Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗုံးကြဲတိုက်ခိုက်နိုင်တာကြောင့် အီရန်ပြည်သူတွေ ရထားမစီးဖို့ အစ္စရေး သတိပေး

အီရန်ပြည်သူတွေ အနေနဲ့ ရထားအသုံးပြုပြီး ခရီးသွားလာတာတွေ မလုပ်ကြဖို့ အစ္စရေး စစ်တပ်က သတိပေးထားပါတယ်။

ဓာတ်ပုံ - Reuters

အီရန်ပြည်သူတွေ အနေနဲ့ ရထားအသုံးပြုပြီး ခရီးသွားလာတာတွေ မလုပ်ကြဖို့ အစ္စရေး စစ်တပ်က သတိပေးထားပါတယ်။

အီရန် ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်မပေးရင် အီရန်ရဲ့ ဓာတ်အားပေး ကွန်ရက်တွေနဲ့ အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက် ဖျက်ဆီးပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရာဇသံပေးထားတဲ့ကာလ အဆုံးသတ်ဖို့ နီးကပ်လာချိန်မှာ အစ္စရေးက အခုလို သတိပေးချက် ထုတ်ပြန်လာခဲ့တာပါ။ အစ္စရေးဟာ အမေရိကန်နဲ့ ပူးပေါင်းပြီး အီရန်ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပါတယ်။

ဓာတ်ပုံ – Reuters

ဧပြီ ၇ ရက်နေ့ ကြေညာချက်မှာတော့ အီရန်နိုင်ငံသားတွေသာ ကိုယ့်အသက်ကိုယ် နှမြောရင် ရထားမစီးသင့်ဘူးလို့ အစ္စရေးက သတိပေးထားပါတယ်။ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ဖို့၊ ဒါမှမဟုတ် အမေရိကန် လက်ခံနိုင်လောက်တဲ့ ညှိနှိုင်းမှု ရလဒ်တစ်ခုခုကို သဘောတူဖို့ အီရန်ကို ထရမ့်က ရာဇသံပေး စောင့်ဆိုင်းနေတဲ့ ကာလဟာ ဧပြီ ၇ ရက်နေ့၊ ဝါရှင်တန် စံတော်ချိန် ည ၈း၀၀ နာရီမှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

အစ္စရေး စစ်တပ်က အီရန်ရဲ့ ဖာရ်စီ ဘာသာစကားကို အသုံးပြုပြီး လူမှုကွန်ရက်ပေါ် ရေးသားထားရာမှာတော့ အီရန် စံတော်ချိန် မနက် ၈း၅၀ နာရီကနေ ည ၉း၀၀ နာရီအတွင်း မီးရထား အသုံးပြုတာတွေကို အီရန်ပြည်သူတွေ အနေနဲ့ လုံခြုံရေးကြောင့် ရှောင်ကြဉ်သင့်တယ်လို့ ပါရှိခဲ့ပါတယ်။ ရထားလိုက်စီးနေတာ၊ ဒါမှမဟုတ် ရထားလမ်းတွေနားမှာ ရှိနေတာတွေက အသက်အန္တရာယ် ဖြစ်စေနိုင်တယ်လို့လည်း အစ္စရေးက ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

အရပ်သား ပြည်သူတွေ ပုံမှန်သွားလာ အသုံးပြုတဲ့ ရထားဘူတာတွေ၊ ရထားလမ်းပိုင်းတွေဟာ ဗုံးကြဲတိုက်ခိုက်မှုတွေ ခံရနိုင်ခြေ ရှိတယ်လို့ အစ္စရေး ထုတ်ပြန်ချက်ထဲမှာ အတိအလင်း သတိပေးထားခဲ့ပါတယ်။

အစောပိုင်းတုန်းက အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ထရမ့်က အီရန်သာ သဘောတူညီမှု တစ်ခုခုအတွက် ညှိနှိုင်းဖို့ လက်မခံဘူးဆိုရင် တစ်နိုင်ငံလုံးကို တစ်ညတည်းနဲ့အပြတ် ချေမှုန်းတာ ခံရနိုင်ကြောင်း ခြိမ်းခြောက် ပြောကြားသွားပါတယ်။

အီရန်ကတော့ အပစ်အခတ် ရပ်စဲပြီးမှ ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ထားပါတယ်။ ဒါ့အပြင် အမေရိကန်ဆီကိုလည်း တောင်းဆိုချက် ၁၀ ခုကို တန်ပြန် ပေးပို့ထားပါတယ်။ အီရန်ရဲ့ လိုလားချက်တွေကို သိရှိထားကြောင်း ထရမ့်က အသိအမှတ် ပြုပေမယ့် ကောင်းမွန်သင့်တော်တယ်လို့ မခံစားရကြောင်း ပြောပါတယ်။

အီရန်ရဲ့ တောင်းဆိုချက်တွေထဲမှာတော့ ယာယီ အပစ်ရပ်မယ့်အစား စစ်ပွဲကို တိုက်ရိုက် အဆုံးသတ်ဖို့ ဆိုတာလည်း ပါရှိပါတယ်။

ထရမ့်က အီရန်ရဲ့ အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ဗုံးကြဲ ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ထားတဲ့အပေါ် ဥပဒေ ပညာရှင်တွေ၊ ရှေ့နေတွေက ရှုတ်ချထားပြီး ပြည်သူလူထုအပေါ် သက်ရောက်ထိခိုက်မယ့် တိုက်ခိုက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဟာ စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့ ဝေဖန်ထားကြပါတယ်။

ဧပြီ ၇ ရက်နေ့ထိ အမေရိကန်နဲ့ အီရန်တို့ကြား စေ့စပ်ညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်နေပေမယ့်လည်း တိုးတက်မှု အလားအလာကတော့ အရမ်းနည်းပါးနေဆဲလို့လည်း သိရပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။

ဆောင်းပါး

"The White Balloon ကို ခံစားခြင်း"

နိုင်ငံတကာ

သိမ်းဆည်းရမိတဲ့ အမေရိကန် မောင်းသူမဲ့ ရေငုပ်သင်္ဘော (ဒရုန်း)ကို အီရန်က နည်းပညာပိုင်း ခွဲခြမ်းလေ့လာပြီး ကိုယ်တိုင်တုပ တည်ဆောက်တာမျိုး လုပ်လာနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ကြားဖြတ် သိမ်းယူနိုင်ခဲ့တယ်ဆိုတဲ့ အမေရိကန် ဒရုန်း ရေငုပ်သင်္ဘောကို အီရန်က ထုတ်ပြခဲ့ပါတယ်။