တပ်ဆင်ထားပြီး J-20 ကိုယ်ပျောက်တိုက်လေယာဉ်တွေ အပါအဝင် တရုတ်လေတပ်ရဲ့ အဆင့်မြင့် တိုက်လေယာဉ်တွေကို တန်ပြန်နိုင်ဖို့ ထိုင်ဝမ်က မျှော်လင့်ထားပါတယ်။
ကိုးကား: Reuters


















































