ဘင်္ဂလားဒေ့ရှ် စစ်တပ်ရဲ့ စစ်ရေးပြ ချီတက်ပွဲ အခမ်းအနားဟာ တင်ဆက်ပုံ ညံ့ဖျင်းမှု၊ လက်နက်တွေရဲ့ အရောင်အဆင်းနဲ့ ပုံသဏ္ဍန်တွေကြောင့် အင်တာနက်မှာ လှောင်ပြောင်ခံနေရပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ မတ်လ ၂၆ ရက်နေ့က နိုင်ငံရဲ့ ၅၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို မြို့တော် ဒါကာမှာ ကျင်းပခဲ့ပါတယ်။ အဲဒီ အခမ်းအနားကို ဝန်ကြီးချုပ် တာရစ်ရာမန် အပါအဝင် အစိုးရ ထိပ်တန်းအရာရှိတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
အာရှတောင်ပိုင်း ဒေသတွင်း နိုင်ငံဟာ အဲဒီလို စစ်ရေးပြ အခမ်းအနားတွေကို မကျင်းပဘဲ ၁၈ နှစ်ကြာ ဆိုင်းငံ့ထားပြီးမှ တကျော့ပြန် ကျင်းပခဲ့တာပါ။ စစ်ရေးပြ ချီတက်ပွဲမှာ ခင်းကျင်းပြသခဲ့တဲ့ စစ်လက်နက်တွေကို ရုပ်မြင်သံကြားက ထုတ်လွှင့် ပြသချိန်မှာတော့ ဝေဖန်သံတွေ၊ လှောင်ပြောင်မှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဗီဒီယိုထဲမှာ ပါဝင်တဲ့ စစ်ရေးပြ ချီတက်ပွဲရဲ့ စီစဉ်ထားပုံတွေက ခမ်းနားမှု ကင်းမဲ့လွန်းကြောင်း ထောက်ပြမှုတွေ ရှိခဲ့သလို စစ်လက်နက်တွေကို ခင်းကျင်းပုံကလည်း ထည်ထည်ဝါဝါ မရှိဘူးလို့ ဆိုပါတယ်။ ဒုံးကျည်တွေနဲ့ တော်ပီဒိုတွေကို ထရပ်ကားတွေပေါ် တင်ဆောင်မောင်းနှင်လာချိန်မှာလည်း အဲဒီစစ်လက်နက်တွေကို ဆေးရောင်တောက်တောက်တွေ သုတ်လိမ်းထားတာ တွေ့ရပါတယ်။

Public Service Announcement
ဒါ့အပြင် လက်နက်တွေကို တင်ဆောင်လာတဲ့ ထရပ်ကားတွေကလည်း ခန့်ခန့်ထည်ထည် ရှိမနေတာကြောင့် ဟာသဉာဏ်ရွှင်တဲ့ လူမှုကွန်ရက် သုံးစွဲသူတွေက ရယ်စရာ မှတ်ချက်တွေ အမျိုးမျိုး ရေးသားနေခဲ့ကြပါတယ်။
တချို့က ဒုံးကျည်တွေက လေမှုတ်ရုပ်ကြီးတွေလားလို့ မေးခွန်းထုတ်ခဲ့သလို တချို့ကလည်း ဒုံးကျည်တွေကို ပလတ်စတစ်နဲ့ လုပ်လို့ရမှန်း အခုမှ သိတော့တယ်လို့ အရွှန်းဖောက်ကြပါတယ်။ ဝါးလုံးတွေကို ဆေးသုတ်ပြီး ထရပ်ကားနဲ့ သယ်လာတာလားလို့ မေးထားတဲ့ မှတ်ချက်မျိုးကိုလည်း တွေ့ခဲ့ရပါတယ်။
ထိပ်ဖူးမှာ အနီရဲရဲ ဆေးဆိုးထားတဲ့ ဒုံးကျည်ကို နှုတ်ခမ်းနီတောင့်လားလို့ တစ်ယောက်က မေးထားပါတယ်။ လွန်ခဲ့တဲ့ ၁၇ နှစ်စာ စုထားဆောင်းထားပြီးမှ ထုတ်ပြလာတဲ့ လက်နက်တွေက တကယ့်ကို အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုမှန်း မြင်သာစေပါတယ်လို့ တခြားတစ်ယောက်က အငေါ်တူးထားပါတယ်။
အခုစစ်ရေးပြပွဲ အခမ်းအနား စီစဉ်ပုံနဲ့ ပတ်သက်ပြီး အလှောင်ပြောင် ခံနေရပေမယ့် ဘင်္ဂလားဒေ့ရှ် စစ်တပ်ဟာ သရုပ်ပြ အခင်းအကျင်းတွေနဲ့ ပတ်သက်ရင် ဂုဏ်ယူစရာ မှတ်တမ်းတစ်ခုတော့ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ လလယ်တုန်းက နိုင်ငံရဲ့ ၅၄ နှစ်မြောက် အောင်ပွဲနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ လေထီးစစ်သား ၅၄ ဦးဟာ နိုင်ငံအလံတွေကို ယူဆောင်ပြီး လေထီးခုန်ခဲ့ကြပါတယ်။ အဲဒီလုပ်ရပ်ဟာ လူအများဆုံးနဲ့ အလံအများဆုံး ပါဝင်တဲ့ လေထီးခုန် သရုပ်ပြ စွမ်းဆောင်မှုအဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းမှာ ဖော်ပြခြင်း ခံခဲ့ရပါတယ်။
ကိုးကား: Sozoo Today


















































