Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ငြိမ်းချမ်းရေး ဆွေးနွေးချိန်မှာ အမေရိကန်ကို မကစားဖို့ အီရန်ကို ဗန့်စ်သတိပေး

ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ အမေရိကန်ကို မကစားဖို့ အီရန်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က သတိပေးခဲ့ပါတယ်။

ဓာတ်ပုံ - Getty

ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ အမေရိကန်ကို မကစားဖို့ အီရန်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က သတိပေးခဲ့ပါတယ်။

သူဟာ ဧပြီ ၁၁ ရက်မှာ စတင်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ အီရန်ဖက်က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံနိုင်ဖို့ ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့ဆီ မထွက်ခွာခင်မှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အီရန် ကိုယ်စားလှယ် အဖွဲ့ကတော့ ပါကစ္စတန်ရဲ့ မြို့တော်ဆီ ကြိုတင် ရောက်ရှိနေပြီ ဖြစ်ပါတယ်။

အစောပိုင်းမှာ အီရန်အစိုးရက အမေရိကန်ရဲ့ မဟာမိတ် အစ္စရေးက လက်ဘနွန်မှာ ဗုံးကြဲနေတာတွေ မရပ်မချင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို စမှာမဟုတ်ဘူးလို့ သတိပေးခဲ့ပါသေးတယ်။ အစ္စရေးဟာ အီရန်မှာ အပစ်ရပ်ထားပေမယ့် လက်ဘနွန် အခြေစိုက် အီရန် မဟာမိတ် ပြောက်ကျားတွေဖြစ်တဲ့ ဟစ်ဇ်ဘိုလာတွေကို ဆက်လက် တိုက်ခိုက်နေခဲ့တာပါ။

ဗန့်စ်က သူနဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဟာ မှန်မှန်ကန်ကန် လေးလေးနက်နက် ညှိနှိုင်းဖို့ ရည်ရွယ်ထားကြောင်း၊ အပေါင်းလက္ခဏာဆန်တဲ့ ရလဒ်တွေ ထွက်လာမယ်လို့လည်း မျှော်လင့်ကြောင်း၊ အီရန်ဖက်က ယုံကြည်မှု ရှိရှိနဲ့ ညှိနှိုင်းလိုတယ်ဆိုရင် အမေရိကန်ကလည်း လက်ကမ်းထားမှာဖြစ်ကြောင်း Air Force 2 ဒုတိယ သမ္မတ စီးတော်လေယာဉ်ပေါ် မတက်ခင်မှာ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အီရန်အနေနဲ့ အမေရိကန်ကို လာမကစားဖို့တော့ လိုကြောင်း၊ ဒါမျိုး စမ်းကြည့်မယ် ဆိုရင်တော့ အမေရိကန် ညှိနှိုင်းရေး အဖွဲ့က လက်ခံမှာ မဟုတ်မှန်း သေချာ သိသွားမှာဖြစ်ကြောင်း သူက ဆိုပါတယ်။

အီရန်နဲ့ ဆွေးနွေးပွဲမှာ အဆင်မပြေခဲ့ရင် အမေရိကန်မှာ အရန်အစီအစဉ်တွေ ရှိသလားလို့ သတင်းထောက်တွေက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို မေးမြန်းခဲ့တဲ့အခါ ထရမ့်က အရန် အစီအစဉ်ဆိုတာ လိုအပ်မှာ မဟုတ်ပါဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ အီရန် စစ်တပ်ဟာ မရှိသလောက် အခြေအနေထိ ရှုံးနိမ့် ပျက်ပြယ်သွားကြောင်း၊ အီရန်ရဲ့ ကဏ္ဍပေါင်းစုံကိုလည်း အရမ်း ဆုတ်ယုတ်သွားအောင် ထိုးနှက်ထားပြီးဖြစ်ကြောင်း သူက ဆိုပါတယ်။

သူက ပါကစ္စတန်ကို သွားရောက်တဲ့ ဗန့်စ်ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့အတွက် ကံကောင်းပါစေလို့ ဆုတောင်းပေးကြောင်းလည်း ပြောပါတယ်။ ဗန့်စ်ဟာ တကယ့် ကိစ္စကြီးတွေကို ကိုင်တွယ်နိုင်သူ တစ်ဦးဖြစ်တယ်လို့လည်း ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။

သူက အီရန် သဘောတူတူ မတူတူ ဟောမုဇ် ရေလက်ကြားက ကျိန်းသေပေါက် ပြန်ပွင့်လာစေမယ်လို့လည်း အခိုင်အမာ ပြောကြားခဲ့ပြီး အဲဒီ ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောတွေကို အီရန်က ငွေကြေးကောက်ခံမယ့် ကိစ္စကိုလည်း လုံးဝ လက်မခံနိုင်ကြောင်း ဆိုပါတယ်။

ဟောမုဇ်ဟာ အီရန်ကမ်းလွန်မှာ တည်ရှိပြီး ကမ္ဘာ့ရေနံ တင်ပို့မှုမှာ အရေးအပါဆုံး ရေလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့က စတင်တိုက်ခိုက်ခဲ့တဲ့နောက် အီရန်ဟာ အဲဒီ ရေလက်ကြားကို ပိတ်ပင်ခဲ့ပြီး တစ်ကမ္ဘာလုံးမှာ စွမ်းအင်အကျပ်အတည်းတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ သီတင်းနှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲထားချိန်မှာတော့ ဟောမုဇ်ကို ပြန်ဖွင့်ပေးထားဖို့ အီရန်က သဘောတူထားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။